နှိမ့်ချသောအသက်တာရှိစေပါ
ထောင်လွှားတတ်သော သဘောရှိတတ်ကြသည်မှာ လူသားတို့၏ ဇာတိစိတ်သဘောတစ်ခုဖြစ်သည်။ လူသည် ဆင်းရဲသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ သူ့မာနနှင့်သူရှိကြသည်။ သူဌေးဖြစ်သူမှာလည်း သူ့ထောင်လွှားခြင်းတစ်မျိုးရှိတတ်ကြသလို ဆင်းရဲသားဖြစ်သူမှာလည်း သူ့မာနတစ်မျိုးလေးတော့ ရှိတတ်ကြစမြဲပင်ဖြစ်သည် မဟုတ်ပါလား။
ဒီနေ့ညမှာတော့ အမှတ်တမဲ့ ရုပ်ရှင်တစ်ခုထဲမှ သင်ယူစရာတစ်ချို့ကို ဆင်ခြင်မိလိုက်သည်။ မင်းသားဖြစ်သူသည် မိဘမဲ့ဖြစ်ခဲ့စဥ်တွင် ဆင်းရဲသော်လည်း မာနထောင်လွှားသည်။ တစ်နေ့မှာတော့ ချမ်းသာသော မိဘများကို ပြန်လည်ရှာတွေ့သွားတဲ့အခါမှာလည်း ချမ်းသာသွားသောကြောင့် ကောင်းစားသွားသဖြင့် သာ၍ မောက်မာလာသည်။
"အိတ်ဖောင်းရင် စိတ်ပြောင်းတယ်" ဟူသောစကားကိုကြားဖူးကြမယ်ထင်ပါတယ်။ လူတွေရဲ့စိတ်သဘောက မရှိစဥ်ကတစ်မျိုး ရှိလာရင်တစ်မျိုးဖြစ်တတ်ကြတယ်ဟု ဆိုတတ်ကြပါသည်။ မာနလေးပိုကြီးလာတယ်၊ ပိုမောက်မာတတ်လာတယ်၊ ထောင်လွှားတတ်လာတယ် ဒါတွေအကုန်လုံးကို သင်ပေးစရာမလိုပဲ သူ့အလိုလို စိတ်ကြီးဝင်ကာ ထောင်လွှားခြင်းကို ဖြစ်လာစေတာပဲ မဟုတ်ပါလား။
ထိုအရာများသည် ကျွန်ုပ်တို့ ယုံကြည်သူခရစ်ယာန်များနှင့် လားလားမျှမဆိုင်ပေ။ သခင်ယေရှုခရစ်တော်သည် နှိမ့်ချခြင်းကိုသာ ပုံသက်သေပြခဲ့သည်။ ထိုသခင်သည် သခင်ဖြစ်ရက်နဲ့၊ အရှင်ဘုရားဖြစ်ရက်နဲ့ပင် တပည့်တော်တို့၏ ခြေကိုဆေးပေးခဲ့သည်။ ထို့အတူ သူတို့ကိုလည်း အချင်းချင်းထိုသို့ ပြုစေရန် လမ်းညွှန်၍ ပုံသက်သေထူခဲ့သည် မဟုတ်ပါလား။
ရှင်ယောဟန်ခရစ်ဝင် ၁၃:၁၄
ငါသည် သခင်ဖြစ်လျက်၊ အရှင်ဘုရားလည်းဖြစ်လျက်နှင့် သင်တို့၏ခြေကိုဆေးလျှင် သင်တို့သည် အချင်းချင်းတို့၏ခြေကို ဆေးရကြမည်။
တနည်းဆိုသော် ခြေဆေးပေးခြင်းသည် နှိမ့်ချခြင်း၏ ပုံစံတစ်ခုဖြစ်သည်။ တစ်ယောက်အောက်တစ်ယောက် နှိမ့်ချခြင်းကို သခင်ယေရှုသင်ပေးခဲ့ခြင်းဖြစ်သည်။ လောကသဘောအရကြည့်လျှင်တော့ လူဆိုသည်မှာ မာနရှိသည်။ ဆင်းရဲသားဖြစ်စေ၊ သူဌေးဖြစ်စေ၊ ဈေးသည်ဖြစ်စေ၊ ပညာရှင်ဖြစ်စေ၊ တရားသူကြီးဖြစ်စေ၊ ဝန်ကြီးချုပ်ဖြစ်စေ၊ သမ္မတဖြစ်စေ၊ မည်သူမဆို သူ့မာနနှင့်သူ ရှိတတ်ကြသည်ဟုဆိုနိုင်သည်။ ထို့အတူ လူ့သဘောအရ ကိုယ့်ထက် ကြီးမြတ်သူ၊ ရာထူးကြီးသူ၊ ချမ်းသာသူ စသဖြင့်သော သူမျိုးတွေကိုတော့ နှိမ့်ချနိုင်ကြသလို၊ ထိုသို့ သာ၍ကြီးမြတ်သောသူတွေကို နှိမ့်ချရတာသည် အင်မတန်လွယ်နိုင်သည်။ ဒါပေမယ့် ကိုယ့်ထက် နိမ့်ကျသူ၊ ကိုယ့်လောက်မှ ပညာမတတ်သူ၊ ကိုယ့်လောက် မချမ်းသာသူ စသဖြင့်သော သူတွေကိုတော့ မိမိသည် နှိမ့်ချနိုင်ရန် အင်မတန်ခက်ခဲကြသလို မနှိမ့်ချနိုင်ကြသည်မှာလည်း လောကသဘောနှင့် ဇာတိသဘောပင်။
ခရစ်ယာန်တစ်ယောက်သည် နှိမ့်ချခြင်းမရှိ၊ ထောင်လွှားသောစိတ်သာရှိလျှင် အဘယ်သို့ အလင်းဖြစ်နိုင်မည်နည်း။ အိတ်ဖောင်းလျှင် စိတ်ပြောင်းသကဲ့သို့ အိတ်ကပ်ပေါ်မူတည်သော နှိမ့်ချခြင်းသည် အဘယ်အကျိုးရှိသနည်း။ နှိမ့်ချခြင်းသည် နိမ့်ကျခြင်းမဟုတ်ဘူးဆိုတာကိုတော့ သိထားရန်လိုအပ်သည်။ အချို့ကလည်း မိမိ၏ နှိမ့်ချလိုက်ခြင်းသည် နိမ့်ကျသွားမည်ကို စိုးရိမ်တတ်ကြသည်။ နှိမ့်ချလိုက်၍ နိမ့်ကျသွားသည်မဟုတ်သလို၊ နှိမ့်ချလိုက်၍ အရှက်ကွဲမည်မဟုတ်ပေ။
အချုပ်အားဖြင့်ဆိုရသော် ကျွန်ုပ်တို့ ယုံကြည်သူခရစ်ယာန်တစ်ယောက်သည် နှိမ့်ချခြင်းအသက်တာ ရှိရမည်။ ထိုနှိမ့်ချခြင်းသည် အိတ်ကပ်ပေါ် မမူတည်၊ ခရစ်တော်၌သာ တည်၏။ သခင်ယေရှုခရစ်တော်၏ ပုံသက်သေကောင်းများဖြစ်ကြသော ကျွန်ုပ်တို့ယုံကြည်သူ ခရစ်ယာန်များသည် အချင်းချင်းခြေကိုဆေးလျှက် ဤလောကတွင် ထွန်းလင်းသော အလင်းကိုဖြစ်စေကာ နှိမ့်ချတတ်သောသူများအဖြစ် ဆက်လက်၍ ရှေ့ဆက်ရမည့် အသက်တာကို ဆင်ခြင်လျှက် ပုံသက်သေကောင်းများဖြစ်ကြပါစို့ဟု အနည်းငယ် တိုက်တွန်းခွန်အားပေးချင်ပါတယ်။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet