လူငယ်နှင့် Super Hero
ကျွန်ုပ်တို့လူငယ်များကြားတွင် ခေတ်စားနေတတ်သော စကားလုံးတစ်ခုမှာ "Super Hero" ဆိုသော စကားပင်ဖြစ်သည်။ "Marvel" "DC" တို့မှ ထုတ်ဖော်ရိုက်ကူးသော ထိုဇာတ်ကောင်များသည် လူငယ်များအပေါ် အင်မတန်လွှမ်းမိုးခြင်းဖြစ်နေသည်ကိုတော့ ငြင်းဆို၍မရချေ။ ထိုအတွင်းမှာပင် "Super Man” နှင့် “Spider Man" တို့သည် လူကြိုက်အများဆုံးဖြစ်သော Hero များထဲတွင် အပါအဝင်ဖြစ်သည်။ လူငယ်များ အားကျနှစ်သက်ကြသော ထိုဇာတ်ကောင်များသည် လူစွမ်းကောင်းများဖြစ်ကြသလို အစွမ်းအစ ပါဝါများလည်းရှိကြသည်။ လူများအားကူညီခြင်း၊ အနစ်နာခံခြင်း စသဖြင့် စိတ်ထားကောင်းသောသူများလည်းဖြစ်ကြပြန်သည်။ ထို "Super Hero" များ၏ နောက်ကွယ်တွင် နာကျဥ်စရာအတိတ် သို့မဟုတ် ရင်နာစရာ ဇာတ်လမ်းများရှိခဲ့ကြသူများပင်ဖြစ်ချေသည်။
သမ္မာကျမ်းစာထဲတွင် ထိုသို့သော "Super Hero" များစွာရှိသည်ကို လူငယ်များ သတိထားမိစေရန် အင်မတန်လိုအပ်သည်။ (ဒါဝိဒ်၊ ရှမွေလ၊ ဂိဒေါင်၊ ရှံဆုန်၊ ဒံယေလ) စသဖြင့်များစွာသော လူစွမ်းကောင်းများစွာ ရှိကြပေသည် မဟုတ်ပါလား။ လူငယ်များသည် ထိုသူတွေကို သိကျွမ်းနားလည်လာမှသာ "Comic" ဟုခေါ်သော ကာတွန်းရုပ်ပြတွေထက် "Holy Bible" သမ္မာကျမ်းစာကို စိတ်ဝင်စားလာနိုင်ပေမည်။ ထို့ကြောင့် လူငယ်များအား သခင်ယေရှုခရစ်တော်၊ သမ္မာကျမ်းစာနှင့်မိတ်ဆက်ပေးခြင်း၊ သမ္မာတရားအား ချဥ်းကပ်ခြင်းတို့သည် လူငယ်များအတွက် လူစွမ်းကောင်းများအား ချပြပေးခြင်းသည် တစ်ထောင့် တစ်နေရာတွင် အသုံးဝင်သော ချဥ်းကပ်ခြင်းပုံစံ ဖြစ်ပေမည်။
ဒီကနေ့မှာတော့ သမ္မာကျမ်းစာထဲ၌ရှိသော လူငယ်တစ်ဦးထံမှ အတုယူစရာများကို အနည်းငယ်ဖော်ပြပေးချင်ပါတယ်။ ထိုသူကတော့ ဒံယေလပဲဖြစ်ပါတယ်။ "Super Hero" တို့၏ ထုံးစံအတိုင်း ရင်နာစရာ အတိတ်နှင့် နာကျဥ်စရာ ဖြစ်ရပ်များသည် သူ့ထံတွင် ရှိနေသည်။ ဒံယေလသည် ရွှေပေါ်မြတင် ရွှေလင်ဗန်းနှင့်အချင်းဆေးပြီး မွေးလာသူမဟုတ်၊ သူသည် ကျွန်အဖြစ် ဗာဗုလုန်သို့ ဖမ်းခေါ်ခြင်းကို ခံခဲ့ရသူဖြစ်ချေသည်။ တနည်းဆိုလျှင် သုံ့ပန်းဟုလည်း မြင်ယောင်ကြည့်နိုင်သည်။ ထို့ကြောင့် စိတ်ပိုင်းဆိုင်ရာခံစားချက်များသည် သာမန်လူထက် နာကျဥ်ကောင်းနာကျဥ်နိုင်သလို ကိုယ့်တိုင်းပြည်မဟုတ်သောကြောင့်လည်း အားငယ်နေနိုင်သည်။ ခိုကိုးရာမိဘ၊ ညီကိုမောင်နှမ၊ အသိုင်းအဝိုင်း၊ မိတ်ဆွေများမရှိသော စိတ်ခံစားချက်များကြောင့် သူ၏ နောက်ကွယ်မှ အတိတ်သည် နာကျဥ်စရာကောင်းလှပေမည်။ ထိုခေတ်ကာလအချိန်တွင် သုံ့ပန်းများကို အပြစ်ပေးသည့်အနေဖြင့် သင်းကွပ်ခြင်းကို လုပ်ဆောင်ကြသည်ဟူသော ယူဆချက်များစွာရှိသည်။ ထို့ကြောင့်လည်း အချို့သော စကော်လာများ၏ ယူဆချက်အချို့မှာ ဒံယေလသည် ကုန်းကုန်း (သင်းကွပ်ခြင်းခံရသူ) ဖြစ်သည်ဟု ပင်ဆိုကြသေး၏။ အကယ်၍သာ ထိုယူဆချက်မှန်သည်ဆိုလျှင် သူ၏ အလိုမရှိဘဲ အတင်းအကြပ်စေခိုင်းခြင်းသည် သူ့အားမည်မျှ နာကျဥ်ခံစားရစေမည်နည်း။ ထို့ကြောင့် ဒံယေလ၏ အတိတ်သည် ကလေးငယ်များကြိုက်နှစ်သက်သော လူစွမ်းကောင်းများအတိုင်း နာကျဥ်ခြင်းများနှင့် ပြည့်နှက်နေပေသည်။
ဒံယေလ၏ အသက်တာတွင် အတုယူစရာများစွာထဲမှ တစ်ခုသည် သူများမြေပေါ်ရောက်ရောက်ခြင်းမှာပင်လျှင် မိုးခါးရေကို လိုက်မသောက်ခဲ့ပေ။ ဆိုလိုသည်မှာ ရုပ်တုရှေ့မှ ပူဇော်ထားသော စားကောင်းသောက်ဖွယ်များထက် ဟင်းသီးဟင်းရွက်နှင့် ရေကိုသာ တောင့်တသည်။ ထိုအရာများကိုရှောင်ရခြင်းသည်ပင်လျှင် အခြားသူများထက် အားနည်းခြင်း၊ ဥာဏ်ရည်နိမ့်ခြင်း၊ အဆင်းမလှခြင်း ဖြစ်မည်ကို မစိုးရိမ်ခဲ့ပေ။ ထိုသို့ စမ်းသပ်၍သာ ကျွေးပါဟု စားတော်ကဲအားပြောခြင်းတွင် သူ၏ ယုံကြည်ခြင်းကို မြင်တွေ့ရသည်။ သတိထားစရာတစ်ခုရှိသည်မှာ ဒံယေလအသားမစားခြင်းသည် ရုပ်တုရှေ့တွင်ပူဇော်ခြင်းကြောင့်ဖြစ်ပေမည် ထို့ကြောင့် အချို့ခရစ်ယာန်များသည် ဘာရချင်လို့ ညာဖြစ်ချင်လို့ ဟုဆိုကာ ဒံယေလဟင်းစားရမည်တို့၊ ဒံယေလ အခေါက်တစ်ထောင်ရွတ်ရမည်တို့ ရောယောင်ပေါယောင်လုပ်ဆောင်ခြင်းမဟုတ်သည်ကို သတိပြုပါ။
နေဗုခဒ်နေဇာမင်း၏ အိပ်မက်ကို အနက်မပြန်နိုင်၍ ပညာရှိများအားလုံး အသတ်ခံရမည့်အရေးတွင်လည်း သူ၏ဦးဆောင် ရှေ့တန်းထွက်ခြင်းသည် သူရဲကောင်းများ၏ လုပ်ဆောင်ချက်များထဲမှ တစ်ခုဆိုရင်လည်း မှားမည်မထင်ချေ။ သို့သော် ရုပ်ရှင်များမှ သူရဲကောင်းများနှင့် ကွာခြားသည်ကို ထင်ရှားစွာတွေ့ရသည်မှာတော့ မိမိ၏ စိတ်ဆန္ဒ၊ မိမိ၏ အတ္တ၊ မာန၊ မိမိ၏ တတ်စွမ်းနိုင်ခြင်း ပညာရပ်များစွာထက် ဘုရားသခင်ကို နံပါတ်တစ်နေရာ၌ထားခြင်းဖြစ်ချေသည်။ ထိုဘုရားကို ဆုတောင်းသည်၊ ထိုဘုရားကို မေးမြန်းသည်၊ ထိုဘုရားနှင့် တိုင်ပင်သည် စသဖြင့်တို့ သည်ပင်လျှင် ကျွန်ုပ်တို့၏ အတုယူစရာများပင် ဖြစ်ချေသည်။ အိပ်မက်အနက်အား ပြန်ဆိုပေးသော အချိန်မှာတွင်ပင် ဘုရားသခင်တစ်ဆူတည်းသာရှိပြီး အနက်ကိုသိကြောင်းကို ဖော်ပြပေးခြင်း၊ ထိုဘုရားကိုသာ ချီးမြှောက်ခြင်း၊ မိမိ၏ အစွမ်းအစမဟုတ်ကြောင်းကို မုသာကင်းစွာ ပြောဆိုခြင်းသည် လူစွမ်းကောင်းများ၏ အပြုအမူပင်ဖြစ်ပေသည်။ တနည်းထပ်၍ စဥ်းစားကြည့်ရမည်ဆိုလျှင် သူ၏ အပြုအမူ အပြောအဆိုအားဖြင့် ရှင်ဘုရင်ကို ထိုဘုရားသည် ဘုရားတို့၏ဘုရား၊ ဘုရင်တို့၏အရှင်ဖြစ်ကြောင်းကို သိမှတ်ဝန်ခံစေခဲ့သလို သခင်ဘုရားနှင့် မိတ်ဆက်ပေးခြင်း၊ မြည်းစမ်းကြည့်စေခြင်းကိုပင် ဖြစ်စေသည် မဟုတ်ပါလား။
အိပ်မက်အနက်ပြန်ဆိုပေးခြင်းမှ ရရှိသောဆုလာဘ်များကိုလည်း တစ်ဦးတည်းမူပိုင်ခံစားရခြင်းထက် သူ တပါးအားလည်း မျှဝေခြင်း၊ အခြားသူကိုပါ ကျေးဇူးခံစားရစေရန် ပြောပေးခြင်းများ၊ တိုက်တွန်းနှိုးဆော်ပေးခြင်းများသည် ငါစွဲကင်းသော လူငယ်တစ်ဦးဖြစ်ကြောင်းကို ထင်ရှားပေါ်လွင်စေသည်။ ဒံယေလ၏ လျှောက်တင်ပေးမှုကြောင့်ပင် ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့သည် ဗာဗုလုန်နိုင်ငံတွင် ဝန်မင်း အရာရှိများအဖြစ်ခန့်အပ်ခြင်းကို ခံကြရပေသည် မဟုတ်ပါလား။ ဒံယေလသည် မိမိ၏ လျှောက်တင်ခြင်းတွေ လုပ်ဆောင်ခြင်းတွေကြောင့် ခံစားရသော အသီးအပွင့်ဟု မှတ်ယူခြင်းမရှိသည်ကို ခရစ်ယာန် များအတုယူစရာကောင်းလှပေသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် မိမိတို့၏ အသင်းတော်အတွက်၊ အမှုတော်ဆောင်များအတွက်၊ ညီအကိုများအတွက် စသဖြင့် တိုက်တွန်းနှိုးဆော်ပေးခြင်းများကိုလည်း လုပ်ဆောင်သင့်ပေသည်။
နှစ်အတန်ကြာပြီးနောက်တွင် ဒံယေလသည် ဝန်ကြီးများထက်သာလွန်သောကြောင့် နိုင်ငံတော်အား သူ့လက်၌အပ်နှံမည့်အရာကို ရှင်ဘုရင်အကြံစည်ရှိလေသည်။ ထို့ကြောင့် ဝန်ကြီးနှင့်မြို့ဝန်များတို့သည် ဒံယေလတွင် အပြစ်တင်ရန် အမှားအယွင်းများကို ရှာကြံကြသော်လည်း ဒံယေလသည် သစ္စာနှင့် ပြည့်စုံသည်ဖြစ်၍ အပြစ်တစ်စုံတခုမျှ ရှာမတွေ့ကြချေ။ ဆက်လက်၍သာဆင်ခြင်ကြည့်မည်ဆိုလျှင် ဒံယေလသည် တနေ့လျှင် သုံးကြိမ်ဆုတောင်းတတ်သည့် ဆုတောင်းအားကြီးသော လူငယ်တစ်ဦးဟု ဆိုရရင်လည်း မှားမည်မဟုတ်ချေ။ ထိုဆုတောင်းခြင်းကို သူ၏ အားနည်းချက်သဖွယ်ရမယ်ရှာကာ လူကိုဖြစ်စေ ဘုရားကိုဖြစ်စေ ရက်သုံးဆယ်အတွင်း ဆုတောင်းသောသူများကို ခြင်္သေ့တွင်းထဲသို့ ပစ်ချမည့် အကြံအစည်ကို ကြံစည်ကာ ယိုးစွတ်ခဲ့ကြလေသည်။ သို့သော်လည်း ဒံယေလသည် မမှုခဲ့ပါ။ သူ့ဆုတောင်းခြင်းတွေကို မရပ်တန့်ခဲ့သလို ထိုတွင်းထဲသို့လည်း ငြင်းခုန်ခြင်းမပြုဘဲ ရဲဝင့်စွာ ဝင်ရောက်ခဲ့သည်။
ရှင်ဘုရင်ကိုယ်တိုင်မှ "သင်မပြတ်ကိုးကွယ်သော ဘုရားသခင်သည် သင့်ကိုကယ်လွှတ်ပါစေ" ဟုစိတ်မကောင်းစွာဖြင့်ဆိုခဲ့ရုံမျှမကဘဲ နောက်ရက်တွင် စောစောထ၍လည်း အသက်ရှင်မည်ကို မျှော်လင့်ကာ ငိုသံပါပါဖြင့် ဟစ်ကြော်ခဲ့လေသည်။ ရှင်ဘုရင်သည် သူမျှော်လင့်ထားသလို ဒံယေလအသက်ရှင်ကြောင်းကိုလည်း ထင်ရှားစွာတွေ့ခဲ့ရသောအခါတွင်တော့ မတရားသောသူများကို ပြန်လည်စီရင်၍ ထိုဘုရားရှင်၏ နာမတော်ကိုပင် သူကိုယ်တိုင် ချီးမွမ်းခဲ့လေသည် မဟုတ်ပါလား။
ဘုရားသခင်ကိုသာ နံပါတ်တစ်နေရာထားခြင်း၊ ယုံကြည်ခြင်းရှိခြင်း၊ ဆုတောင်းအားကြီးခြင်း၊ ကိုးကွယ်ခြင်းကို အသက်ထက် တန်ဖိုးထားခြင်း၊ ကိုးကွယ်ခြင်းနှင့် အဘယ်အရာမှ မရောနှောခြင်း၊ သူတပါးအား တိုက်တွန်းနှိုးဆော်ခြင်း၊ မျှဝေခံစားတတ်ခြင်း စသဖြင့်သောအချက်တို့သည် ကျွန်ုပ်တို့အတုယူသင့်သော အရာများဖြစ်ချေသည်။ ထို့ကြောင့် ဒံယေလသည် သမ္မာကျမ်းစာထဲမှ "Bible Hero" တစ်ဦးအဖြစ် ခရစ်ယာန်လူငယ်များသာမက လူကြီးများပါမကျန် အားကျနှစ်သက်သော လူငယ်တစ်ဦးအဖြစ် ဆက် လက်၍တည်ရှိတည်နေပါတော့သည်။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet