ကြီးကြီးလား သေးသေးလား

မှတ်မိကြမယ်ထင်ပါတယ် ကျွန်တော်တို့တွေက ကလေးဘဝထဲက မုန့်(၂)ခုချထားရင် ကြီးတယ်ထင်တာကိုသာ လိုချင်ကြတာ။ တစ်ခုခုဆိုလဲ ကောင်းတာတွေများဆိုရင် ကြီးမှ များမှလိုချင်တတ်ကြသေးတာမျိုး။ မွေးဖွားလာကတည်းကလေ သင်ပေးစရာမလိုဘူး ကလေးထဲက တတ်တယ် လောဘနဲ့ဒေါသနဲ့ပေါ့။ ကြီးလာတော့ရောဆိုပြန်တော့လဲ တခါတလေမသိသာပေမယ့် ကိုယ်ကြိုက်တာဆို ကြီးတာရွေးတာမျိုး ထားပါတော့ သရင်သီးဝယ်တာဖြစ်စေ မုန့်တို့ပေါ့လေ။
ဒါကသိပ်တော့အရေးမကြီးသေးဘူးပဲ။ တခါတခါကျပြန်တော့လဲ ကိုယ်ကဘုရားကျောင်းကို အသီးရွေးဝယ်သလို ရွေးကြသေးတာ။ မသိရင် ဘုရားကျောင်းက သင်းအုပ်ဆရာက အသီးသည်ကြီးပေါ့လေ အသင်းသားတွေက ဈေးဗန်းထဲက အသီးတွေပေါ့။ အသီးများပြီး ကြီးတာကိုမှ ရွေးဝယ်သလို ဘုရားကျောင်းကြီးပြီး လူများမှသွားချင်ကြတာမျိုး။ အသင်းတော်သေးသေး လူကနည်းနည်းဆို ဘုရားကအားငယ်သလို၊ သိပ်မစွမ်းသလို၊ အသင်းတော်ကြီးရင် လူများရင်တော့ ပိုစွမ်းတယ်ပေါ့ ဒါမျိုးက လုပ်သေးတာ။ ငါကလူများမှ ဘုရားကျောင်းကြီးမှ သွားချင်တာ အံမယ် လုပ်သေးတာ အဲ့ဒါမှ ဝိညာဥ်တော်တို့ထိတာဘုရားစကားပြောတာဆိုပဲ။ ဘုရားကလဲ လူများရာ အသင်းတော်ကြီးရာကိုမှ ဘက်လိုက်တယ်ထင်ရပါ့။ သူ့အလှည့်ကျမှ ဘုရားကျောင်းတွေမှာ ပိုကြီးပိုသီး ပိုကိတ်ဖို့ မြန်မာ့ဩဘာ သုံးရမလိုဖြစ်နေရော။
ကျွန်တော်တို့က မြင်ရတဲ့ လူများခြင်း၊ အသင်းတော်ကြီးခြင်းကို ဘာသာရေးဆန်ဆန် သွားချင်တာလား၊ ဘုရားဝတ်ပြုချင်တာလား၊ ဆင်ခြင်ကြည့်ဖို့ဖြစ်တယ်။ ဘုရားရှိခိုးချင်လို့ဘုရားကျောင်းသွားတယ် ဟုတ်ပြီ ဒါဆို ကြီးတာသေးတာ၊ လူများတာမများတာ နဲ့သက်ဆိုင်သလား။ နောက်တစ်ခု ဘုရားရဲ့တတ်နိုင်ခြင်းက ကြီးခြင်းသေးခြင်း၊ လူများခြင်းမများခြင်းနဲ့မဆိုင်ဘူးဖြစ်တယ် သင်တစ်ယောက်ထဲရှိလဲ ဒီဘုရားက အတူတူပဲဆိုတာနားလည်ဖို့လိုအပ်ပါတယ်။ အရက်သောက်တဲ့သူက အရက်သောက်ရဖို့သာ အဓိကကျတယ်၊ ဆေးချတဲ့သူက ဆေးချရဖို့၊ ဆေးလိပ်သောက်တဲ့သူက ဆေးလိပ်သောက်ရဖို့ပဲ အရေးကြီးတယ် နေရာတွေ လူတွေ သိပ်ကရုစိုက်နေတာမဟုတ်ဘူးဆိုတာ ကြည့်ရင် သိရင် ဘုရားသားသမီးက ဘုရားနဲ့မိသဟာရဖွဲ့ဖို့ ဝတ်ပြုကိုးကွယ်ခြင်းသွားမယ် ဘုရားရှိခိုးမယ် ဒါကသာ အရေးကြီးတာမဟုတ်ပေဘူးလား။
ဒါ့ကြောင့် မိတ်ဆွေ ကြီးကြီးလား သေးသေးလား၊ ကြီးကြီးသေးသေးတွေ ဘေးဖယ်ကာ လူများများ မများများ ဆိုတာတွေဘေးချိတ်လို့ ဘုရားကိုသာ နံဝိညာဥ်နှင့်၎င်းသစ္စာနှင့်၎င်း ကိုးကွယ်ကြပါစို့လို့ အနည်းငယ်တိုက်တွန်းဝေမျှချင်ပါတယ်။
ရှင်ယောဟန်ခရစ်ဝင် ၄:၂၄
ဘုရားသခင်သည် နံဝိညာဉ်ဖြစ်တော်မူ၏။ ဘုရားသခင်ကို ကိုးကွယ်သောသူတို့သည်၊ နံဝိညာဉ်နှင့် ၎င်း၊ သစ္စာနှင့်၎င်း ကိုးကွယ်ရမည်ဟု မိန့်တော်မူ၏။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi