မြင်တတ်ပါစေ
"Hotel Transylvania 4" ကာတွန်း၏ ဇာတ်ဝင်ခန်းတစ်ခုတွင် ဂျွန်နီမှ ဒရက်အားပြောသောစကားသည် ဆင်ခြင်စရာတစ်ခုဖြစ်ခဲ့သည်။
"အဆိုးဆုံးအရာတွေကိုသာ မြင်လွန်းတော့ အကောင်းဆုံးအရာတွေကို လွတ်သွားခဲ့တယ်" "Marshmallow" အားမီးရှို့ရင်း အပြင်မှ မဲတူး မီးကျွမ်းနေသော်လည်း အထဲမှ နူးညံ့စွာထွက်လာသည့် အဖြူရောင်အနှစ်အား ခွဲပြကာ သူ၏သရုပ်ပြခြင်းသည် ဤစာတစ်ပုဒ်အား ပေါ်ပေါက်လာစေခဲ့တော့သည်။
ဖြစ်ချင်တာ မဖြစ်၊ လိုချင်တာ မရ၊ လုပ်ချင်တာ မလုပ်ရ စသဖြင့် လူတိုင်းလူတိုင်း ကြုံတွေ့ခံစားခဲ့ဖူးကြပေဦးမည်မှာ မြေကြီးလက်ခပ်မလွဲပေ ...
ထိုနည်းတူ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့တွင် မရှိသည့်အရာအပေါ်၌ အာရုံစိုက်လွန်းသည့်အခါတွင် ရှိနေသည့်အရာများအား လစ်လျှူရှုခဲ့မိကြသည်။ မရှိသည်ကိုသာ လိုချင်သည့်အခိုက်အတန့်၊ မရသည်ကိုသာ အားမလိုအားမရဖြစ်ကာ စိတ်ပျက်၊ စိတ်ညစ်ခဲ့ကြဖူးမည်ထင်ပါသည်။
တစ်ခုကိုသာမြင်၍ နှစ်ခုသုံးခု လွတ်သွားသည့် အခိုက်အတန့်၊ အရာတစ်ခုနောက်သာ လိုက်ရင်း အချိန်ကုန် လူပန်းဖြစ်မှသာ နောက်တွင်ကျန်ခဲ့သောအရာများအား သို့တည်းမဟုတ် ဆုံးရှုံးသွားပြီမှသာ သတိရနေမိခြင်းတို့သည် ပြန်လည်တွေးတိုင်းလည်း ခံစားမိကောင်း ခံစားမိကြလိမ့်မည်။ ယခုကာလတွင် သာ၍ပင်ဆိုးချေဦးတော့မည်။
ရှင်မဿဲခရစ်ဝင် ၆:၃၄
ထို့ကြောင့် နက်ဖြန်အဘို့ မစိုးရိမ်ကြနှင့်။ နက်ဖြန်နေ့သည် မိမိအဘို့စိုးရိမ်လိမ့်မည်။ ယခုနေ့၌ရှိသော မကောင်းမသင့်သောအရာသည် ယခုနေ့ဘို့ လောက်ပေ၏။
ကိုယ့်မှာမရှိသည့် အရာဝတ္ထုတစ်ခုနောက်ကိုလိုက်ရင်း ကိုယ့်မှာရှိသည့် ကျန်းမာခြင်း၊ မိသားစု၊ မိတ်ဆွေများအား မေ့လျော့နေပါသလား ...
အဆင်မပြေခြင်းနှင့် မကောင်းမသင့်ခြင်းများကိုသာ အာရုံစိုက်လွန်းမိကာ ဒရက်ကဲ့သို့ အကောင်းဆုံးသောအရာများကို လွဲချော်နေပါသလား မိတ်ဆွေ။
ယနေ့ ဘာတွေကများ ကျွန်ုပ်တို့အား အတင်းမောင်းနှင်စေပါသလဲ ...
ယနေ့ ဘာတွေကများ ကျွန်ုပ်တို့အပေါ်၌ ဘုရားသခင်၏ ကောင်းမြတ်ခြင်းကို မမြင်စေနိုင်လောက်အောင် လွဲချော်သွားစေပါသလဲ ...
ယနေ့ ဘာတွေကများ ကျွန်ုပ်တို့အား ကောင်းသည့်အရာများကို လွဲချော်သွားစေပါသလဲ ...
"ယခုနေ့၌ရှိသော မကောင်းမသင့်သောအရာသည် ယခုနေ့ဘို့ လောက်ပေ၏" ဆိုသည်အတိုင်း ဆင်ခြင်ရင်း "Marshmallow" ၏ အပြင်မှ မီးကျွမ်း၍ တူးသောအရာများအား ဖယ်ရှားကာ အတွင်းထဲ၌ရှိသည့် နူးညံ့၍ ချိုပြီးအရာသာရှိသော အပိုင်းများကို မြင်တတ်သူများဖြစ်ကြပါစို့လား ...
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet