သမ္မာတရား၌သာ ရပ်တည်ခြင်း
တမန်တော်ဝတ္တုတွင် ပေတရုနှင့်ယောဟန်တို့သည် အမိဝမ်းတွင်းမှပင် ခြေမစွမ်းသောသူနှင့်တွေ့ကြသည်။ ထိုသူကလည်း တစ်စုံတစ်ခုရလိုသောငှာ စွန့်ကြဲရန်တောင်းသည်တွင် ပေတရုက သူ့တွင် ရွှေလည်းမရှိ ငွေလည်းမရှိ၊ ရှိသည့်အရာပေးမည်ဟုဆိုကာ နာဇရက်မြို့သား ယေရှုခရစ်၏နာမတော်အားဖြင့် ထ၍လှမ်းသွားလော့ဟုဆိုကာ ကိုင်ဆွဲချီမလေသည်။
ထိုသူကျန်းမာခြင်းကိုရသွားသည့်နောက်တွင် ပေတရုတို့သည် လူများတို့အားလည်းတရားဟောကြလေသည်။ ထိုအကြောင်းများကြောင့် ယဇ်ပုရောဟိတ်များ၊ ဇဒ္ဒုကဲများတို့သည် ပေတရုနှင့်ယောဟန်အား မဟောမပြောရန်တားမြစ်သည်ကိုတွေ့ရသည်။ နိမိတ်လက္ခဏာသက်သေများကို လူအများမြင်တွေ့ခဲ့ရခြင်းကြောင့် ငြင်းခုန်ခြင်းငှာ မတတ်နိုင်ကြသဖြင့် လွှတ်တော်မှ ထွက်စေခဲ့သည်။
ပေတရုနှင့်ယောဟန်တို့ကို လူများအားလည်း ထိုနာမနှင့် မဟောမပြောရန်တားမြစ်ကြသည်။ လူအများကြားတွင် မနှံ့ပြားစေရန်အတွက်ငှာလည်းကောင်း ထိုနာမကို အမှီပြု၍ မည်သူ့ကိုမျှ မဟောမပြောစေရန် တင်းကြပ်စွာပြောဆိုခဲ့ကြသည်။ ခြိမ်းခြောက်ခြင်းများကိုလည်း ပြုလုပ်ကာ တားမြစ်ခဲ့ကြလေသည်။
တမန်တော်ဝထ္ထု ၄:၂၀
ငါတို့သည်ကြားလျက်၊ မြင်လျက်ရှိသောအရာတို့ကိုမဟော မပြောဘဲမနေနိုင်ဟု ထိုသူတို့အား ဆိုကြ၏။
သို့သော်လည်း ပေတရုတို့သည် ထိုစကားများကို နားမထောင်ခဲ့ကြချေ။ ဘုရားသခင်၏ စကားကို နားထောင်ခြင်းထက် ထိုသူတို့၏ စကားကို သာ၍နားထောင်ကြခြင်းသည် ကောင်းမလားဆိုသည့် ပြန်ပြောသည့်အရာကိုတွေ့ရသည်။ ပေတရုနှင့်ယောဟန်တို့သည် ကြားလျှက်မြင်လျှက်ရှိသော အရာတို့ကို မဟောမပြောဘဲမနေနိုင်ဟု ထိုသူတို့အားပြန်ဆိုခဲ့ကြသည်ကို တွေ့ရမည်ဖြစ်သည်။
ယနေ့မှာရော ကျွန်တော်တို့သည် သမ္မာတရားနှင့်ဆန့်ကျင်နေသည်ကို မြင်လျှက်ကြားလျှက်ပင် လစ်လျှူရှုနေမိသလား၊ အဓမ္မအရာများကို မြင်လျှက်ကြားနေလျှက်နဲ့ပင်လျှင် မသိချင်ယောင်ဆောင်နေမိသလား၊ မတရားမှုတွေကို မြင်လျှက်ကြားနေလျှက်နှင့် ငါတို့နဲ့မဆိုင်ပါဘူးဟုပင် တွေးနေမိသလား ... ပြန်လည်ဆင်ခြင်ကြည့်ကြပါစို့။
ပေတရုနှင့်ယောဟန်တို့သည် မြင်လျှက်ကြားလျှက်ပင် မဟောမပြောဘဲမနေဟုဆိုသည့်အတွက်ကြောင့် ခြိမ်းခြောက်ခြင်းများကိုလည်း ခံခဲ့ကြရသည်။ သမ္မာတရားပေါ်တွင်ရပ်သောကြောင့် ခြိမ်းခြောက်ခံရခြင်း၊ နှိပ်စက်ခံရခြင်း၊ အသက်ဆုံးရှုံးရခြင်း စသဖြင့်တို့ကိုလည်း ကြုံတွေ့ရနိုင်သည်ဖြစ်သော်လည်း ရှေးဘိုးဘေးများ၊ တမန်တော်များ၊ ယုံကြည်သူများ၊ ဆရာသမားများတို့သည် ပြတ်သားစွာရပ်တည်သွားခဲ့ကြပေသည်။ ယနေ့ ကျွန်ုပ်တို့သည်လည်း သမ္မာတရားပေါ်တွင် ပြတ်သားစွာရပ်တည်ကာ မြင်လျှက်ကြားလျှက်ရှိသော အရာတို့ကို မဟောမပြောဘဲမနေကြစို့နဲ့ရယ် ...
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet