တံပိုးမှုတ်ကြစို့
လောကမှာ ကလေးတစ်ယောက်မွေးဖွားလာတယ်ဆိုရင် မိခင်နို့ကိုစို့သောအရွယ်လေးမှ နို့ဘူးစို့လာမယ်၊ ဒီကနေ တဖြေးဖြေးအစာကျွေးလာမယ်၊ နောက်ပိုင်းမှာ တဖြေးဖြေး ကြီးရင့်လာကာ ပြောင်းလဲမယ်၊ အစာကိုလည်း ကိုယ်တိုင်ရွေးပြီး စားသုံးလာနိုင်မယ်၊ ဘယ်အစာကကောင်းတယ် ဘာကမကောင်းဘူး၊ ကိုယ်နဲ့သင့်၏ မသင့်၏ကိုလည်း ခွဲခြားသိမြင်တတ်လာမယ် မဟုတ်ပါလား။ ဒီ လူမမယ် ကလေးအရွယ်သည် ဘာကျွေးကျွေးစားသည်။ မုန့်ကိုပြ၍ ရေကိုတိုက်ရင်လည်း သောက်ကြတာပဲဖြစ်ကြသည်မှာ သူမခွဲခြားနိုင်သော အရွယ်ဖြစ်နေခြင်းကြောင့်ဖြစ်သည်။ သူသည် ဘယ်အရာက ရေဖြစ်သည် ဘယ်အရာက စားစရာဖြစ်သည်ကို မသိချေ။
ကျွန်ုပ်ငယ်စဥ်ကလေးဘဝတွင် မိဘနှစ်ပါးသည် ထမင်းခွံ့ရခက်သောကြောင့် ဖခင်ဖြစ်သူသည် ဇီးထုပ်ကို ခွံ့ဟန်ပြ၍ ပါးစပ်ဟမှသာ မိခင်ကြီးသည် ထမင်းကိုခွံ့ရပေသည်။ တနည်းဆိုရရင်တော့ ဇီးထုပ်ပြပြပြီး ဂျင်းထည့်တယ်ပေါ့လေ။ ကျွန်ုပ်သည်လည်း ဇီးထုပ်အမှတ်နှင့် မြိန်ရည်လျှက်ရည်စားလေသည် ဟုပြန်ကြားရသည်။ ထိုအရာကိုကြည့်ခြင်းအားဖြင့် သူငယ်ဖြစ်သော ထိုအရွယ်ကလေးတစ်ယောက်သည် ဇီးထုပ်မှန်းမသိ ထမင်းမှန်းမသိ ဝါးလိုက်တာပဲဖြစ်တယ်၊ ဘာကိုခွံ့လို့ ဘာကိုခွံ့မှန်းမသိ စားလိုက်တာပဲဖြစ်တယ်၊ မိမိကိုယ်ပိုင် ခွဲခြားသိမြင်နိုင်စွမ်းမရှိပေ။ ထို့ကြောင့် မိဘနှစ်ပါး၏ ကောင်းခြင်းဆိုးခြင်းကို ခွဲခြားပေးခြင်းကို အင်မတန်မှ လိုအပ်သော အရွယ်ဖြစ်သည်။ ထိုကလေးအရွယ်ကို စားသင့်မသင့်၊ ကောင်းမကောင်း၊ စသဖြင့် မခွဲခြားပေးသောကြောင့် ကလေးတစ်ခုခုဖြစ်လျှင် ထိုမိဘ၏ တာဝန်မကင်းချေ။
ဝိညာဥ်ရေးရာတွင်ကြည့်လျှင်လည်း ထို့အတူပင်ဖြစ်သည်။ ခွဲခြားသိမြင်နိုင်စွမ်းမရှိသော ခရစ်ယာန်တစ်ယောက်သည် ဇီးထုပ်ခွံ့ဟန်ပြသလို ကျမ်းစာအုပ်ပြ၍ သမ္မာတရားအလွဲများကို ပြောနေလျှင် ခွဲခြားမသိနိုင်ပေ။ ကျမ်းစာအုပ်ပြ၍ လုပ်စားခြင်းသည်လည်း လူတွေကို အလွယ်တကူလှည့်စားနိုင်သော အရာတစ်ခုဖြစ်သောကြောင့် သတိချပ်ရမည့်အရာဖြစ်သည်။ ဟိုအရင်ကပင်မကသေးပဲ လက်ရှိကာလမှာလည်းဖြစ်ပျက်နေသည်။
ယေရှုယေရှုဟုပြောနေသော်လည်း လွဲမှားသော ဩဝါဒပေါင်းများစွာကို ဟောနေခြင်းတွေလည်း ရှိနေသည်။ အချို့က နာမည်ကြီးခြင်း၊ ဧဝံဂေလိပွဲကြီးလုပ်ခြင်း၊ စသဖြင့်တွေကိုသာမြင်၍ ဘုရားအရမ်းအသုံးပြုနေတယ်ဟုတွေးကာ အလွဲကိုထောက်ပြလျှင် မကြိုက်ကြချေ။ လူကို မနာလိုခြင်း၊ လူကိုတိုက်ခိုက်ခြင်းဟု အမြင်ကျဥ်းစွာကြည့်မြင်တတ်ကြသည်။ လူကိုအပြစ်တင်ခြင်း၊ လူကိုတိုက်ခိုက်ခြင်း၊ မနာလိုခြင်းသည် ဒီလောက်ထိ အပင်ပန်းခံ၍ ဩဝါဒအမှားတွေကို ထောက်ပြရန်မလိုချေ။ ပုဂ္ဂိုလ်ရေးရာ တိုက်ခိုက်ခြင်း၊ လူကိုမနာလို၍ အပြစ်ရှာခြင်းသည် ထိုသို့ဖြစ်နိုင်မည်လော သေခြာစဥ်းစားကြည့်ပါ။ ဒါ့ကြောင့် အမြင်မကျဥ်းပါနဲ့မိတ်ဆွေ၊ ဩဝါဒအလွဲတွေကိုသာ ထောက်ပြခြင်းဖြစ်သလို ထိုသို့ ထောက်ပြရမည်မှာလည်း ယုံကြည်သူတိုင်း၏ တာဝန်ပင်ဖြစ်သည်။ သင်မကြိုက်လည်း မတတ်နိုင်ပါ။ မည်သို့ပင် မကြိုက်ကြပါစေ မခွဲခြားတတ်သေးသော ခရစ်ယာန်များစွာရှိသည့်အတွက် ထိုအရာများကို ခွဲခြားပေးရန်၊ ထောက်ပြပေးရန်မှာ အင်မတန်လိုအပ်ပေသည်။
ကင်းစောင့်၏တာဝန်သည် ဘေးရောက်သည်ကို တံပိုးကိုမှုတ်၍ အသိပေးရမည်။ ကျွန်ုပ်တို့ ယုံကြည်သူတွေသည်လည်း ဩဝါဒအလွဲတွေကို ဖော်ပြ၍ အသိပေးရမည်၊ သို့မဟုတ်ရင်တော့ ထိုအလွဲတွေ၏ နောက်သို့လိုက်ပါ၍ လွဲသွားသော ဝိညာဥ်များ၏ အသွေးသည် ကျွန်ုပ်တို့တာဝန် မကင်းပေ။ မည်သူတွေ မည်သို့ပင် ထင်စေပါမူ ကင်းစောင့်ကောင်းတစ်ယောက်ကတော့ ဘေးရောက်လာမည့်အရေးကို မြင်လျှင် တံပိုးကိုတော့ မှုတ်နေလိမ့်မည်။ ရန်သူပစ်သော မြှားသည် သူ့အားထိမှန်သွားရင်တောင်မှ ထိုသူသည် ဆက်လက်၍ တံပိုးကို မှုတ်နေပါလိမ့်မည်။
ယေဇကျေလအနာဂတ္တိကျမ်း ၃၃:၄
တစုံတယောက်သောသူသည် တံပိုးမှုတ်သံကို ကြားလျက်နှင့် အမှုမထား၊ ထားဘေးရောက်၍ သူ၏ အသက်ဆုံးလျှင်၊ ထိုသူသည် ကိုယ်အသက်ဆုံးသော အပြစ်ကို ကိုယ်တိုင်ခံရမည်။
တံပိုးသံကို ကြားလျှက်နှင့် အမှုမထားရင်တော့ သူ့အသက်ဆုံးခြင်းသည် သူ့အပြစ်ပင်ဖြစ်သည်။ ထို့အတူပဲ ဩဝါဒအလွဲတွေကိုထောက်ပြနေရက်နှင့် ကရုမစိုက်၊ သတိမမူ၊ အဆင်ပြေတယ်လို့သာ ခံယူနေရင်တော့ ထိုသူအတွက်တော့ ကင်းစောင့်၏ တာဝန်မဟုတ်တော့ချေ။ ပိုင်းခြားနားမလည်နိုင်သော သူများအတွက် ကင်းစောင့်အလား ကျွန်ုပ်တို့ယုံကြည်သူများသည် တံပိုးကိုမှုတ်ပေးရမည်ဖြစ်သည်။ ခပ်သိမ်းသော ဩဝါဒလေများသည် ဒီခေတ်ဒီအခါမှာ ပေါများလှသည်။ ဒါ့ကြောင့် ဖရိုမရဲနှင့် ပြိုလဲ မသွားရလေအောင် တံပိုးကိုမှုတ်ကာ ဝိုင်းဝန်းတားဆီးကြသော ယုံကြည်သူများဖြစ်ကြပါစို့ဟု အနည်းငယ်ဖော်ပြလိုက်ပါတယ်။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet