ကာလအချိန်
လက်ရှိကာလသည် အချိန်ကာလအားဖြင့် ခက်ခဲပင်ပန်းနေချိန်၊ စိတ်နှလုံးကြေကွဲနေချိန်၊ ငိုကြွေးမြည်တမ်းနေချိန်၊ နာကျင်နေကြသည့်အချိန်ကာလလည်းဖြစ်ကြပေလိမ့်မည်။ မိမိတို့၏ မြင်ကွင်းများကို မျက်ရည်စများနှင့်ရောယှက်ကာ ကြည့်ရှုနေရာကာလသည် ဘယ်လောက်ကြာခဲ့ပါလိမ့်ဟုပင် မတွေးချင်မိလောက်အောင် စိတ်နှလုံးကြေကွဲနေကြမည်ဟု ထင်မိပါသည်။
သမ္မာကျမ်းစာထဲတွင်လည်း ထိုသို့သော ကာလအချိန်များစွာကို ကျော်ဖြတ်ခဲ့ဖူးသူများစွာ ရှိပေသည်။ ယောသပ်၏ အသက်တာကိုကြည့်မည်ဆိုလျှင် အစ်ကိုများ၏ ရောင်းစားခံရခြင်း၊ အင်မတန် ခက်ခဲဆင်းရဲခြင်း၊ မတရားစွတ်ဆွဲခံရခြင်း၊ ထောင်နန်းစံရခြင်း စသဖြင့် ဝမ်းနည်းကြေကွဲစရာများစွာကို ရင်ဆိုင်ခဲ့ရဖူးပါသည်။ ထိုကာလအချိန်ကို ကျော်ဖြတ်ပြီးမှသာ သူ၏ရူပါရုံပြည့်စုံခဲ့သည်။
ဒါဝိဒ်၏ အသက်တာကို ကြည့်မည်ဆိုလျှင် ဘိသက်ခံခဲ့ရပြီးသော်လည်း ရှောလုဘုရင်၏ လုပ်ကြံသတ်ဖြတ်မှုကို ရှောင်တိမ်းခဲ့ရခြင်း၊ ထွက်ပြေးခဲ့ရခြင်း၊ အဖော်မဲ့စွာနေခဲ့ရခြင်းများစွာကိုလည်း ကြုံတွေ့ခဲ့ရသည်။ အမျိုးမျိုးသောဆင်းရဲဒုက္ခကြုံရခြင်း၊ အချင်းချင်း၏ အပြစ်တင်ခြင်းကိုခံရခြင်း၊ စသဖြင့် စိတ်နှလုံးကြေကွဲရာကာလကို ဖြတ်ကျော်ခဲ့ပြီးမှသာ ရှင်ဘုရင်ဖြစ်ခဲ့ရသည်။
ဂိဒေါင်၏ အသက်တာကိုကြည့်မည်ဆိုလျှင် မိဒျန်လူတို့၏ အကြမ်းဖက်ခြင်းများစွာ ခံစားခဲ့ရဖူးသည်။ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းကြောင့် ကြောက်ရွံ့နေရခြင်း၊ မိမိကိုယ်ကိုယ် စိတ်ဓါတ်ကျနေခြင်းများစွာကို မြင်တွေ့ရသလို၊ ကိုယ်ထိလက်ရောက် အကြမ်းဖက်ခြင်းကြောင့် လူတို့သည် ပုန်းရှောင်ရခြင်း၊ ပျက်ဆီးဆုံးရှုံးခြင်းများကို ရင်ဆိုင်ကြုံတွေ့ရခြင်းများစွာလည်းရှိကြသည်။
မော်ဒဂဲ၊ ဧသတာနှင့် ယုဒလူမျိုးတို့သည် ဟာမန်၏ အကွက်ကျကျစီစဥ်သော စနစ်တကျအကြမ်းဖက်ခြင်းကို ခံစားခဲ့ကြရသည်။ ထိုအရာသည် သေသေချာချာ ပြင်ဆင်ထားသော ဥပဒေကို ထုတ်၍ ယုဒလူမျိုးများအားလုံးကို သတ်ဖြတ်ရန်ကြံစည်ခြင်းပင်ဖြစ်သည်။ ထိုကာလသည် သူတို့အတွက် စိတ်နှလုံးကြေကွဲရာကာလ၊ အစာရှောင်ရာကာလ၊ ငိုကြွေးမြည်တမ်းရာကာလ၊ အဝတ်ကိုဆုတ်လျှက် အော်ဟစ်ရာကာလများပင်ဖြစ်ချေတော့သည် မဟုတ်ပါလား။
စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း (Psychological Violence)၊ ကိုယ်ထိလက်ရောက် အကြမ်းဖက်ခြင်း (physical Violence)၊ စနစ်တကျစီစဥ်၍ အကြမ်းဖက်ခြင်း (Structural Violence) စသဖြင့် အမျိုးမျိုးသော အကြမ်းဖက်ခြင်းများနှင့် စိတ်နှလုံးကြေကွဲရာကာလများကို ဖြတ်ကျော်ပြီးသည့်နောက်တွင်တော့ ရူပါရုံပြည့်စုံခြင်း၊ ရှင်ဘုရင်ဘိသက်ပြည့်စုံခြင်း၊ မိဒျန်များကို တိုက်ထုတ်နိုင်ခြင်း၊ ဟာမန်၏ အကြံအစည်ပျက်ဆီး၍ အောင်နိုင်ရခြင်းများကို တွေ့ရပေသည်။
သုတ္တံကျမ်း ၁၃:၁၂
မျှော်လင့်သောအရာသည် ဖင့်နွဲလျှင်၊ စိတ်နှလုံးကို ပူပန်စေတတ်၏။ အလိုပြည့်စုံသော အခါမူကား အသက်ပင်ဖြစ်၏။
ထိုကာလများကို ဖြတ်ကျော်နေရသည့် အချိန်ကာလသည် အင်မတန်ခက်ခဲပင်ပန်းလှသည်၊ အင်မတန် စိတ်နှလုံးကြေကွဲကြရသလို ငိုကြွေးမြည်တမ်းရာကာလလည်းဖြစ်ချေသည်။ ထို့ကြောင့် ဖြတ်သန်းနေရစဥ်ကာလသည် အလိုမပြည့်စုံသေးသဖြင့် စိတ်နှလုံးလည်းပူပန်ကြမည်မှန်သော်လည်း အလိုပြည့်စုံကြရဦးမည်ဖြစ်ပေသည်။ အလိုပြည့်စုံရသည့်နောက်တွင်တော့ ယောသပ်ကြီးအသက်ပင်ပေါက်သလို၊ ဒါဝိဒ်၊ ဂိဒေါင်၊ မော်ဒဂဲနှင့် ယုဒလူမျိုးများလည်း အသက်ပင်ပေါက်ခွင့်ရခဲ့ကြသည်မဟုတ်ပါလား။
ကျွန်ုပ်တို့လည်း ယနေ့ရင်ဆိုင်နေရသော ကာလအချိန်တို့သည် စိတ်နှလုံးကြေကွဲခြင်း၊ နာကျင်ခံစားရခြင်း၊ ငိုကြွေးမြည်တမ်းခြင်းများစွာနှင့် ခက်ခဲပင်ပန်းစွာ ရင်ဆိုင်ကျော်လွှားနေကြရမည်ဖြစ်သော်လည်း ထိုကာလများကို ဖြတ်ကျော်ခဲ့ပြီးသည့်နောက်တွင်တော့ အလိုပြည့်စုံရသောအခွင့်ရကာ အသက်ပင်ပေါက်ကြရဦးမည်ဖြစ်ပေတော့သည်။ ထိုကာလသည် ဧကန်အမှန်လာပေလိမ့်မည်၊ ဆိုင်းသော်လည်း မျှော်လင့်ပါ၊ နောက်မကျပဲ ဧကန်အမှန်လာပါလိမ့်မည်ဖြစ်ပေသည်။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet