December 26, 2024

​အောင်ပွဲ

ဒါဝိဒ်နှင့် ​ဂေါလျတ်ရင်ဆိုင်ရသည့် အ​ကြောင်းအရင်းကို အားလုံးသိကြမည်ဖြစ်သည်။ ထိုအရာသည် ကျွန်ုပ်တို့အားလုံး သ​ဘောကြသည့် အ​ကြောင်းအရာဖြစ်သည်ဆိုလျှင်လည်း မမှား​ချေ။ ဤအ​ကြောင်းအရာအ​ပေါ် အ​ခြေခံ၍ ကျွန်ုပ်တို့ အတုယူ၊ ဆင်ခြင်၊ ခွန်အားယူကြပါစို့။ 

​ဂေါလျတ်သည် ခွန်အားကြီး​သောသူ၊ အရပ်အ​မောင်းသည် ​ရှောလုထက်ပင် ကြီး​သောသူဖြစ်သည်။ လူ့ဘီလူးကြီးအလား ထင်မှတ်ရ​လောက်​အောင် ​ကြောက်စရာသတ္တဝါအလားဖြစ်သည်ဟု ဆိုနိုင်​ပေသည်။ သူ၏ လက်နက်သည် အင်မတန်ကြီးမားသဖြင့် ပုံမှန်အားကြီးသူပင် မထမ်းနိုင် မသယ်နိုင်​ပေ။ စစ်သည်အင်္ဂါရပ်နှင့်ပြည့်စုံသည့် စစ်သူရဲကြီးဖြစ်သကဲ့သို့ လက်နက် ဝတ်စုံအပြည့်အစုံနှင့် ပွဲဦးထွက်လာ​သော ကွန်မန်ဒိုအလားပင်ဖြစ်​နေ​ပေလိမ့်မည်။ သူ၏ အင်္ဂါရုပ်မှာ​တော့ ရက်စက်၊ ယုတ်မာ၊ ရိုင်းစိုင်း၊ ​ကောက်ကျစ်၊ သနားညှာတာမှုကင်းသည့် လူ့တိရိစ္ဆာန်သဖွယ်ပင်ဖြစ်သည်။ 

ဒါဝိဒ်က​တော့ စစ်သူရဲမဟုတ်ပဲ သိုး​ကျောင်းသားသာဖြစ်သလို အသက်အရွယ်အားဖြင့် လူရာမဝင်​သေး​သော ဆယ်​ကျော်သက်၊ နီ​ကြောင်​ကြောင် ဆံပင်နှင့် လူငယ်တစ်ဦးပင်ဖြစ်သည်။ အ​ဖေအ​မေရှိ​သော သားငယ်တစ်ဦးဟု မြင်နိုင်သလို အစ်ကို​တွေရှိ​သော ညီငယ်တစ်ဦး၊ မိတ်​ဆွေအ​ပေါင်းအသင်းရှိ​သော ပြည်သူတစ်ဦးဟုလည်း ဆိုနိုင်​ပေမည်။ 

ဓမ္မရာဇဝင် ပဋ္ဌမစောင် ၁၇:၄၅
ဒါဝိဒ်ကသင်သည် ဓား၊ လှံ၊ ကိဒုန်ပါလျက် ငါ့ထံသို့လာ၏။ ငါသည် သင်ကြိမ်းပသော ဣသရေလဗိုလ်ခြေတို့၏ ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏ နာမတော်ပါလျက် သင်ရှိရာသို့လာ၏။ 

ထိုသို့ အမြင်အားဖြင့် အင်အားမမျှ​သော လူနှစ်ဦး၏ စီးချင်းထိုးတိုက်ပွဲသည် ​ဂေါလျတ်၏ ​အောင်ပွဲဟု ထင်စရာရှိသော်လည်း မှန်းချက်နှင့် နှမ်းထွက်မကိုက်ပဲ တက်တက်စင်​အောင် လွဲ​ချော်ခဲ့​ပေသည်။ ​​ခွေး​ပြေးဝက်​ပြေး ​ပြေးခွင့်ပင်မရခဲ့။ ဂေါလျတ်က​တော့ သူ့ကိုယ်သူ အဟုတ်ကြီးထင်မှတ်​နေ​သော်လည်း ဒါဝိဒ်ကဲ့သို့ လူငယ်က​လေး၏ စိန်​ခေါ်ခြင်းကို မသိစိတ်တွင် ​ကြောက်​နေ​ပေလိမ့်မည်။ အဘယ့်​ကြောင့်ဆို​သော် လက်နက်အင်အားရှိ​သော ​ရှောလုစစ်သည်​တော်များ​တောင်မှ သူ့အားမချရဲ​၊ အာမခံရဲကြသော်လည်း ​တောင်​ဝှေး​လေးနဲ့ လူငယ်က​​လေးထွက်လာခြင်းသည် သူ့အတွက် ​သွေးပျက်စရာ​တော့ဖြစ်​ကောင်းဖြစ်​နေလိမ့်မည်ဟု ကျွန်ုပ်ထင်သည်။ လူငယ်က​လေးဖြစ်​ကြောင်းကို မြင်သည့်အတွက် မထီမဲ့မြင်ပြု​နေ​သော်လည်း အတွင်းစိတ်တွင် "ဒီ​ကောင်ဘာ​ကောင်လား" ဆိုသည့် အ​တွေး​တော့​တွေး​ကောင်း​တွေး​နေမည်ထင်မိပါသည်။ ဒါဝိဒ်မဆို​သော်လည်း ​ဂေါလျတ်သည် သူ၏စိတ်ထင်နှင့် သူ၏ဖြစ်ခြင်းကို ပုံ​ဖော်လိုက်သည်။ တောင်​ဝှေးနှင့်လာရ​အောင် "ငါက​ခွေးလား" ဟုဆိုကာ မိမိ၏ ဘုရားများကို တိုင်တည်၍ ကျိန်ဆဲသည်ဟု​လည်းတွေ့ရသည်။ 

​ဂေါလျတ်သည် သူအားကိုး​သော ဓါး၊ လှံ၊ ကိဒုန်လက်နက်၊ စစ်သည်ဝတ်စုံ စသဖြင့် အပြည့်အစုံလုပ်ကာ မဟာဗျူဟာ အစီအရင်​ပေါင်းစုံပြု၍ တိုက်ပွဲသို့လာ​သော်လည်း ထူးခြားသည်မှာ ဒါဝိဒ်တွင် အစီအရင် မဟာဗျူဟာမပါ၊ စစ်ဝတ်စုံ၊ စစ်လက်နက်မသယ်​ဆောင်ပဲ ​ခွေး​မောင်းသကဲ့သို့သာ ထွက်လာခြင်း​ပေတည်း။ ထို့​ကြောင့် ဂေါလျတ်အတွက်​တော့ စစ်လက်နက်မရှိသည့် လူငယ်က​လေးအား ရင်ဆိုင်ရန် ပြင်ဆင်ခြင်းသည် စစ်​မြေပြင်သို့ ထွက်တိုက်ရသည့် စစ်သူရဲအလား ပြင်ဆင်ထားခြင်းသည်ပင်လျှင် စစ်သူရဲတစ်ဦးအတွက်​တော့ ရှက်စရာပင်ဖြစ်​ပေမည်။ ထို့​ကြောင့်လည်း ရှက်ရမ်းရမ်းကာ ​သူ့အား ခွေး​မောင်းခြင်းဖြစ်​နေပြီဆိုသည်ကို သူမြင်မိ​သော​ကြောင့် ကျိန်ဆဲခြင်းလည်းဖြစ်နိုင်​ပေမည်မဟုတ်ပါလား။ ​ 

​နာမ​တော်ကို ​စော်ကား၊ ဘုရားသခင်၏ ဗိုလ်​ခြေများကို ဆဲဆို​နေ​သော အဓမ္မ​ကောင် ​ဂေါလျတ်ကြီးအား ရှောလုမှအစ စစ်သည်များအားလုံး ပါးစပ်ပိတ်ကာ ​ကြောက်လန့်၍ ရင်မဆိုင်ရဲကြပါ​သော်လည်း ဒါဝိဒ်က​တော့ ငြိမ်မခံနိုင်ဖြစ်ကာ ထာဝရဘုရား၏ နာမ​တော်တစ်ခုနှင့် ရှေ့သို့ထွက်ခဲ့ခြင်းဖြစ်သည်။ သူ၏ရဲရင့်ခြင်းသည် ကိုယ်​တော်​ကြောင့်ဖြစ်သလို၊ ထိုတိုက်ပွဲသည် နိုင်ငံ​​တော်အတွက်လည်းဖြစ်​ပေသည်။ သူသာမထွက်လျှင် ဖိလိတ္တိလူ၏ လုပ်ချင်တိုင်းလုပ်၊ ဆဲချင်တိုင်းဆဲ၊ အနိုင်ကျင့်ချင်တိုင်းကျင့်၊ ဘုရားမှန်းမသိ၊ တရားမှန်းမသိ၊ အဓမ္မသာကြီးစိုး​နေမည့် အ​ရေးကို ရင်ဆိုင်ရကာ တစ်တိုင်းပြည်လုံး ပျက်ဆီးကြရမည့်အ​ရေးကို ကြုံ​တွေ့ခံစားကြရ​မှာဖြစ်သလို ဖိလိတ္တိလူတို့၏ ​ကောင်းစား​ရေးသာဖြစ်ကာ သူတို့ထံ၌ ကျွန်ခံကြရ​ပေဦးမည်မဟုတ်ပါလား။ ထိုအရာများသာဖြစ်ခဲ့လျှင် လူတိုင်းခံစားရမည်၊ ​ကိုယ်နှင့်မဆိုင်သလို ​နေကြ​သော ​ရှောလုနှင့် စစ်သည်များသာမက သူတို့တိုင်းပြည်ကြီးပါ ကျွန်ခံရမည်ဆိုသည်မှာ ​မြေကြီးလက်ခတ်မလွဲပါ။ 

ဓမ္မရာဇဝင် ပဋ္ဌမစောင် ၁၇:၄၇
ထာဝရဘုရားသည် ဓားလှံအားဖြင့် ကယ်တင်တော်မမူကြောင်းကို၊ ဤပရိသတ်အပေါင်းတို့သည် သိရကြလိမ့်မည်။ အကြောင်းမူကား၊ ထာဝရဘုရားသည် စစ်မှုကိုပိုင်၍၊ ငါတို့လက်သို့ အပ်နှံတော်မူမည်ဟု ဖိလိတ္တိလူအားဆို၏။ 

အာမင် ... ဤစကားသည် ဒါဝိဒ်မှ ​ဂေါလျတ်အားဆိုသည့် စကားပင်ဖြစ်သည်။ မတရား​သောသူတို့၏ အမြင်တွင် သူတို့တွင်ရှိ​သော လက်နက်၊ အင်အား​၊ အာဏာကြောင့်သာ အနိုင်ရမည်ဟု ထင်​လေ့ရှိကြသည်။ ထိုအရာသည် မမှန်​ကြောင်းကို ဒါဝိဒ်သက်​သေပြ​ပေးခဲ့သည်။ ဖိလိတ္တိလူသည် သူအားကိုးရာ လက်နက်၊ ကျိန်ဆဲခြင်း၊ ဒိုင်းလွှား၊ ဝတ်စုံ၊ အစီအရင်​ပေါင်းစုံရှိ​သော်လည်း သူ့ကိုယ်သူမကယ်တင်နိုင်​ခဲ့ပေ။ 

ထာဝရဘုရားသည် စစ်မှုကိုပိုင်၍၊ ငါတို့လက်သို့ အပ်နှံတော်မူမည်ဟု ဖိလိတ္တိလူအားဆိုသည်အတိုင်း ထိုသူသည် ဓါးလှံလက်နက်၊ စစ်သည်အင်အား၊ ကျိန်ဆဲခြင်း၊ မိစ္ဆာအတတ်ကိုပင် သုံး​နေပါ​စေဦး​တော့ ဖိလိတ္တိလူကို ဒါဝိဒ်ကြီး ​ခွေး​မောင်းသကဲ့သို့ ​မောင်းရသည့် ​အောင်ပွဲသည် ကိုယ်​တော်အားဖြင့်ဖြစ်​စေမည်ဟု ဝန်ခံလျှက် ခွန်အားယူကြပါစို့လား။ 

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။ 

#Titus_KyawNyi 

Photo Crd: Internet

Previous Next