အစဥ်မပြတ် ဝမ်းမြောက်ခြင်း
Serotonin ဟုခေါ်ဆိုသော ဟော်မုန်းတစ်မျိုးသည် လူတစ်ယောက်၏ ကိုယ်ခန္ဓါတွင် အရေးပါသော ဟော်မုန်းတစ်မျိုးဖြစ်ပြီး အရေးပါလှသော လုပ်ဆောင်မှုတစ်ခုကိုလည်း လုပ်ဆောင်ပေးသည်။ ထိုအရာမှာ စိတ်ကျရောဂါမဖြစ်စေရန် လုပ်ဆောင်ပေးနိုင်သည်ဟုဆိုနိုင်သည် အဘယ့်ကြောင့်ဆိုသော် သူသည် လူတစ်ယောက်၏ ဝမ်းမြောက်ပျော်ရွှင်နေချိန်တွင် ထွက်ပေါ်လာတတ်သော ဟော်မုန်းတစ်မျိုးလည်းဖြစ်သောကြောင့်ပင်ဖြစ်သည်။ ဒါ့ကြောင့်သူ့ကို ပျော်ရွှင်ခြင်းဓါတုဗေဒတစ်ခု (Happy Chemical) ဟုလည်းခေါ်ဆိုကြသည်။ ဒီဟော်မုန်းကို အဓိမြင်တွေ့ရသော နေရာများမှာ ဦးနှောက်၊ အူသိမ်၊ သွေးအတွင်းတွင် တွေ့ရှိတတ်သည်။
ဒီဟော်မုန်းသည် လူတစ်ယောက်၏ စိတ်နေစိတ်ထား၊ အပြုအမူ၊ အစာစားချင်စိတ်၊ အစာခြေခြင်း၊ အိပ်စက်ခြင်း စသည်တို့ကို ထိန်းညှိကူညီပေးသည်ဟု သိရှိရသည်။ ထို့အပြင် စိတ်ကျရောဂါ (Depression) နှင့် Serotonin ဟော်မုန်းတို့သည် ဆက်နွယ်သည်ဟုလည်းယူဆကြသည်။ သဘောကတော့ Serotonin ဟော်မုန်း အနိမ့်အမြင် အတက်အကျသည် စိတ်ကျရောဂါနှင့် သက်ဆိုင်တတ်သည်။ ထိုဟော်မုန်း နိမ့်နေလျှင် နည်းနေလျှင် စိတ်ကျရောဂါဖြစ်နိုင်ချေရှိသည်ဟု ယူဆနိုင်ပါသည်။ ထိုကြောင့် စိတ်ကျရောဂါခံစားနေရသူများကို Serotonin ပါဝင်သော ဆေးများကို တိုက်ကျွေးတတ်ကြသည်။ လေ့ကျင့်ခန်းလုပ်ခြင်း၊ အစာကိုမျှတစွာစားခြင်း၊ Diet လုပ်ခြင်းတို့အားဖြင့်လည်း Serotonin တိုးမြှင့်နိုင်သည်ဟုဆိုထားသည်။
တားမြစ်ဆေးများဖြစ်သော LSD, Ecstasy ကဲ့သို့သောဆေးများသည် Serotonin ပမာဏများစွာ သိသိသာသာ ထွက်ပေါ်လာစေသည်။ စိတ်ကြွဆေးကဲ့သို့ဖြစ်နိုင်ပေမည်။ ထိုအရာများသည် Serotonin ကုန်ခမ်းခြင်း၊ စိတ်ဓါတ်ကျခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ နှင့် အခြားသော ရောဂါလက္ခဏာများစွာကို ရက်ပေါင်းများစွာ ခံစားရနိုင်သည့် ဘေးထွက်ဆိုးကျိုးများရှိသည်။ ထို့ကြောင့် ထိုတားမြစ်ဆေးများကို မသုံးစွဲသင့်ပေ။
Serotonin လျော့ပါးသော ချို့တဲ့သော လက္ခဏာများမှာ
၁) မှတ်ဥာဏ်လျော့ပါးခြင်း
၂) စိတ်ဓါတ်ကျခြင်း တို့ဖြစ်တတ်ပြီး၊
အချိုအရမ်းစားချင်လာခြင်း၊ အိပ်မပျော်ခြင်း၊ အိပ်ပျော်ရန် ခက်ခဲလာခြင်း၊ မိမိကိုယ်မိမိ တန်ဖိုးမထားခြင်း၊ စိုးရိမ်ခြင်း၊ ရန်လိုခြင်း၊ ခိုက်ရန်ဖြစ်လိုခြင်း တို့ဖြစ်လာစေရန် ဦးတည်လာတတ်ပါသည်။
"နေမြင့်မှ ကြာတင့်တယ်" ဟုဆိုရိုးရှိသကဲ့သို့ပင် စိတ်နှလုံးကောင်းစားမှ အရာရာကောင်းစားသည်မဟုတ်ပါလား။ ဒီဟော်မုန်း ချို့တဲ့သောကြောင့် စိတ်ဓါတ်ကျခံစားနေသူတွေ၊ စိတ်ထောင်းလို့ ကိုယ်ကြေ သူတွေ မည်မျှပင်ရှိကြမည်နည်း။ ဝမ်းမြောက်ခြင်းကို ဆုံးရှုံးနေသူတွေ မည်မျှများလိုက်မည်ကို တွေးကြည့်ရင် စိတ်မကောင်းစရာပင်ဖြစ်သည်။ ဒီလိုဖြစ်ခြင်းတွေအတွက် နှုတ်ကပတ်တော်နှင့် ဆွေးနွေးတိုင်ပင်ခြင်း (Biblical Counseling)၊ ဟော်မုန်းချို့တဲ့ခြင်းအတွက် ဆေးပညာရပ်ဖြင့် ဟော်မုန်းဆေးများတိုက်ကျွေးကုသခြင်း တွေလည်းလုပ်ပေးဖို့ရန်လိုပါတယ်။
ထိုဆွေးနွေးခြင်းအမှုမှသည် နှုတ်ကပတ်တော်အားဖြင့် သခင်ဘုရားကို သိကျွမ်းခြင်းဖြစ်လာမည်၊ ချည်နှောင်ခြင်းတွေမှ လွတ်မြောက်မည်၊ သမ္မာတရားကိုသိ၍ လွှတ်ခြင်းအခွင့်ရရှိလာမည်။ ထိုမှတဆင့် ဝိညာဥ်ပိုင်း နာမကျန်းဖြစ်ခြင်း အတွက် ကုသပေးလာနိုင်မည်မဟုတ်ပါလား။ လက်ရှိဘဝတွင် နာကျဥ်ရလွန်းလို့ ဝမ်းမမြောက်နိုင်ရရင်တောင်မှ နောင်တမလွန်အတွက် စိတ်ချခြင်းရရှိပြီး ထိုအတွက် ဝမ်းမြောက်နိုင်ကြသည်မှာ ယုံကြည်သူများပင်ဖြစ်ချေသည်။ ထို့ကြောင့်လည်း သခင်ဘုရားနှင့် မိတ်ဆက်ပေးရန် လိုအပ်လှပေသည်။ သခင်ဘုရား၌ သိကျွမ်းခြင်းပညာရလေလေ ဝမ်းမြောက်ဖို့ရန်ဖြစ်လေလေ၊ နာကျဥ်မှုတွေကြုံရလေလေ တန်ခိုးကြီးသော လက်တော်ကို မြင်ရ၍ ဝမ်းမြောက်စရာဖြစ်လာလေလေ၊ လက်ရှိငိုကြွေးနေရသော်လည်း တမလွန်အတွက် စိတ်ချ၍ မျှော်လင့်ခြင်းအရာ၌ ဝမ်းမြောက်လေလေ၊ စသဖြင့်ဖြစ်စေသည် မဟုတ်ပါလား။ ဝမ်းမြောက်လေ Serotonin ထွက်လေ ဝမ်းမြောက်လေ Serotonin Level မကျလေ ဖြစ်သောကြောင့်ပင် စိတ်ကျရောဂါကိုကုသနိုင်သည် သို့မဟုတ် မဖြစ်စေရန် ကာကွယ်ပေးနိုင်သည်ဟု နားလည်ရသည်။ ဒါ့ကြောင့် မိတ်ဆွေတို့သည်လည်း စိတ်နှလုံးကောင်းစားခြင်းသို့ရောက်၍ အရာရာ၌ ကောင်းစားခြင်းနှင့် ကျန်းမာခြင်းရှိကြပါစေသော်။
သက်သာလောနိတ်ဩဝါဒစာ ပဋ္ဌမစောင် ၅:၁၆
အစဉ်မပြတ် ဝမ်းမြောက်ခြင်း ရှိကြလော့။
ယေရှုခရစ်တော်၏ အစေခံကျွန်ဖြစ်သော ကျွန်ုပ်တို့သည် မည်သို့ပင် အခက်ခဲဒုက္ခတွေ ကြုံတွေ့ရပါစေ အတွင်းနှလုံးသားထဲတွင်လည်း ဝမ်းမြောက်နိုင်ခွင့်ရှိပါသည်။ စိတ်နှလုံးအတွင်းထဲတွင် ထိုဝမ်းမြောက်ခြင်း၏ အရှင်သည် ကိန်းဝပ်သောကြောင့်လည်း ဖြစ်သည်မဟုတ်ပါလား။ ကျွန်ုပ်တို့ ယုံကြည်သူတို့၏ ဝိညာဥ်ပကတိအကျိုးများတွင်လည်း ဝမ်းမြောက်ခြင်းသည် တစ်ခုအပါအဝင်ဖြစ်သည်ကို မမေ့ကြဖို့ရန် အင်မတန်မှ အရေးကြီးလှပါသည်။ ဒါ့ကြောင့် ဝမ်းမြောက်ခြင်း၏အရှင် သခင်ယေရှုခရစ်တော်နှင့်အတူ အစဥ်မပြတ် ဝမ်းမြောက်ခြင်း ရှိပါစေဟု ဆုတောင်းလျှက် ...
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet
Ref: www.medicalnewstoday.com/articles/232248#function