မတိမ်းဆောင်းဖို့
ကျွန်ုပ်တို့ယုံကြည်သူ ခရစ်ယာန်များသည် ဤလောကတွင် ခေတ္တလာရောက် နေထိုင်ကြသည်ကို နားလည်ကြမည်ဖြစ်သော်လည်း တစ်ခါတစ်ရံတွင် ထိုအရာကိုပင် မေ့လျော့နေမိကာ လောကအရာတွေကိုသာ ဦးစားပေးနေတတ်ကြသည်။ အချို့မှာလည်း လောကစရိုက်များ၊ လောကသဘောများကို ပြုမူလုပ်ဆောင်တတ်လာကြပြန်သည်။ ကျွန်ုပ်တို့ သတိလက်လွတ် နေထိုင်မိကြသည်ကို ယနေ့တွင် နောင်တရကာ ဆင်ခြင်ပြင်ဆင်ရန် ဖြစ်ချေသည်။
အချို့ကလည်း လဘ်ပေးလဘ်ယူ၊ တံစိုးစားခြင်း၊ အပေးအယူများလုပ်ကာ ပျော်မွေ့နေကြပြန်သည်။ အချို့မှာလည်း 'ဂါ' ဟူသော စကားလုံးအတိုင်း 'ဂါ' မှသာ အလုပ်ဖြစ်သည်ဟုပင် ကျင့်ကြံပြူမူနေကြသည်။ ဖြောင့်မတ်ခြင်းသည် ဝါးစား၍မရဟုပင် လက်ခံထားကြသကဲ့သို့ပင်ဖြစ်သည်။
အချို့ကျပြန်တော့လည်း အသက်တာတွင် တည်ကြည်ခြင်းမရှိသော အသက်တာနှင့်နေထိုင်မိကြသည်။ အပျော်ရှာခြင်းသည် အပျော်ပင်ဖြစ်သည်ဟုဆိုတတ်ကြသည်လည်းရှိသည်။ ပျော်မည်ပါးမည်၊ မူးမည်ကဲမည်၊ လုပ်ချင်ရာလုပ်မည်၊ ဆက်လက်၍လည်း နောက်ဆက်တွဲ ကိစ္စများ (မတရားသောမေထုန်) ပါချင်ပါလာနိုင်ဦးမည်ဖြစ်သည်။ လောကသဘောအတိုင်း တန်ရာတန်ကြေး ပေးချေ၍ ပျော်ပါးခြင်းသည် ရောင်းသူဝယ်သူ အဆင်ပြေ၍ အပြစ်မဟုတ်ဟု ဆိုတတ်သော အတွေးအခေါ်များလည်း ရှိနေတတ်ကြသည်။
သို့သော် ကျွန်ုပ်တို့ယုံကြည်သူ ခရစ်ယာန်များသည် ထိုကဲ့သို့အသက်ရှင်သော အမျိုးအစားများထဲတွင် ပါဝင်မိနေလျှင် ယနေ့တွင် မိမိ၏ အသက်တာကို ပြန်လည်ဆင်ခြင်ကာ ပြင်ဆင်၍ နောင်တရသော အသက်တာဖြစ်စေဖို့ရန် ဘုရားရှင်သင့်ကို တို့ထိစကားပြောပါစေ။
ကျွန်ုပ်တို့၏ သွားလေရာရာကို ဆင်ခြင်ရမည်ဖြစ်သလို၊ ထိုလမ်းများအတိုင်းသွားကြသော်လည်း အချို့ပတ်ဝန်းကျင်တွင် များစွားသော အကျင့်ပျက်ခြစားခြင်းများလည်း ရှိနေတတ်သည်။ ထိုသို့သော အချိန်မျိုးတွင်လည်း တည်ကြည်သောစိတ်ရှိကာ ဖြောင့်မတ်ခြင်းရှိပါစေဟု နားလည်ရပါတယ်။ မိမိ၏ သွားလေသမျှ၊ ရောက်တတ်ရာရာ၊ ပတ်ဝန်းကျင်များကိုလည်း စူးစမ်း၍ ပိုင်းခြားဖို့ရန် လိုအပ်ပါတယ်။ သို့မှသာ အဘယ်သို့မည်သည်ကို နားလည်နိုင်ကာ ဆင်ခြင်နိုင်မည်ဖြစ်သည်။ သို့မှသာ ရှောင်ရှားရမည်လား သို့မဟုတ် ထိုဝန်းကျင်တွင် ဆက်လက်၍ ဖြောင့်မတ်တည်ကြည်စွာ အသက်ရှင်နိုင်မည်လားကို ပိုင်းခြားနိုင်မည် မဟုတ်ပါလား။
သုတ္တံကျမ်း ၄:၂၆-၂၇
သင်သွားရာလမ်းကို စူးစမ်း၍၊ သွားလေရာရာ၌ တည်ကြည်ခြင်းရှိစေလော့။
လက်ျာဘက်၊ လက်ဝဲဘက်သို့ မတိမ်းမလွှဲနှင့်။ ဒုစရိုက်ပြုရာ လမ်းကို ရှောင်လော့။
ကျွန်ုပ်တို့ယုံကြည်သူ ခရစ်ယာန်များသည် လောကတွင် အသက်ရှင်နေထိုင်ရာတွင် ဒုစရိုက်များစွာ မြင်တွေ့ရနိုင်သလို၊ အချို့မှာလည်း လုပ်ဆောင်တတ်ကြသည်။ သို့သော်လည်း ကျွန်ုပ်တို့သည် ထိုသို့သော ဒုစရိုက်များနှင့် ဒုစရိုက်ကို ပြုစေမည်ဖြစ်သော လမ်းများကိုရှောင်ရှားဖို့လိုပါတယ်။ ဥပမာဆိုရရင် မိမိ၏ အလုပ်သည် ဒုစရိုက်ကို ပြုစေသော လမ်းစတစ်ခုဖြစ်လျှင် မိမိ ပြုပြင်နိုင်လျှင်ပြုပြင်ပါ၊ မပြုပြင်နိုင်လျှင် ထိုဝန်းကျင်မှ ရှောင်ရှားသင့်သည်၊ သို့မဟုတ် မိမိပါ ထိုဒုစရိုက်ကို ပြုမိနိုင်သည်ဟု နားလည်ရသည်။
သမ္မာတရားအတိုင်း အသက်ရှင်နေထိုင်သော အသက်တာ ဖြစ်စေရန် အင်မတန်အရေးကြီးပါတယ်။ ဒါ့ကြောင့် ကျွန်ုပ်တို့သည် သမ္မာတရားကို ပိုင်းခြားနားလည်ရမည်။ ဘေးဘယ်ညာကို တိမ်းစောင်းတတ်သော တစ်ဖက်ပိတ် ခရစ်ယာန်များ မဖြစ်စေရန် ဆင်ခြင်ရမည်ဖြစ်သည်။ သမ္မာတရားဟု အော်ကာ တစ်ဖက်သာ မြင်တတ်လျှင်တော့ အလိုင်းမင်းစောင်းသော ဘယ်ယိမ်းခရစ်ယာန်၊ ညာယိမ်းခရစ်ယာန် ဖြစ်ချေတော့မည်။ ထို့ကြောင့် ကျွန်ုပ်တို့ ယုံကြည်သူ ခရစ်ယာန်များသည် လက်ျာဘက်၊ လက်ဝဲဘက်သို့ မတိမ်းမလွှဲဘဲ ဒုစရိုက်ပြုရာ လမ်းကို ရှောင်ကျဥ်သော အသက်တာနှင့် အသက်ရှင်ကြပါစို့ဟု အနည်းငယ် တိုက်တွန်း ခွန်အားပေးချင်ပါတယ်။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet