ထိုကာလ၏အလွန်သို့
ကျွန်တော်သွားသုံးချောင်းနှုတ်ရန်ရှိရာတွင် တစ်ချောင်းသာလျှင် ခွဲထုတ်ရန်လိုအပ်သကဲ့သို့ ခက်ခဲမည်ဟုသိရသော်လည်း ကျန်နှစ်ချောင်းမှာ လွယ်ကူမည်ဟုသာသိထားခဲ့ပေသည်။ ပထမတစ်ချောင်းမှာ လွန်ခဲ့သောအပတ်တွင် ပြီးဆီးခဲ့၍ ယခုနေ့တွင် ချုပ်ရိုးဖြည်ကာ ကျန်နှစ်ချောင်းကို နှုတ်ရန်လုပ်ခဲ့သည်။
ဖြစ်စဥ်အကျဥ်းမှာ အပေါ်တစ်ချောင်းသည် လွယ်ကူမြန်ဆန်ကာ အောက်တစ်ချောင်းမှာ အရည်အိတ်ရှိနေ၍ လိုအပ်လျှင် ခြစ်ထုတ်ရနိုင်သဖြင့် ပိုခက်၍ ပိုကြာနိုင်သည်ဟု ထင်သော်လည်း ဗြောင်းပြန်ဖြစ်နေခဲ့ပေသည်။ ပထမနေ့တွင် ထုံဆေးပြယ်လျှင် နာမည်ဟုထင်ရသော်လည်း မနာခဲ့ပါ သို့သော် ယခုတွင် မနာဘူးဟုထင်ခဲ့သော်လည်း နာခဲ့သည်။ ထို့အပြင် လုံးဝမထင်မှတ်ထားခဲ့သည်မှာ နှစ်ချောင်းလုံးကို နှုတ်ပြီးနောက်တွင် ပြန်လည်ချုပ်ခဲ့ရပေသည်။ ကျေးဇူးတော်ကြောင့် အားလုံးအဆင်ပြေခဲ့သည်။ တခါတလေ ဘဝတွင် မမျှော်လင့်မိသောအရာများလည်း ဖြစ်တတ်ပါသည်။ လွယ်မည်ထင်ထားသောအရာက ခက်၍ ခက်မည်ဟုထင်သောအရာကလည်း လွယ်နေတတ်ပြန်သည်မဟုတ်ပါလား။
ခေတ်ကာလအခြေအနေများကို ကြည့်ရရင်လည်း ခဲယဥ်းပါသည်၊ ဆိုးယုတ်ပါသည်။ ရင်ဆိုင်ရသော အခြေအနေများ၊ ကြုံတွေ့ရသော အခက်အခဲများ၊ မမြင်ချင်သည့် မြင်ကွင်းများ၊ မဖြစ်ချင်သည့် အဖြစ်အပျက်များ၊ မကြားချင်သော သတင်းများ စသည့် မြောက်များစွာသောမမျှော်လင့်ထားသည့် အရာများ၊ မမျှော်လင့်ထားသော မြင်ကွင်းများနှင့် အခြေအနေများကိုသာ လက်ရှိတွင်လည်း ရင်ဆိုင်ကောင်း ရင်ဆိုင်နေရပါလိမ့်မည်၊ ကြုံတွေ့ကောင်းလည်း ကြုံတွေ့နေရပါလိမ့်မည်။ အထင်နှင့် လွဲနေသောအရာများ၊ လွယ်ကူမည်ထင်သော အရာများ၊ ခက်ခဲမည်ထင်သောအရာများသည် ဗြောင်းပြန်ဖြစ်ကာ မမျှော်လင့်ထားခြင်းတွေကိုသာ ဖြစ်ကောင်းဖြစ်နေတတ်ပါသည်မဟုတ်ပါလား။
ထိုကဲ့သို့သော မမျှော်လင့်ထားသည့်အရာများကို ကြုံတွေ့ရင်ဆိုင်ရသောအခါတွင် အားငယ်မိတတ်ကြသကဲ့သို့၊ စိတ်ပျက်မိတတ်ကြပေသည်။ မမျှော်လင့်ထားသည့်အရာများကို ရင်ဆိုင်ကြုံတွေ့ရသောအခါတွင် ဆုံးရှုံးသွားပြီဟုထင်ရစရာရှိလျှင်ရှိပေမည် ... "ငါ့ဘက်မှာ ဘယ်သူမှ မရှိတော့ဘူး" ဟုလည်း ထင်ကောင်းထင်မိတတ်ကြပေသည်။ စသောအကြောင်းအရာများသည် စိတ်ပျက်အားငယ်စေပြီး အဖော်မဲ့စွာငိုကြွေးမြည်တမ်းမိကြသည့်တဲ့အချိန်တွေလည်း ရှိကောင်းရှိကြပေလိမ့်မည်။
ဓမ္မရာဇဝင် ပဋ္ဌမစောင် ၃၀:၁
သုံးရက်လွန်၍ ဒါဝိဒ်နှင့် သူ၏လူတို့သည် ဇိကလတ်မြို့သို့ ရောက်သောအခါ၊ အာမလတ်လူတို့သည် တောင်ပြည်နှင့် ဇိကလတ်မြို့ကို တိုက်သဖြင့်၊ ဇိကလတ်မြို့ကို လုပ်ကြံ၍ မီးရှို့နှင့်ကြပြီ။
ဓမ္မရာဇဝင် ပဋ္ဌမစောင် အခန်းကြီး (၃၀) ကိုကြည့်သည့်အခါတွင် ဒါဝိဒ်တို့သည် ဇိကလတ်သို့ရောက်သောအချိန်တွင် မျှော်လင့်ထားသည့်အရာများဖြစ်မနေခဲ့ပါ။ စိတ်ကူးထားသမျှ၊ မျှော်လင့်ထားသမျှ ဘာတစ်ခုမှဖြစ်မလာခဲ့ဘူးမဟုတ်ပါလား။ ဒါဝိဒ်တို့သည် နေရပ်သို့ရောက်ရင် အမောပြေမည်ဟုထင်ထားခဲ့ကောင်း ထင်ထားပါလိမ့်မည်ဖြစ်သော်လည်း ဇိကလတ်သို့ရောက်သည့်အခါတွင် အမောစို့သွားခဲ့ရသည်။ ဒါဝိဒ်တို့၏ရင်ဝသို့ အရှိန်အဟုန်ပြင်းစွာဖြင့် ပြေးဝင်လာသော ခြေစုံပစ်ကန်ခြင်းကိုခံလိုက်ရသကဲ့သို့ပင် ဇိကလတ်တွင် သူတို့၏မျှော်လင့်ခြင်းများ ရိုက်ချိုးခံလိုက်ရပေသည်။ သူတို့မျှော်လင့်ထားသည်မှာ တစ်ခု၊ ဖြစ်နေတာ တစ်ခု၊ မြင်ချင်တာ တစ်ခု၊ မြင်နေရတာ တစ်ခု၊ ကြားချင်တာ တစ်ခု၊ ကြားနေရတာ တစ်ခု၊ စသောအရာများသာ ...
ထိုဖြစ်စဥ်ကာလကိုကြည့်လျှင် ဒါဝိဒ်ဘုရင်မဖြစ်ကာလဖြစ်ပေသည်။ ထိုကာလကို ဖြတ်သန်းပြီးမှသာလျှင် ရှင်ဘုရင်ဖြစ်ခဲ့သည်။ ထိုကာလကို ကျော်လွန်ပြီးမှသာလျှင် အောင်မြင်ခြင်းကိုရခဲ့သည်။ ထိုကာလအလွန်တွင် ဒါဝိဒ်အတွက် များစွာသော အကျိုးများစောင့်ဆိုင်းနေပေသည်မဟုတ်ပါလား။ သူတို့လက်ရှိတွေ့ကြုံရင်ဆိုင်နေရသည့် အဖြစ်အပျက်၊ အခြေအနေ၊ မြင်ကွင်းများနှင့် သတင်းများမှာ စိတ်ပျက်အားငယ်စရာ၊ လက်မြှောက်အရှုံးပေးချင်စရာ၊ ရစရာမရှိတော့သကဲ့သို့ ဖြစ်နေသော်လည်း ဒါဝိဒ်ကတော့ ထိုပြဿနာကိုလည်း ထာဝရဘုရားနှင့်တိုင်ပင်ဖြေရှင်းကာ အားယူ၍ရဲရင်းခြင်းရှိခဲ့ပေသည်။
ကျွန်တော်တို့သည်လည်း ထိုသို့ဖြစ်နေတတ်ပေသည်။ ဒီအလုပ်လေးရလျှင်တော့ အဆင်ပြေပါပြီဟု မျှော်လင့်ထားသော်လည်း တကယ်တမ်းဖြစ်မလာဘူး။ ဒီကာလလွန်လျှင်တော့ အခြေအနေကောင်းမှာပါဟု မျှော်လင့်ထားသော်လည်း ဖြစ်မလာပြန်ဘူး။ ထိုသို့နှင့် ကျွန်တော်တို့သည်လည်း မျှော်လင့်ထားသည်မှာ တစ်ခု၊ ဖြစ်နေတာ တစ်ခု၊ မြင်ချင်တာ တစ်ခု၊ မြင်နေရတာ တစ်ခု၊ ကြားချင်တာ တစ်ခု၊ ကြားနေရတာ တစ်ခု၊ စသောအရာများသာ ...
သို့သော်လည်း ထိုကာလကို ကျော်လွန်လျှင် အဆင်ပြေခြင်းများရှိနေပေသည်။ ထိုကာလအလွန်တွင် ပျော်ရွှင်ခြင်း၊ ဝမ်းမြောက်ခြင်းများရှိနေပေလိမ့်မည်။ ထိုကာလ၏အလွန်တွင် အကျိုးများစွာ စောင့်ဆိုင်းနေပေသည်ဟုပင်ဆိုရပေဦးတော့မည်။
ယနေ့ ထုံဆေးပြယ်သည့်အခါတွင် မမျှော်လင့်ထားသော နာကျင်ခြင်းကို ကျွန်တော်ခံစားရသည်။ တဆစ်ဆစ်နှင့် နာကျင်သည်၊ ခေါင်းပါကိုက်သည်အထိဖြစ်နေသော်လည်း ထိုကာလအလွန်ကို ကျွန်ုပ်မျှော်လင့်နေမိသည်။ တခါတလေတွင် မိတ်ဆွေနှင့် ကျွန်တော်တို့၏ အသက်တာတွင် ထိုသို့ မမျှော်လင့်ထားသောအရာများ၊ မမျှော်လင့်ထားသော နာကျင်မှုများ၊ လူမှုရေး၊ အိမ်ထောင်ရေး၊ စီးပွားရေး၊ ပညာရေး စသဖြင့် အမျိုးမျိုးသော အရေးအရာများသည် မျှော်လင့်ထားသည်နှင့် လွဲချော်နေတတ်သော်လည်း စိတ်မပျက်ဖို့အရေးကြီးသည်။ ဒါဝိဒ်သည် သူတို့လက်ရှိတွေ့ကြုံရင်ဆိုင်နေရသည့် အဖြစ်အပျက်၊ အခြေအနေ၊ မြင်ကွင်းများနှင့် သတင်းများမှာ စိတ်ပျက်အားငယ်စရာ၊ လက်မြှောက်အရှုံးပေးချင်စရာ၊ ရစရာမရှိတော့သကဲ့သို့ ဖြစ်နေသော်လည်း ထိုပြဿနာကိုလည်း ထာဝရဘုရားနှင့်တိုင်ပင်ဖြေရှင်းကာ အားယူ၍ရဲရင်းခြင်းရှိခဲ့သည်ကို သတိရပါမိတ်ဆွေ ...
မျှော်လင့်ထားသည်မှာ တစ်ခု၊ ဖြစ်နေတာ တစ်ခု၊ မြင်ချင်တာ တစ်ခု၊ မြင်နေရတာ တစ်ခု၊ ကြားချင်တာ တစ်ခု၊ ကြားနေရတာ တစ်ခု၊ စသောအရာများသာ ဖြစ်နေတတ်သော်လည်း ထိုကာလ၏အလွန်ကို မျှော်ကြည့်လျှက် မမျှော်လင့်ထားသည့် အရာများကို လက်မြှောက် အရှုံးမပေးဘဲ "ဒါဝိဒ်မူကား မိမိထာဝရဘုရားကို ကိုးစားလျက်နေ၍၊" ဟုဆိုသည့်အတိုင်း ကျွန်တော်တို့သည်လည်း ထာဝရဘုရားနှင့်အတူရှိ၍ ကိုးစားလျှက်နေ၍ တိုင်ပင်ကာ အားယူလျှက် ရဲရင့်ခြင်းရှိကြပါဦးစို့။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet