တရားကိုနာရုံမျှသာမဟုတ်
ဘုရားတရားဟု ခရားရေလွှတ် တတွတ်တွတ် ရွတ်ဆိုရသည်မှာ လွယ်ပါသည်။ ထို့အတူပင် ဘုရားဟော တရားဒေသနာများကိုလည်း ပါးစပ်ပါလျှင် ပြောဆိုနိုင်ကြသည်။ လူတိုင်းလူတိုင်း သာလိကာအလား ကြက်တူရွေးနှုတ်တိုက် ပြောတတ်ဆိုတတ် ဟောတတ်ပြောတတ်ကြသည်။
သို့သော် ထိုသို့သောအရာများသည် အကာသာရှိပြီး အနှစ်မပါသော အဆံချောင်နေသည့်အရာများပင်ဖြစ်ချေသည်။ "ငါပြောသလိုလုပ် ငါလုပ်သလိုမလုပ်နဲ့၊ ငါပြောတာနားထောင် ငါလုပ်တာကို လိုက်မကြည့်နဲ့" စသည့် သဘောအတိုင်းပင် ပါးစပ်ကတော့ ဘုရားဘုရားနှင့် လက်ကတော့ ကားယားကားယားပင်မဟုတ်ပေဘူးလား။
တရားကို နာယူရုံသာမဟုတ်ပဲ နှလုံးသွင်းဖို့၊ လိုက်လျှောက်ကာ ကျင့်ကြံကြရန် နှုတ်ကပတ်တော်တွင်လည်း ဖော်ပြသည်။ သို့သော် လူသားတို့သည် နာယူခြင်းသာလုပ်ဆောင်၍ အနှစ်မရှိသော အဆံချောင်သည့်လူများကဲ့သို့ဖြစ်နေကြသူများလည်းရှိကြပေသည်။ ကြားသော်လည်း နှလုံးမသွင်းနိုင်၊ သိသော်လည်း မလိုက်လျှောက်နိုင်တတ်ကြပေ။
မုသာအကြောင်း နာယူထားသော်လည်း ...
မတရားမှုအကြောင်း နာယူထားသော်လည်း ...
မူးယစ်ခြင်းအကြောင်း နာယူထားသော်လည်း ...
အဓမ္မအမှုအကြောင်း နာယူထားသော်လည်း ...
သူတပါးအား နှိပ်စက်ခြင်း နာယူထားသော်လည်း ...
လူ့အသတ်သတ်ခြင်းအကြောင်း နာယူထားသော်လည်း ...
စသဖြင့် အမျိုးမျိုးသော တရားဒေသနာများကို နာယူထားကြသော်လည်း မကျင့်ကြံ မလိုက်လျှောက်ကြခြင်းသည် ဘုရားသခင်စိတ်တော်နှင့် မည်သို့မျှမတွေ့နိုင်ကြပါ။ သို့သော်လည်း ထို့သို့ဖြစ်နေကြသူများလည်း ရှိကြပေသည်။ တနည်းအားဖြင့်ဆိုရလျှင် ချစ်ခြင်းမေတ္တာအကြောင်းပြောနေသော်လည်း လူလူချင်းမချစ်နိုင်၊ တရားမျှတသောဘုရားဖြစ်ကြောင်း ပြောနေသော်လည်း ကိုယ်က မတရားမှု၌ပါနေခြင်း၊ ဓမ္မအကြောင်းပြောနေသော်လည်း အဓမ္မအရာကိုသာ လုပ်ဆောင်နေခြင်း၊ သနားညှာတာခြင်းအကြောင်းပြောနေသော်လည်း လုပ်ရပ်တို့သည် ညှာတာမှုကင်းမဲ့နေခြင်း စသည့်ဖြစ်ရပ်များသည် ဤလောကကြီးထဲတွင် များစွာဖြစ်လေ့ဖြစ်ထရှိသော အရာများဟုဆိုလျှင်လည်း မမှားချေ။
ရှင်ယာကုပ်ဩဝါဒစာ ၁:၂၂
ကိုယ်ကိုကိုယ်လှည့်ဖြား၍၊ နှုတ်ကပတ်တရားကို နာရုံမျှသာပြုသောသူမဟုတ်၊ တရားကိုကျင့်သောသူ ဖြစ်ကြလော့။
ထို့ကြောင့် ကျွန်ုပ်တို့ယုံကြည်သူများသည် ထိုအရာများကို ဆင်ခြင်ကာ တရားကိုနာရုံမျှသာမဟုတ်ပဲ တရားကိုကျင့်သောသူများဖြစ်ကြပါစို့။ ဘုရားတရားတို့ကိုလည်း ခရားရေလွှတ် တတွတ်တွတ်ပြောသူများမဟုတ်ပဲ အနှစ်ရှိသောသူများဖြစ်ကာ အဆံချောင်များမဖြစ်စေရန်လည်း သတိပြုဆင်ခြင်ရင်း ...
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet