လမ်းပြသူ၏ နောက်သို့လိုက်ပါ
ကျွန်တော့်အိမ်သို့ ဦးလေးတစ်ယောက်လာရန်အတွက် အိမ်လိပ်စာကို မေးမြန်းနေခဲ့သည်။ ပြောခဲ့ပြီးဖြစ်သော်လည်း အိမ်သို့လာနေစဥ် လမ်းပေါ်မှာတင် နှစ်ကြိမ်ထပ်မေးခဲ့သည်။ သူမသွားဖူးသောနေရာ၊ သူလမ်းညွှန်မပေးတတ်သော နေရာဖြစ်သောကြောင့် အငှားယဥ်မောင်း အကိုကြီးကို သူပြောမပြတတ်ပေ။ နောက်ဆုံးမှာတော့ ကျွန်တော်လမ့်ညွှန်ပေးခြင်းဖြင့် အိမ်သို့ ကောင်းမွန်စွာ ဆိုက်ရောက်လာခဲ့သည်။ လမ်းမှားခြင်းလုံးဝမရှိခြင်းမှာလည်း လာနေစဥ်မှာပင်လျှင် လမ်းညွှန်ပေးနေခြင်းအတိုင်းသာ မောင်းလာသောကြောင့်ဖြစ်သည်။
သူလမ်းမှားမည် မမှားမည်ကို သူသည် မစိုးရိမ်ခဲ့။ ကျွန်တော်၏ လမ်းညွှန်ပေးခြင်းကို စိတ်ချစွာ လိုက်နာခဲ့သည်။ တစ်ခါမျှ ဒီလိုမျိုး မလာဖူးဘူး ဖြစ်သော်လည်း လမ်းညွှန်ပေးသော ကျွန်ုပ်၏ အကူအညီအားဖြင့် လမ်းမှားခြင်းလုံးဝမရှိဘဲ အိမ်သို့ ကောင်းမွန်စွာ ရောက်လာခဲ့ခြင်းဖြစ်သည်။ ထိုသို့သာမက ကျွန်တော်နေသော အိမ်၊ ကျွန်တော့်နေရာ၊ ကျွန်တော်ရောက်ဖူးသောနေရာ ဖြစ်သည့်အတွက် လမ်းညွှန်ပေးနိုင်သလို၊ ထိုသို့ ကျွန်တော့်နေရာဖြစ်သောကြောင့်လည်း ဦးလေးဖြစ်သူမှာ စိတ်ချစွာ လမ်းညွှန်ချက်ကို လိုက်နာခဲ့ခြင်းဖြစ်သည် မဟုတ်ပါလား။
ဒီလိုပါပဲ ကျွန်တော်တို့လူသားတွေရဲ့ တမလွန်အရေးသည် အင်မတန်မှ လမ်းပျောက်နေသလို စမ်းတဝါးဝါးနှင့် သွားနေကြသူတွေများစွာရှိနေပါသည်။ မည်သူမျှမသွားဖူးသော၊ မရောက်ဖူးသော၊ မသေချာသော တမလွန်ခရီးကို မရေရာ မသေခြာသော လမ်းပြမှုတွေ လမ်းညွှန်မှုတွေနှင့် ခေတ်အဆက်ဆက် လျှောက်လှမ်းသွားလာနေကြသည်မှာ အင်မတန်ဝမ်းနည်းစရာကောင်းလှသည်။
ဧဖက်ဩဝါဒစာ ၂:၈-၉
ယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ ရောက်ရ၏။ ကိုယ်အလိုအလျောက် ရောက်သည်မဟုတ်။ ဘုရားသခင် သနားတော်မူရာဖြစ်သတည်း။
ကိုယ်ကုသိုလ်ကြောင့် ကယ်တင်တော်မူခြင်းသို့ ရောက်သည်မဟုတ်။ သို့ဖြစ်၍ အဘယ်သူမျှ ဝါကြွားစရာ အခွင့်မရှိ။
တမလွန်အရေးက နောက်မှပါ၊ အခုအသက်ရှင်နေရတာ အရေးကြီးတယ်၊ သေရင်ပြီးပြီ အေးရော၊ ခုဘဝမှာ ကောင်းတာမလုပ်နိုင်လဲ နောက်ဘဝမှပေါ့၊ စသဖြင့်ဆိုတတ်ကြတယ်။ သို့သော် လူသည် တစ်ကြိမ်သာသေရခြင်းဖြစ်ပြီး လမ်းနှစ်မျိုးသာရှိသည် (ကောင်းကင်လား၊ ငရဲလား)။ တနည်းဆိုရသော် လူသည် သတ္တဝါတွေအထဲမှာ ဥာဏ်အကောင်းဆုံးဟုဆိုရသော် ထိုလူသည် ယခုတွင်ကောင်းအောင် မလုပ်နိုင်မှတော့ နောက်ဘဝတွင် မည်သို့ကောင်းနိုင်မည်နည်း။ လူက မည်မျှကောင်းအောင်နေနိုင်မည်နည်း၊ မည်မျှဒါနပြုနိုင်မည်နည်း၊ ကုသိုလ် အကုသိုလ် တိုင်းတာလျှင် မည်သည့်အရာ အလေးသာမည်နည်း။ ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာ မဟုတ်ပါလား။ ဒါ့ကြောင့် လူသည် နောင်တမလွန်အတွက် လုံးဝမလုပ်ဆောင်နိုင်၊ မကျင့်ကြံနိုင်၊ ဘာတစ်ခုမျှတတ်နိုင်ခြင်း လုံးဝမရှိပေ။ အကယ်၍သာ မိမိ၏ လုပ်ဆောင်နိုင်ခြင်း၊ ပေးလှူနိုင်ခြင်း၊ ကျင့်ကြံနိုင်ခြင်းကြောင့်သာ တမလွန်အရေးသည် တိကျသော အဖြေကိုရလျှင်တော့ ထိုသူတွေသည် ဝါကြွားထောင်လွှားခွင့် ရှိနေကြပေဦးတော့မည် မဟုတ်ပါလား။
ကျွန်ုပ်တို့လုပ်ဆောင်နိုင်ခြင်း မရှိသော တမလွန်အရေးအတွက် သခင်ယေရှုက လုပ်ဆောင်ပေးခဲ့သည်။ ကျွန်ုပ်တို့ မသိနိုင်သော တမလွန်လမ်းခရီးအတွက် သူသည် လမ်းညွှန်၊ ကျွန်ုပ်တို့ မရောက်ဖူးသော ထိုကောင်းကင်လမ်းကို အာမခံသော အာမခံ၊ ကျွန်ုပ်တို့လောကသားများ၏ ကယ်တင်ရှင်ဖြစ်ချေသည်။ ကျွန်တော့်ဦးလေးသည် သူလမ်းလုံးဝမသိသောကြောင့် ကျွန်ုပ်၏ လမ်းညွှန်မှုကို လက်ခံ၍ ယုံကြည်စွာ ထိုလမ်းအတိုင်းလာခြင်းဖြင့် အိမ်သို့ရောက်လာသည်။ ဒီဥပမာလေးလိုပဲ သခင်ယေရှုသည် လမ်းပြနေသည်၊ ကျွန်ုပ်တို့ မရောက်ဖူးသော်လည်း လုံးဝမသိသော်လည်း သခင်ယေရှုကို ယုံကြည်စွာ လိုက်လျှောက်နိုင်သည်။ သခင်ယေရှုကလည်း သူသည် လမ်းခရီးဖြစ်ကြောင်း သူ့အားဖြင့်သာ တမလွန်ကို စိတ်ချရနိုင်ကြောင်း အာမခံထားပေသည်။
ရှင်ယောဟန်ခရစ်ဝင် ၁၄:၆
ယေရှုက၊ ငါသည်လမ်းခရီးဖြစ်၏။
ဒါ့ကြောင့် မိတ်ဆွေ၏ တမလွန်အရေးကို စိတ်မချနိုင်ဖြစ်ရင်တော့ သခင်ယေရှုသည် လမ်းခရီးဖြစ်သည်။ တမလွန်၏အဖြေသည် တစ်လမ်းတည်းရှိသောကြောင့် ထိုသခင်ကိုအမှီမပြုရင် မိတ်ဆွေ၏ တဝဲဝဲလည်ခြင်းသည် အဖြေမရှိနိုင်ပေ။ မိမိ၏ မလုပ်ဆောင်နိုင်ခြင်းကို ဝန်ခံလျှက် လမ်းညွှန်ပေးနေသော ထိုလမ်းခရီးဖြစ်သော သခင်ယေရှုခရစ်တော်ကို အမှီပြုကာ စိတ်ချခြင်းသို့ ရောက်နိုင်ပါစေဟု သတင်းကောင်းလေး ပါးလိုက်ချင်ပါတယ်။
ကယ်တင်ရာနေ့ရက်သည် ယနေ့ပင်ဖြစ်သောကြောင့် မိတ်ဆွေက သခင်ယေရှုခရစ်တော်ကိုမြည်းစမ်းကြည့်ချင်တယ်ဆိုရင်တော့ ...
***ယေရှုခရစ်တော်သည် ကျွန်တော်/မ(အမည်)ရဲ့အပြစ်အတွက်လက်ဝါးကားတိုင်ပေါ်မှာအသေခံအသွေးသွန်းပြီး သင်္ဂြုလ်ခြင်းကိုခံတော်မူပြီးတော့ ကျမ်းစာလာသည့်အတိုင်း၃ရက်မြောက်သောနေ့မှာရှင်ပြန်ထမြောက်တာကို ယုံကြည်လက်ခံပါတယ်။ ***
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet