December 23, 2024

ပဋိပက္ခ - ၂၃

လျှာဟူသည်သေးငယ်သော အစိတ်အပိုင်းဖြစ်သော်လည်း ထိုလျှာကြောင့် သပွတ်အူပမာ ပဋိပက္ခများဖြစ်ရခြင်း၊ မိတ်ပျက်ရခြင်း၊ ပျက်ဆီးဆုံးရှုံးခြင်းများဖြစ်ရခြင်း စသဖြင့် အနှုတ်လက္ခဏာဘက်သို့ ရောက်ရှိစေသကဲ့သို့ ထိုလျှာကြောင့်ပင်လျှင် စိတ်နှလုံးသက်သာစေခြင်း၊ အနာကိုပင်ပျောက်စေခြင်း၊ ရွှင်လန်းစေရခြင်းကဲ့သို့သော အပေါင်းလက္ခဏာဘက်သို့လည်း ရောက်ရှိစေတတ်သည်ကို ကျွန်ုပ်တို့ အသိပင် ...

သို့သော်လည်း စိတ်နှလုံး၏ စေရာ၊ လျှာ၏ အုပ်ထိန်းမှုအောက်၌ မချုပ်တည်းနိုင်သဖြင့် သေစေတတ်သော အဆိပ်အတောက်ကို သွန်းလောင်းစေမိတတ်ကြပေသည်။ ယင်းအခြေအနေကြောင့် မီးကဲ့သို့လောင်မြိုက်သော မိမိတို့၏ လျှာသည် ဖျက်ဆီးခြင်း၏ တရားခံအလား ပတ်ဝန်းကျင်တစ်ခုလုံးသို့ မှောင်မိုက်စေတတ်ပြီး ညစ်နွမ်းစေကာ လူတဖက်သားအား နာကျင်စေတတ်သော ရပ်ဝန်းတစ်ခုပေါ်ပေါက်လာစေတော့သည်။

ရှင်ယာကုပ်ဩဝါဒစာ ၃:၉
 ငါတို့သည်လျှာဖြင့် ခမည်းတော်ဘုရားသခင်ကို ကောင်းကြီးပေးတတ်ကြ၏။ ဘုရားသခင်၏ ပုံသဏ္ဌာန်တော်နှင့်အညီဖန်ဆင်းသော လူတို့ကို လျှာဖြင့်ကျိန်ဆဲတတ်ကြ၏။

ကျွန်ုပ်တို့သည် ထိုလျှာဖြင့် မိတ်ဆွေများအား နှုတ်ခွန်းဆက်ကြသကဲ့သို့ အဲဒီလျှာဖြင့်သာ ထိုမိတ်ဆွေအား ရန်တွေ့ပြောဆိုတတ်ကြသည်။ ထိုလျှာဖြင့် ချီးမွမ်းတတ်သည် ထိုလျှာဖြင့် ကောင်းကြီးပေးတတ်သည် သို့သော်လည်း ထိုလျှာဖြင့်သာ ဆဲဆိုကာ ကျိန်ဆဲတတ်ကြပြန်ပေသည်။ ထိုလျှာဖြင့် လူအများအား သတင်းမေးသကဲ့သို့ ထိုလျှာဖြင့်သာ လူအများအား အတင်းပြောကြပြန်ပေသည် မဟုတ်ပါလား ...

ဤသေးငယ်သောအစိတ်အပိုင်းသည် ကျွန်ုပ်တို့အား ကြီးစွာသော ပဋိပက္ခ သို့တည်းမဟုတ် ဆုံးရှုံးစေခြင်းကို ဖြစ်ပွားစေတတ်သည်မှာ အမှန်ပင်ဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ လျှာ သို့တည်းမဟုတ် စိတ်၏အလိုသို့လိုက်ကာ အတင်းပြောခြင်းများသည် သပွတ်အူပမာ ပဋိပက္ခများဖြစ်ရခြင်း၊ မိတ်ပျက်ရခြင်း၊ ပျက်ဆီးဆုံးရှုံးခြင်းများဖြစ်ရခြင်း စသဖြင့် အနှုတ်လက္ခဏာဘက်သို့ ရောက်ရှိစေသည်ကို သတိမူရင်း "နှုတ်တပါးတည်းအထဲက၊ ထောမနာချီးမွမ်းခြင်းနှင့် ကျိန်ဆဲခြင်းထွက်တတ်ပါသည်တကား" ဟူသည့် ရှင်ယာကုပ်၏ သတိပေးစကားကို ဆင်ခြင်နှလုံးသွင်းကြပါစို့လား ...

ဘုရားရှင်ဆက်လက်စကားပြောပါစေ။

#Titus_KyawNyi

Photo Crd: Internet

Previous Next