ဘုရားသခင်ကို ချီးမွမ်းခြင်း
ကျေးဇူးတော်ချီးမွမ်းသည်ဟု ကျွန်တော်တို့ပြောလေ့ပြောထရှိကြသည်။ မိသားစုတွေစု၍သော်လည်းကောင်း၊ ဧည့်သည်အချို့ကိုဖိတ်၍သော်လည်းကောင်း၊ မုန်းပဲသရေစာများဖြင့် ဧည့်ခံကျွေးမွေးကာ စည်းဝေးကြခြင်းလည်းဖြစ်ပေလိမ့်မည်။
မုန့်ပဲသရေစာပါသည်ဖြစ်စေ၊ ကြက်ပေါင်းတွေ ဝက်ပေါင်းတွေ ဘဲကင်တွေပါသည်ဖြစ်စေ၊ မုန့်စိမ်းပေါင်းလေးပဲဖြစ်စေဦးတော့ အဓိကရည်ရွယ်ခြင်းသည် မုန့်စားရန်မဟုတ်ချေ။ ထို့အတူ မိသားစုများသည်ဖြစ်စေ နည်းသည်ဖြစ်စေ၊ ဧည့်သည်ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ၊ ကျေးဇူးတော် ချီးမွမ်းခြင်းသည် ပျော်ပွဲစားခြင်းမဟုတ်သည်ကိုတော့ နားလည်ကြပေလိမ့်မည်။
ထို့ကြောင့် ဘုရားသခင်ကို ချီးမွမ်းခြင်းသည် အချိန်ကာလ၊ လူအနည်းအများ၊ မုန့်ပဲသရေစာ ကောင်းခြင်း ဆိုးခြင်းအပေါ် မမူတည်ဘူးမဟုတ်ပါလား။ "အသက်ရှိသောသူအပေါင်းတို့သည် ထာဝရဘုရားကို ချီးမွမ်းကြစေ" ဟု ကျမ်းစာလာသည်အတိုင်း ဘုရားသခင်ကို ချီးမွမ်းရန် မိတ်ဆွေ အသက်ရှိပါရဲ့လား။ မေးခွန်းကတော့ တစ်ခုတည်းဖြစ်ပေလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် အချိန်အခါ၊ နေ့ရက် အခါသမယတို့သည် ဘုရားသခင်အား ချီးမွမ်းရန် မတားဆီးထားနိုင်သလို၊ လူများ၊ အစားအသောက်များသည်လည်း တားဆီးပိတ်ပင်ခွင့် မရှိဘူးဟု ကျွန်ုပ်ခံစားမိပေသည်။
နေ့ရက်ကာလ၊ အချိန်နာရီ၊ အခြေအနေ၊ နေရာဒေသ၊ လူအမျိုးအစားမရွေးပဲ ဘုရားသခင်အားချီးမွမ်းခြင်းကို တမန်တော်ဝတ္တုတွင်လည်း တွေ့ရပေသည်။ ထိုသူတို့မှာ ပေါလုနှင့် သိလတို့ဖြစ်သည်။ အချိန်နာရီသည် သန်းခေါင်ယံအချိန်ဖြစ်သကဲ့သို့ သူတို့နှစ်ဦး၏ အခြေအနေသည် ရိုက်နှက်ခံထားရခြင်းကြောင့် နာကျင်ကိုက်ခဲနေကြမည်မှာ အမှန်ပင်ဖြစ်သည်။
အခြေအနေသည် ဒဏ်ရာများကြောင့် နာကျင်ကိုက်ခဲနေသည့်အခြေအနေ၊ အနေအထားသည် ဘုံဖျားတွင်မဟုတ်ဘဲ ထောင်နန်းစံနေရချိန်ဖြစ်ပေသည်။ အစားအသောက်မရှိသလို၊ လူများကိုကြည့်မည်ဆိုလျှင်လည်း အမျိုးမျိုးသော ထောင်သားများသာရှိမည်ဖြစ်သလို သူနှင့် သိလနှစ်ဦးတည်းသာ ချီးမွမ်းကြပါသည်။ သို့သော် ဘုရားသခင်အား ချီးမွမ်းခြင်းသည် အခြေအနေ၊ အနေအထား၊ အပေါ်ယံတွေထက် နှလုံးသားမှလာခြင်းသာဖြစ်ပေလိမ့်မည်မဟုတ်ပါလား။
တမန်တော်ဝထ္ထု ၁၆:၂၅
သန်းခေါင်အချိန်၌ ပေါလုနှင့်သိလတို့သည် ပဌနာပြု၍ ဘုရားသခင်ကို ချီးမွမ်းလျက်သီခြင်း ဆိုလေ၏။ ထောင်ထဲမှာ နှောင်ဖွဲ့ခြင်းကိုခံရသော သူတို့သည် နားထောင်ကြ၏။
ပေါလုနှင့်သိလတို့၏ ချီးမွမ်းခြင်းကြောင့် ထောင်တံခါးများပွင့်ခြင်း မပွင့်ခြင်း၏ နောက်ပိုင်းအကျိုးဆက်ကို မဆိုလိုပဲ သူတို့နှစ်ဦး၏ ဘုရားသခင်အားချီးမွမ်းသည့် စိတ်နှလုံးကိုသာ ဆင်ခြင်ကြည့်ခြင်းဖြစ်ပါသည်။ သူတို့သည် ထောင်တံခါး ပွင့်သည်ဖြစ်စေ၊ မပွင့်သည်ဖြစ်စေ ချီးမွမ်းမှာပဲဖြစ်သည်၊ ထို့အပြင် ပွင့်စေချင်၍ ချီးမွမ်းခြင်းလည်း မဟုတ်ပြန်ဘူးဟုတွေ့ရသည်။
ထို့ကြောင့် ချီးမွမ်းထိုက်သူကို ချီးမွမ်းခြင်း၊ ကိုးကွယ်ထိုက်သူကို ကိုးကွယ်ခြင်းဟု ထင်ရှားစွာ မြင်မိပါတော့သည်။ ကျွန်တော်တို့သည် ဘုရားသခင်အား ချီးမွမ်းခြင်းကို ပျော်ပွဲရွှင်ပွဲဟု မြင်နေမိသလား၊ အစားအသောက်၊ အခြေအနေ၊ လူအနည်းအများ၊ နေရာဒေသ၊ ကာလံဒေသံများကိုသာ ရွေးကာ ပြင်ဆင်နေမိပြီ ထင်နေမိပြီဆိုရင်ဖြင့် ပေါလုနှင့်သိလကို အတုယူကြပါစို့။ ဘုရားသခင်အား ချီးမွမ်းခြင်းသည် နေရာဒေသ၊ အချိန်နာရီ၊ အခြေအနေ၊ အစားအသောက်၊ လူများခြင်း နည်းခြင်းတို့အပေါ် လုံးဝလုံးဝ မမူတည်ပဲ စိတ်နှလုံးသာလျှင် အရေးကြီးသည်ဟုနားလည်ရပါသည်။ ထို့ကြောင့် "အသက်ရှိသောသူအပေါင်းတို့ ထာဝရဘုရားအား ချီးမွမ်းကြပါစို့" ...
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet