အလိုတော်နှင့်ဆန့်ကျင်သော မျှော်လင့်ခြင်း
လောဘနှင့်ဆိုင်သော၊ စိတ်ခံစားချက်ကြောင့်ဖြစ်စေ၊ မိမိဇာတိအလိုရမက်ကြီးသောကြောင့်ဖြစ်စေ၊ ကိုယ့်စိတ်ဆန္ဒအလိုကြောင့် နာမတော်ဖြင့်ကိုင်တုတ်၍ မျှော်လင့်ခြင်းသည် မှန်ကန်သည့်မျှော်လင့်ခြင်းလား၊ တော်လျှော်သော မျှော်လင့်ခြင်းဖြစ်မည်လားဆိုတာ စဥ်းစားစရာဖြစ်လာသည်။
တနည်းဆိုရသော် အလိုတော်နှင့် ဆန့်ကျင်၍ မျှော်လင့်ခြင်းဟု ခေါင်းစဥ်တပ်၍ရနိုင်မည်။ ဘုရားသခင်၏ အလိုတော်ကတမျိုး၊ မိမိစိတ်ဆန္ဒ၏ အလိုက တဖုံ စသဖြင့်ကွဲလွဲနေပါသော်လည်း အလိုတော်ကို ဆန်တက်ကာ မျှော်လင့်ခြင်းသည် ဘုရားသခင်နှစ်သက်မည်လော။
ကျမ်းစာထဲတွင်ကြည့်လျှင် ယောနသည် ဘုရားသခင်၏ စေခိုင်းချက်ကို မိမိစိတ်ဆန္ဒဦးစားပေးသောကြောင့် ထွက်ပြေးခဲ့သည်။ ထိုနိနေဝေမြို့သားများနှင့် ယောနတို့၏ ရန်ငြှိုးရန်စကြောင့် နောင်တရရန်ဝေငှဖို့ရာ တွန့်ဆုတ်ခဲ့၍ ထိုနေရာနှင့် ဝေးရာ ဆန့်ကျင်ဘက်အရပ်သို့ ထွက်ပြေးခဲ့ခြင်းကို သိကြမည်ထင်ပါသည်။
မည်သို့ပင် ထွက်ပြေးပါစေ မိမိ၏ စိတ်ဆန္ဒအလိုသည် မတည်မြဲခဲ့ချေ။ ဘုရားသခင်၏ အလိုတော်သာလျှင် တည်ခဲ့သည်မဟုတ်ပါလား။ ထိုသို့နှင့် သုံးရက်ခရီးကျယ်ဝန်းသောမြို့ဖြစ်သော်လည်း အနည်းငယ်သာ အချိန်ယူ၍ သူဝေမျှခဲ့သည်။ သို့သော် နိနေဝေမြို့ကြီး နောင်တရရန်ထက် ပျက်ဆီးစေရန်သာ သူမျှော်လင့်ခဲ့ပြန်သည်။ ပြောရရင်တော့ သူသည် နောင်တရရန် မဟောချင်ပါ သို့သော် အလိုတော်ကို ရှောင်ပြေးမရသောကြောင့် ဟောခဲ့ရသည်ဖြစ်သော်လည်း သူ၏ မျှော်လင့်ခြင်းသည် ထိုသူတွေနောင်တရရန် မဟုတ်ဘဲ ပျက်ဆီးစေရန်သာဖြစ်သည်။ မျှော်လင့်သည့်အတိုင်း ဖြစ်လာစေရန်လည်း ပွဲကြည့်စဥ် အထူးတန်းလက်မှတ်ဝယ်၍ ကြည့်သကဲ့သို့ပင် အားရပါးရစောင့်ကြည့်ဟန်တူသည်။ ဘုရားသခင်၏ အလိုတော်ထက် သူ့အလို၏ မျှော်လင့်ခြင်းပင်ဖြစ်ချေသည်။
ယောနတ္ထု ၄:၅
ယောနသည် မြို့၌ အဘယ်သို့ဖြစ်မည်ကို သိမြင်ခြင်းငှါ၊ မြို့ပြင်သို့ထွက်၍ မြို့အရှေ့မျက်နှာ၌ တဲမိုးကို လုပ်ပြီးလျှင်၊ အမိုးအရိပ်တွင် ထိုင်၍နေ၏။
ယောနကြီးမှာတော့ သူ၏ မျှော်လင့်ရာသည် ဘုရားသခင်၏ အလိုတော်နှင့်မတူဘဲ လုံးလုံးဆန့်ကျင်နေသည်ကိုတော့ လုံးဝမသိခဲ့။ ယောနအမြင်မှာ ဒီလူတွေက သူ့ရန်သူ၊ ရန်စရှိသူ၊ ရက်စက်သူတွေ၊ အမျိုးယုတ်တွေ၊ နောင်တတရားနှင့်မတန်၊ ကယ်တင်ခြင်းမရထိုက်သူတွေ ဟုလည်းထင်ကောင်းထင်မည်။ လူသည် အမြင်နှင့်သာ အထင်ကိုယူ၍ ဆုံးဖြတ်ကာ စီရင်တတ်ခြင်းကို သူမေ့သွားရလောက်အောင်ပင် မိမိစိတ်ဆန္ဒကြီး၏ မျှော်လင့်ခြင်းကြီးမားလွန်းနေသလားဟု စဥ်းစားစရာပင်။
ကျွန်ုပ်တို့သည်လည်း ယောနကဲ့သို့ အမြင်နှင့်ဆုံးဖြတ်တတ်ကြသည်။ မိမိ၏ စိတ်ဆန္ဒအတိုင်း မျှော်လင့်ခြင်းသည် ယောနကဲ့သို့ ဖြစ်တဲ့အချိန်လည်း ရှိတတ်သည်။ မိမိစိတ်ခံစားချက်တွေအပေါ်လိုက်၍ မျှော်လင့်ခြင်းသည် ကိုယ့်စိတ်ဆန္ဒအလိုကြောင့် နာမတော်ဖြင့်ကိုင်တုတ်၍ မျှော်လင့်ခြင်းမျိုးဖြစ်နေတတ်သည် မဟုတ်ပါလား။
ယောနကတော့ ထိုသို့သူ့စိတ်ခံစားချက်၏ မျှော်လင့်သည်အတိုင်း မဖြစ်သည်ကိုပင် သေချင်လောက်အောင်ဖြစ်တယ်၊ မိတ်ဆွေရော ထိုသို့ ဖြစ်နေသလား၊ နာမတော်ကို အလွဲသုံးကာ ဘုရားသခင်ဘုန်းတော်ကို ရှုံ့ချမိမှန်းမသိ ရှုံ့ချနေမိသလား။ ကျွန်ုပ်တို့ခရစ်ယာန်များသည် ယုံကြည်ခြင်းနှင့် မျှော်လင့်ခြင်းကို စိတ်ခံစားချက်အတိုင်း အလွဲသုံးမိခြင်းကို သတိထားကာ ဆင်ခြင်ရမည်ဖြစ်သည်။ ထို့ကြောင့် မိတ်တွေနဲ့ ကျွန်တော်တို့သည် ဘုရားသခင်၏ အလိုတော်နှင့် ဆန့်ကျင်သော မျှော်လင့်ခြင်းကို မျှော်လင့်နေမိသူများဖြစ်နေသလားဆိုတာ ဆင်ခြင်ကြဖို့ အနည်းငယ် ဝေမျှတိုက်တွန်းလိုက်ပါတယ်။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet