သခင်သိတယ်
ရှင်လုကာခရစ်ဝင် အခန်းကြီး ၁၃ တွင် အမျိုးသမီးတစ်ဦးအကြောင်းကို တွေ့ရပေသည်။ သူမသည် တဆယ့်ရှစ်နှစ်ပတ်လုံး နတ်စွဲသဖြင့် နာမကျန်းခြင်းများစွာ၊ ရောဂါနှိပ်စက်မှုများစွာတို့ကို နှစ်ရှည်လများ ခံစားနေခဲ့ရသူပင် ...
ထိုအဖြစ်ကြောင့်လည်း ကျောကုန်း၍ ကိုယ်ကိုအလျှင်းမဆန့်နိုင်ဟု မှတ်တမ်းတင်ထားသည်ကို မြင်တွေ့ရနိုင်သည်။ တနည်းအားဖြင့်ဆိုရလျှင် အရှေ့ကိုပင် တည့်တည့်ကြည့်ရန်ခက်ခဲသည့် အခြေအနေ၊ လမ်းပင် တည့်တည့်မတ်မတ် မလျှောက်နိုင်သည့် အဖြစ်ဟုသာ ဆိုရပေဦးတော့မည်။
လူအများကြားထဲမှာပင် အဖော်မဲ့နေသော သူမ၊ တရားစရပ်မှာပင်လျှင် လမ်းပျောက်နေသော သူမ ... သေချာသည်မှာတော့ အထီးကျန်နေသော ခံစားချက်နှင့်အတူ "spiritual sickness, emotional pain" များကို ရင်ဝယ်ပိုက်ကာ "ဘာကြောင့်၊ ဘယ်လိုကြောင့်ဟူသော" လူအများ၏ လက်ညှိုးထိုးခြင်းများကို တဆယ့်ရှစ်နှစ်ပတ်လုံး ရင်ဆိုင်နေခဲ့ရရင်း "physical pain" ကိုလည်း နာကျင်စွာဖြင့် လည်စင်းခံနေရသူမှာလည်း သူမပင် ...
ထိုဥပုသ်နေ့၌ လူအများ၏ ပစ်ပယ်ခြင်းသာမက တရားစရပ်မှူးသည်ပင်လျှင် လစ်လျှူရှုထားသော သူမအား တစ်ယောက်သောသူ၏ ခေါ်သံမှာ ထူးဆန်းနေမည်လော ... မမျှော်လင့်ထားသော ခေါ်သံ၏ လားရာသို့ မျှော်ကြည့်မည့် သူမ၏ မျက်နှာအား မြင်ယောင်ကြည့်လျှင် တောက်ပသော မျက်ဝန်းတစ်စုံကိုပင် အတိုင်းသားမြင်တွေ့ရပေဦးမည် မဟုတ်ပါလား။
ရှင်လုကာခရစ်ဝင် ၁၃:၁၂
ယေရှုသည် ထိုမိန်းမကို မြင်တော်မူလျှင် အထံတော်သို့ခေါ်၍၊ အချင်းမိန်းမ၊ သင်သည် အနာရောဂါနှင့် လွတ်၏ဟု မိန့်တော်မူလျက်၊
ယနေ့မိတ်ဆွေနှင့် ကျွန်ုပ်တို့၏ အခြေအနေများစွာတို့အားလည်း သခင်ယေရှု မသိဘဲနေပါမည်လော ... မိတ်ဆွေ အထီးကျန်နေပါသလား၊ မတရားမှုများကြောင့် နာကျင်နေရပါသလား၊ ငိုကြွေးရင်း ကြေကွဲနေပါသလား၊ ရောဂါနှိပ်စက်ခြင်း ... လူအများပစ်ပယ်ထားခြင်း ... လက်ညှိုးထိုးခံရခြင်း စသဖြင့် အခြေအနေအမျိုးမျိုးတို့အား ကြုံတွေ့ရင်ဆိုင်နေရပါစေဦးတော့ သခင်ယေရှုမြင်ပါသည် သိပါသည်။ ထိုနည်းတူ လွတ်မြောက်ခြင်းအခွင့်ကိုလည်း ပေးပိုင်သည်ကို ဆင်ခြင်ရင်း "ယုံကြည်ခြင်းကို အစအဦးစီရင်၍ စုံလင်စေတော်မူသော သခင်ယေရှုကို စေ့စေ့ထောက်ရှုကြပါစို့" ...
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet