ဆေးရောင်လှလှ ခြယ်ရအောင်
ချစ်ခြင်းမေတ္တာသည် ခရစ်ယာန်တစ်ဦးတွင် မရှိမဖြစ်လိုအပ်သော အဓိကအရာများမှ တစ်ခုအပါအဝင်ဖြစ်သည်။ ဘုရားသခင်သည်ပင်လျှင် ချစ်ခြင်းမေတ္တာဖြစ်သည် မဟုတ်ပါလား။ ထိုဘုရားကို ယုံကြည်ကိုးကွယ်သော ခရစ်ယာန်များသည် ထိုဘုရားကိုရရှိပြီး ချစ်ခြင်းမေတ္တာမရှိလျှင် အဓိပ္ပါယ်ရှိပါဦးမလားဟု စဥ်းစားစရာဖြစ်သည်။ ထီပေါက်ပြီး ထီလက်မှတ်ပျောက်သကဲ့သို့ပင် အလားတူပေသည်။ ထီပေါက်သည်သာဆိုသော်လည်း ငွေထုတ်မရ၊ သုံးမရ၊ အသုံးမဝင်သော ထီပေါက်ခြင်းမျိုးပင်ဖြစ်ချေတော့မည်။ ချစ်ခြင်းမေတ္တာမရှိသော ခရစ်ယာန်တစ်ဦးသည် ထို့အဖြစ်နှင့် ဆင်တူနေပေသည် မဟုတ်ပါလား။ အမြင်မှာသာ ခရစ်ယာန်ဟုသိရသော်လည်း ချစ်ခြင်းမေတ္တာမရှိ၊ သူတပါးကို ထိမိ၍ လဲစရာများပင်ဖြစ်နေလျှင် မည်သို့ အသုံးဝင်မည်နည်း။ မည်သို့ အလင်းဖြစ်စေမည်နည်း။
ဒီကနေ့ညတွင် ကျွန်တော်သည် ရေဘုံဘိုင်ခေါင်းကို ဖွင့်ချလိုက်သည်။ ရေသည် လုံးဝမလာချေ။ ရေပိုက်သည်လည်း အကုန်ကောင်းသည်သာမက တင်ဆင်ထားခြင်းသည် စနစ်တကျပင်ဖြစ်သည်။ သို့သော် ရေသည်မလာ။ ထိုအဖြစ်ကို ဆင်ခြင်နေမိသည်။
ရေမလာသည့် ရေဘုံဘိုင်သည် တစ်ခုခုလိုနေသော ဟင်းတစ်ခွက်အလားဖြစ်နေသည်။ လွှင့်ပစ်ရန်ခက်သော်လည်း စားလို့အဆင်မပြေသလို၊ ဘုံဘိုင်ကို ဖျက်ရန်ခက်သော်လည်း ရေမလာ၍လည်း အသုံးမဝင်နေချေ။ ဆက်သွယ်ထားသော ရေပိုက်တွေမည်မျှ အကောင်းစားတွေသုံးထားသုံးထား၊ မည်မျှ နည်းစနစ်မှန်စွာ အဆင့်မြင့်မြင့် တပ်ဆင်တပ်ဆင်၊ ကမ္ဘာကျော် အင်ဂျင်နီယာလာလုပ်ပေးထားစေဦးတော့ ရေမလာရင် အသုံးမဝင်ချေ။
ခရစ်ယာန်တစ်ဦးသည် ထို့အတူပင်ဖြစ်သည်။ မည်မျှကောင်းတာတွေလုပ်လုပ်၊ အစာရှောင်ပြီး ဒူးပွန်းအောင်ထောက်လျှက် ဆုတောင်းပါစေဦးတော့ မေတ္တာမရှိလျှင် အလကားပင်ဖြစ်သည်။ ပညတ်ချက်တွေစောင့်၊ ပေးလှူခြင်းတွေလုပ်၊ ဘုရားကျောင်းမှန်မှန်တက်၊ တက်ကြွတဲ့ကြက်ဖကြီးလိုပါဝင်နေပါစေ ချစ်ခြင်းမေတ္တာမရှိလျှင် အချည်းနှီးပင်ဖြစ်သည် မဟုတ်ပါလား။ ဆယ်ဖို့တစ်ဖို့အားမရလို့ ဆယ်ဖို့ဆယ်ဖို့ထည့်ပါစေ၊ ကမ္ဘာကျော်ဆရာကြီးဆုတောင်းပေးခြင်းခံရပါစေ၊ မည်မျှသမ္မာတရား၌ တည်ပါတယ်ဟုဆိုနေပါစေဦးတော့ ချစ်ခြင်းမေတ္တာမပါလျှင် ဘုရားသခင်စိတ်တော်နှင့် မတွေ့နိုင်။
ကောရိန်သုဩဝါဒစာ ပဌမစောင် ၁၃:၁၃
ယခုတွင်ယုံကြည်ခြင်း၊ မြော်လင့်ခြင်း၊ ချစ်ခြင်း၊ ဤသုံးပါးတည်လျက် ရှိ၏။ ဤသုံးပါးတို့တွင် ချစ်ခြင်း မေတ္တာသည် အမြတ်ဆုံးဖြစ်သတည်း။
ဒါ့ကြောင့် ကျွန်ုပ်တို့ ယုံကြည်သူခရစ်ယာန်များသည် အခြားသောဘာသာစကားပြောခြင်း၊ ပရောဖက်ပြုခြင်း၊ တရားဟောခြင်း၊ သွန်သင်ခြင်း၊ အမှုတော်မြတ်လုပ်ငန်းတွေလုပ်နေခြင်း၊ သမ္မာတရားအတွက်ပါဟုသာ ကုန်းရုန်းပြီး အော်ဟစ်နေကြပါသော်လည်း ချစ်ခြင်းမေတ္တာမရှိလျှင် အသံမြည်သော လင်းကွင်းအလားဖြစ်ကာ အဆံချောင်ခရစ်ယာန်သာဖြစ်ချေတော့မည်။ မေတ္တာတော်ရှင်ကို ရရှိပြီးသူများဖြစ်သကဲ့သို့ ချစ်ခြင်းမေတ္တာစီးထွက်သင့်ပေသည်မဟုတ်ပါလား။ ဖြူဖြူ မဲမဲ၊ ဆင်းရဲ ချမ်းသာ၊ ဇာတ်နိမ့် ဇာတ်မြင့်၊ ပညာရှိရှိ မရှိရှိ၊ စသဖြင့် မည်သို့ပင်ဖြစ်နေပါစေ ထိုသူတွေကိုလည်း မခွဲခြားတတ်တဲ့ ချစ်ခြင်းမေတ္တာထားသောသူများ ဖြစ်ကြပေသည်မဟုတ်ပါလား။ ထိုသို့မစီးထွက်နိုင်ပဲ အဖြူအမဲ မသဲကွဲကာ တစ်ခုခုကို အတားအဆီးဖြစ်နေလျှင် "PK" ရုပ်ရှင်ထဲမှ စကားတစ်ခွန်းလို "Wrong Number" များဖြစ်နေသလား လို့တော့ ပြန်လည်ဆင်ခြင်ကြည့်ရပေတော့မည်။
မြင်ရသောလူကို မချစ်နိုင်လျှင် မမြင်ရသော ဘုရားကို ချစ်တယ်ဆိုတာကို မည်သို့ ဖြစ်နိုင်မည်နည်း၊ မည်သို့ နားလည်ရမည်နည်း။ ချစ်ခြင်းမေတ္တာသည် ခရစ်ယာန်တစ်ဦး၏ အရေးပါသော အဓိကတန်ဖိုးများထဲမှ တစ်ခုဖြစ်တယ်ဆိုတာကို သိမှတ်ထားရမည်ဖြစ်သည်။ ဒါ့ကြောင့် ထိုချစ်ခြင်းမေတ္တာသည် မေတ္တာတော်ရှင် ဘုရားသခင်ထံမှဖြစ်သောကြောင့် ထိုသခင်ကို လက်ခံယုံကြည်သမျှသော ယုံကြည်သူခရစ်ယာန်များသည် ထိုချစ်ခြင်းမေတ္တာရှင် ထံတော်မှတဆင့် ချစ်ခြင်းမေတ္တာကို ပြန်လည်စီးထွက်သောသူများဖြစ်ကာ ဤကမ္ဘာမြေကို ချစ်ခြင်းမေတ္တာများဖြင့် ဆေးရောင်လှလှ ခြယ်လှည့်ရအောင်လား ....
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet