December 23, 2024

နာကျင်မှုများအား ရင်ဆိုင်ရခြင်း - အပိုင်း ၇ (နိဂုံး)

 

ဟန္နကိုကြည့်လျှင် ဒဏ်ရာများ နှင့်အတူ "ထာဝရဘုရား ရှေ့တော်၌ စိတ်နှလုံးကို သွန်းလောင်းခြင်း" ကြောင့် ရှမွေလကို အချိန်တန်သည့်နောက်တွင် မြင်ရခဲ့သည်။

ဂိဒေါင်သည်လည်း သူခံစားနေရသော ဒဏ်ရာများကြားထဲမှပင် "ရန်သူတပ်ချရာသို့ ချီသွားလော့၊ သင့်လက်၌ ငါအပ်မည်" ဟူသော စကားသံကို ယုံကြည်လျှက် လူသုံးရာနှင့် အလုံးအရင်းရှိသော မိဒျန်တပ်ကြီးအား အနိုင်ရခဲ့သည်။

"ငါခံရသမျှသော ပင်ပန်းခြင်းနှင့် ငါ့အဘ၏ အိမ်သားအပေါင်းတို့ကို ငါမေ့စေခြင်းငှါ ဘုရားသခင်ပြုတော်မူပြီ" ဟူသော စကား၊ "ဘုရားသခင်သည် ငါဆင်းရဲခံရသောပြည်၌ ငါ့ကိုပွားများစေတော်မူပြီ" ဟူသော စကားသည် ယောသပ်အဖို့တော့ လွတ်မြောက်ခြင်း (Deliverance) တစ်ခုပင် ...

ယောဘ၏ ကြုံတွေ့ရခြင်း အသီးသီးပြီးသည့်နောက် "ထိုသို့ ထာဝရဘုရားသည် ယောဘ၏ရှေ့ဖြစ်ဟန်ကို ကောင်းချီးပေးတော်မူသဖြင့်" နှစ်ဆသော ကောင်းကြီးမင်္ဂလာကို ခံစားရရှိခဲ့သည်။

မိမိအား စိတ်ဆိုးမာန်ဆိုးဖြင့် ပြောဆိုခြင်းသာမက ကျောက်ခဲနှင့်ပစ်မည်ဟူသော ခြိမ်းခြောက်သံများအကြား၌ "ဒါဝိဒ်မူကား မိမိထာဝရဘုရားကို ကိုးစားလျက်နေ၍" ဟူသော အချက်သည် သော့ချက်တစ်ခု ... သားဖြစ်သူ သစ္စာဖောက်ကာ ပုန်ကန်ခြင်းကြောင့် ထွက်ပြေးနေရခြင်း၊ စိတ်ရော လူပါ ပင်ပန်းကာ မောပန်းနေသော်လည်း ဘုရားသခင်အား မမေ့မလျော့ အားကိုးခြင်းသည် "တောင်ပေါ်သို့ ရောက်သောအခါ ဒါဝိဒ်သည် ဘုရားသခင်ကို ကိုးကွယ်၏" ဟူသည့် အချက်သည် သက်သေပင် ... ထိုသို့ပြေးနေရသည့်အချိန်တွင်ပင်လျှင် ရှိမိ၏ ကျိန်ဆဲသော စကားအား "ထာဝရဘုရားသည် ငါ၏ဒုက္ခကိုကြည့်ရှု၍ ယနေ့ ထိုသူကျိန်ဆဲသည်အတွက် ကောင်းသောအကျိုးကို ပြန်ပေးကောင်း ပေးတော်မူလိမ့်မည်" ဟူသော သူ၏ စကားသည် သူ၏မျှော်လင့်ခြင်းနှင့် ဘုရားသခင်အားမျှော်ကြည့်ခြင်း တစ်ခုဟုလည်း ဆိုနိုင်သေး၏။ 

ရှင်ပေါလုသည်လည်း ခရစ်ယာန်ဖြစ်လာသောကြောင့်၊ ခရစ်တော်နောက်သို့ လိုက်ခြင်းကြောင့် အရင်အချိန်နှင့် ဆန့်ကျင်ဘက်လုံးလုံး ခံစားရ၍ ဒုက္ခဆင်းရဲများစွာခံစားခဲ့ရသော်လည်း "အသက်ရှင်သောအရာမှာ ခရစ်တော်ဖြစ်၏" ဟူသည့် စကားသည် မြေကြီးအရာများသာဖြစ်သော လောကစည်းစိမ်၊ နာမည်ကြီးခြင်း၊ အောင်မြင်ခြင်း၊ ကြီးပွားခြင်း၊ ကျန်းမာ ချမ်းသာခြင်းများသာ ဆိုလေ့ရှိသော ယနေ့ ကျန်းမာချမ်းသာ ဒေသနာရှင်များနှင့်တော့ ဆန့်ကျင်ဘက်ပင် ... ထို့သို့ ခပ်သိမ်းသော အရာများအားလည်း "မစင်ကဲ့သို့ ငါထင်မှတ်၏" ဟုဆိုရုံသာမက နောက်၌ရှိခဲ့သော အရာတို့အား မမှတ်ဘဲ အရှေ့ကိုသာ ဆက်ကြည့်ရင်း "ယေရှုခရစ်အားဖြင့်ဘုရားသခင်သည် အထက်အရပ်မှ ခေါ်တော်မူခြင်းနှင့် ဆိုင်သောဆုကို ရခြင်းငှါ၊ ပန်းတုံးတိုင်သို့ ငါလိုက်ပြေး၏" ဟုဆိုကာ သခင်ယေရှုကိုသာ စေ့စေ့ကြည့်ခဲ့ကြောင်းမှာ ကျမ်းစာသည် သက်သေပင် ...

"အကျွန်ုပ်အလိုရှိသည်အတိုင်း မဖြစ်ပါစေနှင့်။ ကိုယ်တော်အလိုရှိသည် အတိုင်း ဖြစ်ပါစေသော" ဟူသည့် ဆုတောင်းချက်နှင့်အတူ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုများကြားထဲမှပင် သခင်ယေရှု၏ ကားတိုင်လမ်းသို့ ဆက်လှမ်းခဲ့ခြင်းသည် ကျွန်ုပ်တို့ လောကီသားများအတွက်တော့ တန်းဖိုးမဖြတ်နိုင်သည့် "ကယ်တင်ခြင်းကျေးဇူးတော်" တနည်းဆိုသော် မထိုက်တန်သော်လည်း ရရှိနိုင်သည့် တစ်ခုတည်းသော "လွတ်မြောက်ရာလမ်း" ပင်ဖြစ်သည်မဟုတ်ပါလား ...

အချုပ်အားဖြင့်ဆိုရသော် နာကျင်မှုများနှင့် ဒဏ်ရာများအား ရင်ဆိုင်ရချိန်တွင် ... အထက်ပါပုဂ္ဂိုလ်များမှာတော့ ဘုရားသခင်အား ယုံကြည်ကိုးစားခြင်း၊ ထိုနာကျင်မှုဒဏ်ရာများမှ မိမိကောင်းကျိုး၊ သူတပါးကောင်းကျိုးများကိုလည်း ခံစားရခြင်း၊ ဘုရားသခင်ဘုန်းတော်ထင်ရှားခြင်းများကို တွေ့ရပေသည်။

ကျွန်ုပ်တို့သည်လည်း မိမိတို့လက်ရှိ နာကျင်စွာ ရင်ဆိုင်ကြုံတွေ့နေရသော ဒဏ်ရာအသီးသီးသည် တနေ့၌ သက်သေခံချက်တစ်ပုဒ်၊ သမိုင်းဝင်ဇာတ်လမ်းတစ်ခု၊ ရာဇဝင်တစ်ခုဖြစ်လာကာ မည်သို့ ရင်ဆိုင်ခဲ့ကြသည်ဟု သက်သေခံစရာပင်ဖြစ်လာချေဦးမည်။

ထို့ကြောင့် (Trust God) နာကျင်ရချိန်၌လည်း ဘုရားသခင်အား ယုံကြည်ကိုးစားပါ။ (Good For You) နာကျင်မှုသည် သင့်အတွက်ကောင်းဖို့ရန်လည်းဖြစ်သည်။ (Good For Others) နာကျင်မှုသည် သူတပါးကောင်းဖို့ရန်လည်းဖြစ်သည်။ (Glory For God) နာကျင်မှုသည် ဘုရားသခင်ဘုန်းတော်အတွက်လည်း ဖြစ်သည်။ ဟူသည့် ဤအချက်လေးချက်သည် ထိုသူတို့၏ ရင်ဘတ်ထဲမှ ဒဏ်ရာများအား ပိုမိုအသက်ဝင်စေခဲ့သည်ကိုတော့ ငြင်းနိုင်မည်မထင်ပါ။

ဘုရားရှင်ဆက်လက်စကားပြောပါစေ။

#Titus_KyawNyi

Photo Crd: Internet

Previous Next