STOP
S.T.O.P (စတော့ပ်) ရပ်တန့်သည် ဟူသော အဓိပ္ပါယ်ကို ငယ်စဥ်ကတည်းက သင်ယူဖူးကြသည်။ ကယ်လီဖိုးနီးယားသို့ရောက်ရှိလာပြီးနောက်တွင် ကားလမ်းမများတွင် "STOP" ဆိုသည့် ဆိုင်းပုဒ်များကို ကျွန်ုပ်များစွာမြင်တွေ့ရသည်။ ထိုလမ်းနေရာတွင်လည်း မျဥ်းများတားထားသေး၏။ အကြောင်းမှာ ထို "STOP" ဟူသည့် ဆိုင်းပုဒ်ထောင်ထားသည့်နေရာတွင် ကားတွင်ပါရှိသော ဘီးလေးဘီးစလုံး အကုန်ရပ်တန့်ပြီးမှ ဆက်မောင်းရန်ဖြစ်သည်။ မိမိလမ်းသည် မည်မျှပင် ရှင်းလင်းနေပါစေဦးတော့ ထိုနေရာတွင် မရပ်တန့်၍မရ ရပ်ပြီးမှသာ ဆက်မောင်းရသည်။
ကျွန်တော်ကတော့ ထိုအရာကို စိတ်ထဲတွင် ယခုကဲ့သို့ မှတ်ယူမိပါသည်။ "STOP, WATCH and GO" ရပ်၊ ကြည့်၊ သွား ဟူ၍ပင် ... ထို့အတူ ကယ်လီဖိုးနီးယားတွင် ကျွန်ုပ်တို့ သွားလာသမျှသော လမ်းတိုင်းနီးပါး "STOP SIGN" များကိုတွေ့ရသကဲ့သို့ ထိုနေရာကိုဖြတ်ခါနီးတိုင်းအမြဲတမ်း ကားဘီးအကုန်လုံးပင်ရပ်တန့်ပြီးမှသာ ဆက်မောင်းရပေသည်။
မိမိတို့ ဝိညာဥ်ရေးရာအတွက်လည်း ထို "STOP" ဟူသည့်အရာလည်းလိုအပ်သည်ဟုနားလည်ရသည်။ "STOP, WATCH and GO" ဟူသောအရာသည် ကျွန်ုပ်တို့ ယုံကြည်သူတိုင်း နားလည်ရမည့်အရာတစ်ခုဆိုလျှင်လည်း မှားမည်မထင်ပါ။
ကျွန်တော်တို့တစ်ခုခုလုပ်မည်ဆိုတိုင်း "STOP" ခဏတာရပ်တန့်ပါ။ လုပ်ဆောင်မည့်အရာတိုင်းသည် အဆင်ပြေသည်ဖြစ်စေ၊ အဆင်မပြေသည်ဖြစ်စေ ခဏတာ ရပ်တန့်၍ "WATCH" ဆိုသည့်အတိုင်း ဆင်ခြင်တတ်ပါစေ။ လုပ်ဆောင်မည့်အရာသည် ဘုရားဘုန်းတော်ရှုံ့ချစရာဖြစ်မည်လား၊ ပြောဆိုမည့်အရာသည် ဘုရားနာမတော် ထိခိုက်စေမည်လား၊ ဝိညာဥ်ရေးရာအကျိုးရှိမည်လား စသဖြင့် ခဏတာဆင်ခြင်ကြည့်ရန်လိုအပ်သည်။ ထို့နောက်မှသာ "GO" ဆိုသည့်အတိုင်း လုပ်ဆောင်မည့်အရာကို ဆုတောင်းခြင်းဖြင့် ဆက်လက်လုပ်ဆောင်ရပေမည်ဟု နားလည်မိပါသည်။
တနည်းအားဖြင့်ဆိုရလျှင် မိမိတို့၏ ဇာတိပကတိများကို ခဏတာရပ်တန့်ပြီးမှ ဘုရားဘုန်းတော်ထင်ရှားမလား၊ ထိမိ၍လဲစရာဖြစ်မည်လား၊ ဝိညာဥ်ရေးရာဆုံးရှုံးစေမည်လား စသဖြင့်ကို ဆင်ခြင် ကြည့်ရှုပြီးမှ ဆုတောင်းခြင်းဖြင့် ဆက်လက်လုပ်ဆောင်ရမည်ဟူ၍လည်း နားလည်ရပေသည်မဟုတ်ပါလား။
ထို့ကြောင့် ကျွန်တော်တို့အယောက်စီတိုင်းသည် မိမိတို့၏ ဇာတိပကတိကြီးစိုးလာမိခြင်းများကို "STOP" ရပ်တန့်လျှက် ဆင်ခြင်ရင်း ရှေ့သို့ဆက်ကြပါစို့။
ဂလာတိဩဝါဒစာ ၅:၂၄
ခရစ်တော်နှင့်စပ်ဆိုင်သောသူတို့သည် ဇာတိပကတိကို၎င်း၊ ဇာတိပကတိစိတ်များနှင့် အလိုဆန္ဒများ ကို၎င်း၊ လက်ဝါးကပ်တိုင်မှာ ရိုက်ထားကြပြီ။
ဆုတောင်းချက်။ အဖဘုရားသခင် ကျွန်တော်တို့၏ သိရက်နှင့်ဖြစ်စေ၊ မသိရက်နှင့်ဖြစ်စေ ပြုမိမှားသော အပြစ်များကို ဝန်ချပါ၏။ ယခုမှစ၍ ကျွန်တော်တို့သည် မိမိတို့ လုပ်ဆောင်ချင်သော ဇာတိပကတိများကို ရပ်တန့်၍ ဆင်ခြင်ကာ ဝိညာဥ်ရေးရာအကျိုးများအတွက် ကြည့်ရှုရင်း ရှေ့သို့ သာ၍တိုး၍ လုပ်ဆောင်နိုင်စေဖို့ရာ "STOP" ဟူသော "SIGN" ကို အမြဲသတိရစေပါအဖဘုရားသခင် ... တစ်ပါးတည်းသော သားတော်သခင်ယေရှုခရစ်တော်၏ အမည်နာမတော်မြတ်၌ ဆုတောင်းပါ၏ ... အာမင်။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet