November 26, 2026

သူတပါးအတွက် နှိုး​ဆော်တတ်သူ

လူ့သ​ဘောသဘာဝအရ မိမိ​ကောင်းစားလျှင် ​မိတ်​ဆွေ၊ အ​ပေါင်းအသင်း၊ မိသားစု၊ မိမိအသင်းအဖွဲ့ကိုလည်း ​မေ့သွားတတ်ကြသည်။ အိတ်​ဖောင်းလို့ စိတ်​ပြောင်းခြင်းဟုပင် ဆိုရိုးရှိသည် မဟုတ်ပါလား။ 

​ထို့အတူပဲ တခါတလေမှာ သူတပါးအား ​ကောင်းစား​စေရန် ​ပြောဆို​ပေးခြင်းကို လုပ်​ဆောင်​လေ့မရှိကြ​ချေ။ မိမိ၏ လုပ်​ဆောင်ခြင်းကို မိမိသာ အကျိုးခံစားချင်တတ်ကြသလို၊ အချို့မှာလည်း သူတပါးထံမှ အသီးအပွင့်ကို ခူးဆွတ်တတ်ကြသည်။ 

သာ၍ဆိုးသည်မှာ လူတချို့ဆိုလျှင် လုပ်ငန်းခွင်တွင် မိမိ၏ လုပ်​ဖော်ကိုင်ဖက်၊ လက်​အောက်ငယ်သား၊ စသဖြင့် တဦးဦး၏ လုပ်​ဆောင်​သော အရာများကို မိမိလုပ်သ​​ယောင်ဖြင့် အကျိုးခံစားခြင်း၊ နာမည်ယူခြင်းများကိုပင် လုပ်​ဆောင်တတ်ကြသည်ကိုလည်း မြင်​တွေ့ရတတ်သည်။ 

ထို့​ကြောင့် မိမိလုပ်​ဆောင်​သောအရာအား အခြား​သောသူတဦးဦးကို မျှ​ဝေခံစားခွင့်​ပေးရန်မှာ လူ့အ​နေဖြင့် မလွယ်ကူလှ​သော ​ဝေမျှခြင်းတစ်ခုဖြစ်​ချေသည် မဟုတ်ပါလား။ မိမိရရှိ​သော အကျိုးတစ်ခုခုအား သူတပါးအားခံစားရ​စေရန် နှိုး​ဆော်​ပေးခြင်းသည် အင်မတန်မှ ​​တွေ့ရခဲ​သော အရာဖြစ်​ပေသည်။ 

ဒံယေလအနာဂတ္တိကျမ်း ၂:၄၉
ထိုအခါ ဒံယေလသည် သံတော်ဦးတင်သော ကြောင့်၊ မင်းကြီးသည် ရှာဒရက်၊ မေရှက်၊ အဗေဒနေ ဂေါတို့ကို ဗာဗုလုန်နိုင်ငံတွင် ဝန်အရာ၌ ခန့်ထားတော် မူ၏။ ဒံယေလသည် နန်းတော်ဦး၌ နေရလေ၏။ 

ဒံ​ယေလသည် နေဗုခဒ်​နေဇာမင်းကြီး၏ အိပ်မက်ကို အနက်ပြန်ဆို​ပေး​သောသူ ဖြစ်သည်။ ဒံ​ယေလအားဖြင့် ဘုရားသခင် အသုံးပြုခဲ့သည်ဖြစ်သလို မင်းကြီးအား​လျှောက်ထားသူမှာလည်း ဒံ​ယေလတစ်ဦးတည်းပင်ဖြစ်​ချေသည်။ ထို့​ကြောင့် အမြင်မှာ​တော့ ထိုအသီးအပွင့်အကျိုးကို ခံစားရမည်ဆိုလျှင် ဒံ​ယေလသာ ဖြစ်သင့်သည် မဟုတ်ပါလား။ သို့​သော် သူသည် ရှာဒရက်၊ ​မေရှက်၊ အ​ဗေဒ​နေ​ဂေါတို့အတွက်ကိုပါ သံ​တော်ဦးတင်သည်ကို ထူးခြားစွာမြင်​တွေ့ရသည်။ 

လူ့အ​နေဖြင့်ကြည့်လျှင် "ငါလုပ်တာ ငါခံစားမယ်" သို့မဟုတ် "ငါရရင်ပြီး​ရပြီ" စသဖြင့် အခြားသူများအတွက် မိတ်​ဆွေအ​ပေါင်းအသင်းအတွက် စဥ်းစားမည်မဟုတ်​ချေ။ အမုန်းခံ၊ အာ​​​ညောင်းခံကာ မျက်နှာပျက်ခံ​၍ ပြော​ပေးမည် မဟုတ်​ဟု သတိပြုမိစရာရှိသည်။ 

သို့​သော် ဒံ​ယေလသည် မိတ်​ဆွေ ၃ဦးအတွက် ရှင်ဘုရင်အား မ​ကြောက်မရွံ့​လျှောက်တင်​ပေးသည်။ သူ့လုပ်​ဆောင်ချက်ဖြစ်​သော်လည်း ထိုသူများအား အကျိုးကို ခံစားရ​စေသည်။ ထိုအရာသည် ​မေတ္တာ​ကြောင့်ဖြစ်သလို၊ အသင်းအဖွဲ့၏ စိတ်​နေစိတ်ထားပင်ဖြစ်သည်။ 

ထို့​ကြောင့် ကျွန်ုပ်တို့ကိုယ်တိုင် အဖိုးအခ​ပေးတတ်​သောသူဖြစ်​စေကာ မိမိတို့ယုံကြည်သူများအတွက် ​ဆော်ဩ​ပေးသူ၊ အသင်း​တော်အတွက် နှိုး​ဆော်​ပေးတတ်သူ၊ သူတပါးအတွက် ​ဆော်ဩ​ပေး​သောသူများဖြစ်​စေဖို့ ဆင်ခြင်ကြရ​အောင်ဟု အနည်းငယ်တိုက်တွန်း နှိုး​ဆော်လိုက်ပါတယ်။ 

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။ 

#Titus_KyawNyi 

Photo Crd: Internet

Previous Next