အရာရာတိုင်း၌

တခါတခါမှာ ကျွန်တော်တို့က အဆင်မပြေဘူး၊ ကျရှုံးသွားပြီ၊ ဆုံးရှုံးနေတယ်လို့ ခံစားရကြတယ်။ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ အိမ်ထောင်ရေး စသဖြင့် အဆင်မပြေဘူး။ မအောင်မြင်ဘူးလို့ ခံစားနေရတတ်ကြတယ်။ စီးပွားရေးလုပ်တယ် ကုန်သွားတယ်၊ စာမေးပွဲဖြေတယ် အောင်မသွားဘူး၊ တစ်ခုခုကို ဝင်ခွင့်ဖြေတယ် ကိုယ့်နာမည်ပါမလာဘူး၊ အလုပ်ရှာတယ် တစ်ခုမှ အဆင်မပြေဘူး၊ ကျန်းမာရေးက တဖြေးဖြေးထိုးကျလာတယ် စသဖြင့် ဆုံးရှုံးနေတယ်၊ အောင်မြင်ဖို့နေနေသာသာ သာမန်အခြေအနေတောင် မဖြစ်နိုင်ဘူးလို့ ခံစားနေရတတ်တယ်။
ယောဘရဲ့အသက်တာကိုကြည့်ရင် သူအောင်မြင်နေခဲ့ချိန် ပစ္စည်းဥစ္စာကြွယ်ဝချိန်မှာ ကျေးဇူးတော်ကိုချီးမွမ်းတတ်သလို၊ ဆုံးရှုံးရတဲ့အချိန်၊ သားသမီးအကုန်သေသွားရတဲ့အချိန်မှာလဲ ချီမွမ်းတတ်သလို၊ သေလောက်အောင် နာကျဥ်ရသော်လည်း အနာစိမ်းပေါက်လို့ သူ့မိန်းမကတောင် နင့်ဘုရားကို စွန့်ပြီးသေပါလို့ပြောတာတောင် ဘုရားကို မပြစ်မှားသော အရာကိုမြင်တွေ့ရတယ်။ ယောသပ်ကိုကြည့်မယ်ဆိုရင်လည်း ညီအကိုတွေရဲ့ ရောင်းစားခြင်းကိုခံရတယ်၊ တိုင်းတပါးမှာ ကျွန်အဖြစ်နေရတယ်၊ မတရားစွတ်စွဲခံရပြီး ထောင်ကျတယ် သို့သော် ဘုရားကိုမပြစ်မှားဘူးလို့မြင်ရတယ်။ ယောဘနဲ့ယောသပ်၏ ထိုအခြေအနေတွေရဲ့ နောက်ပိုင်းကိုပြန်ကြည့်တဲ့အခါမှာတော့ သာ၍ဝမ်းမြောက်ရတယ် သာ၍ကျေးဇူးတော်ကိုချီးမွမ်းရသောအခွင့်ကိုရတယ်ဆိုတာ မြင်တွေ့ရတယ်။
ဆာလံကျမ်း ၂၇:၁၄
ထာဝရဘုရားကို မျှော်လင့်လော့။ အားယူ၍ ရဲရင့်သော စိတ်နှလုံးရှိလော့။ ထာဝရဘုရားကို မျှော်လင့်လျက်နေလော့။
အရာရာတိုင်းမှာ ကျေးဇူးတော်ကို ချီးမွမ်းတတ်သောသူဖြစ်စေဖို့ ဘုရားသခင်အလိုတော်ရှိပါတယ်။ ထိုသူတွေရဲ့ အသက်တာကို ကြည့်မယ်ဆိုရင်လည်း၊ သူတို့ရဲ့ နာကျဥ်ရခြင်း၊ ဆုံးရှုံးခြင်းတွေသည် အကြောင်းရှိတယ်ဆိုတာကို နားလည်ရတယ်။ ခံစားနေရတဲ့အချိန်မှာတော့ ငိုကြွေးချင်မိမှာဖြစ်သော်လည်း ကျော်ဖြတ်ပြီးတဲ့အချိန်မှာတော့ ထိုအချိန်တွေကို ပြန်လည်ဆင်ခြင်တဲ့အခါမှာ သာ၍ကျေးဇူးတော်ကို ချီးမွမ်းမိမယ်လို့ ယုံကြည်ပါတယ်။
ကျွန်တော်တို့ရဲ့ အောင်မြင်ခြင်း၊ ရှုံးနိမ့်ခြင်း ဆိုတာတွေထက် အရာရာ၌ ကျေးဇူးတော်ကို ချီးမွမ်းတတ်ဖို့အရေးကြီးသလို ကျွန်တော်တို့ရဲ့ အောင်မြင်ခြင်း ရှုံးနိမ့်ခြင်းတွေထက် ဘုရားသခင်ကို အရာရာ၌ မျှော်လင့်သောသူတွေဖြစ်စေဖို့ သာ၍အရေးကြီးပြီးတော့၊ ထိုအရာတွေမှ သင်ယူခြင်း၊ ပြုပြင်ခြင်းနှင့် ဘဝအသက်တာအတွက် သင်ခန်းစာယူ၍ ကျေးဇူးနှင့် ဂရုဏာတော်ကို သာ၍ခံစားရဖို့ရှိတယ်ဆိုတာကို အားယူ၍ ရဲရင့်ခြင်းရှိစေကြဖို့ရာ အနည်းငယ်တိုက်တွန်းခွန်အားပေးချင်ပါတယ်။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet