သမ္မာတရားအတွက် တီးမည်၊ ပြောမည်
"မပြောမပြီး မတီးမမြည်" ဟူသောစကားပုံလေးကိုကြားဖူးကြမည်ထင်ပါသည်။ ထိုသို့ဆိုသည့်အတိုင်း တီးသောသူရှိမှသာ အသံမြည်တတ်သလို၊ မသိသောသူအား ပြောမှသာ သိမည်မဟုတ်ပါလား။ ယနေ့ခေတ်သည် အင်တာနက်ခေတ်ဟုဆိုရသကဲ့သို့ တစ်နေရာမှလုပ်ဆောင်ခြင်းကို အဝေးမှသိနိုင်သည်အထိ မြန်ဆန်သည်။ ထိုအရာကို ကောင်းသည့်ဘက်တွင် အသုံးချလျှင် ချသလို အကျိုးကိုပေးသည်ကို ကျွန်ုပ်တို့သိကြသည်။ ထိုအရာကို အသုံးချ၍ သတင်းအချက်အလက်အမှန်ကို ဖော်ပြခြင်း၊ သမ္မာတရားကို ပြောဆိုခြင်း၊ လွဲမှားခြင်းတွေကို ဖော်ပြခြင်းများလုပ်ခြင်းဖြင့် အကျိုးကိုဖြစ်စေမည်။
လုပ်ငန်းခွင်တစ်ခုတွင် စည်းဝေးရာတွင် လိုအပ်သောအရာများကို တိုင်ပင်တတ်ကြသလို၊ မှားယွင်းမှုများရှိလျှင် ပြင်ဆင်ရန် ဖော်ပြတတ်ကြသည်။ မှားသည်ကို မပြောခဲ့လျှင် ဆုံးရှုံးခြင်းမည်မျှရှိမည်ကို စဥ်းစားကြည့်နိုင်ပေသည်။ ထိုအရာသည် လောကလုပ်ငန်းခွင်ဖြစ်သည်။
လက်ရှိကာလတွင် ခရစ်ယာန်အချို့ကတော့ မှားယွင်းသောအရာများကို ဖော်ပြခြင်း၊ ပြင်ဆင်ရန် နှိုးဆော်ခြင်းကို မလိုအပ်ဟုပင်ယူဆကြကာ ဘုရားနှင့်သာရှင်းဟူ၍ တာဝန်မဲ့သော စကားပြောတတ်ကြသည်ကို သတိထားမိကြမည်ဟု ထင်ပါသည်။ ဆိုကြပါစို့ အိမ်ဆောက်ရာတွင် သဲများနေသောကြောင့် ပြင်ဆင်ရန်ပြောသည်ကို မလိုက်နာလျှင် တနေ့နေ့ တချိန်တချိန်တွင်တော့ ထိုအိမ်ပြိုကျမည် မဟုတ်ပါလား။
ရှင်ယာကုပ်ဩဝါဒစာ ၅:၁၉-၂၀
ညီအစ်ကိုတို့၊ သင်တို့တွင် တစုံတယောက်သောသူသည် သမ္မာတရားလမ်းမှလွဲသွား၍ သူတပါးသည် ထိုသူကို ပြန်စေလျှင်မူကား၊
အပြစ်ရှိသောသူကို မှားယွင်းသောလမ်းမှ ပြန်စေသောသူသည်၊ ဝိညာဉ်ကို သေခြင်းမှ ကယ်တင်၍ များစွာသောအပြစ်တို့ကို ဖုံးအုပ်တတ်သည်ဟု ထိုသူသည် သိမှတ်စေ။
ဒီလိုပါပဲ သမ္မာတရားလမ်းမှ လွဲနေခြင်းကို ဖော်ပြပြောဆိုခြင်းသည် အချိန်မှီ လှည့်ပြန်နိုင်အောင် ပြင်ဆင်ရန် မေတ္တာဖြင့်တိုက်တွန်းခြင်းဖြစ်သည်။ အငယ် (၁၉) မှာဆိုသလို သမ္မာတရားလမ်းမှလွဲသူကို ပြန်စေဖို့ရာ ဘုရားနှင့်ရှင်းခိုင်းပါဟုမဖော်ပြထားပေ။ ထို့ကြောင့် အဘယ်အရာသည် ထိုသူကို သမ္မာတရားလမ်းမှန်ကိုသိစေမည်နည်း။
အဖြေကတော့ရှင်းပါတယ်။ "မပြောမပြီး၊ မတီးမမြည်" ဖြစ်ပေသည်မို့ ထိုသို့ ဖော်ပြပြောဆိုခြင်းသည် လူမုန်းခံရနိုင်သလို၊ အပြစ်တင်ခံရနိုင်သောကြောင့် တော်ရုံလူများမပြုလုပ်တတ်ကြပေ။ မည်သူမှ အမုန်းမခံချင်သလို အမြင်ကတ်မခံချင်ကြပါ၊ လူတိုင်း လူချစ်လူခင်ပေါချင်ကြသည်မှာတော့ မြေကြီးလက်ခပ်မလွဲဖြစ်ပေမည်။ ထို့ကြောင့် သမ္မာတရားလမ်းမှ လွဲချော်ခြင်းတွေကို မပြောလို့မပြီး မပြောလို့ မသိကြတာတွေမို့ ဖော်ပြပြောဆိုကြခြင်းသည် မေတ္တာဖြင့်သာ အမုန်းခံ၍ ဖော်ပြခြင်းဖြစ်ချေသည် မဟုတ်ပါလား။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet