အိမ်
ကောင်းကင်ကြီးအောက်တွင် မွေးဖွားလာကြသူများစွာရှိသကဲ့သို့ အချိန်တန်၍လည်း ပြန်လည်ထွက်ခွာသွားကြရသည့်သူများစွာရှိပေသည်။ တနေ့တနေ့ နေရောင်အောက်တွင် လှုပ်ရှားရုန်းကန်နေကြပြီးနောက်တွင်လည်း အချိန်တန်၍အိမ်ပြန်ကြရသည့်အချိန်တွင်လည်း လက်ဗလာနှင့်သာမို့ အနတ္တသက်သက်ပါတကား ...
ဆင်းရဲသားလည်း ဒီသေလမ်း၊ လူချမ်းသာလည်း ဒီသေလမ်း၊ တရားဟောဆရာလည်း သေရသကဲ့သို့ တရားနာပရိတ်သတ်လည်း သေရပြန်သေး၏။ ပညာတတ်သောသူလည်း ထိုလမ်းကိုသွားကြရသလို ပညာမတတ်သောသူသည်လည်း ထိုလမ်းပင်၊ ထို့အတူ အာဏာပါဝါရှိလွန်းလှပါ၏ဟု ဆိုသောသူတွေသည်လည်း အချိန်တန်လျှင် ထိုလမ်းကို သွားကိုသွားရပြန်သည်မဟုတ်ပါလား။ ထိုလမ်းကို ဘာနှင့်မျှ တားမရဆီးမရပေ။ တစ်ရက်တစ်ရက်လျှင် သေဖို့တစ်ရက်နီးလာပါပြီတကားဟုပင် မှတ်ယူကာ ဆင်ခြင်နေရပေဦးတော့မည်။
ထို့ကြောင့် နေရောင်အောက်တွင် ဘုရားသခင်ကိုမေ့လောက်ရအောင် ရှာဖွေနေသော ကျွန်ုပ်တို့၏ ရာထူး၊ စည်းစိမ်၊ အာဏာပါဝါတွေသည် အနတ္တပင်ဖြစ်သည်ကိုတော့ သတိရမိကောင်းလေရဲ့။ "အကယ်စင်စစ် လူမည်သည်ကား၊ လူ၏အထွဋ်သို့ ရောက်သော်လည်း၊ အနတ္တသက်သက်ဖြစ်ပါ၏" ဟုဆိုသည့်အတိုင်း သင်နှင့်ကျွန်ုပ်တို့သည် တရားလက်လွတ်ပြုမူကာ မတရားသဖြင့်လုပ်ဆောင်၍ လူတို့၏ထိပ်ဆုံး၊ နိုင်ငံ၏အထွဋ်အထိပ်သို့ ရောက်ရှိနေပါစေ၊ ကမ္ဘာ့ပေါ်တွင် ပထမပင်ဖြစ်စေဦးတော့ မည်သို့ပင် အာဏာတွေပါဝါတွေ ရှိလင့်ကစား အနတ္တသက်သက်ဖြစ်ပေသည်။ ထိုအရာများသည် ကျွန်ုပ်တို့သွားရမည့် သေခြင်းတရားလမ်းကို မတားဆီးနိုင်ဘူးမဟုတ်ပါတကား ...
ရှေးအီဂျစ်ဘုရင်ကြီးများ သေဆုံးကြသည့်အခါတွင် အခြွေအရံများနှင့် အသုံးအဆောင်များကိုသာ အတူမြေမြှုပ်ပေးလိုက်ရုံမှအပ ဘာကိုမျှသယ်ဆောင်သွား၍မရခဲ့ပေ။ ထို့အတူ စစ်ဘုရင်ကြီး နပိုလီယံ၏ သေဆုံးခြင်းကိုကြည့်မည်လား၊ သမိုင်းတစ်လျှောက် လျှမ်းလျှမ်းတောက်ခဲ့သော အာဏာရှင်ကြီးများ၏ သေဆုံးခြင်းကိုကြည့်မည်လား၊ ကောင်းပေ့ တော်ပေ့ဆိုသည့် ပညာရှင်ကြီးများ၏ နောက်ဆုံးသော အချိန်ကို ကြည့်မည်လား၊ မည်သို့သောသူများကိုပင် ကြည့်လင့်ကစား ယာယီဖြစ်သည့် ဤလောကကြီးကို ထားခဲ့ကြရပေသည်မဟုတ်ပါလား။
(၁) ဤနေရောင်အောက်တွင် တရားသောနည်းလမ်း၊ မတရားသောနည်းလမ်း၊ သမ္မာအာဇီဝ၊ အဓမ္မနည်းလမ်းစသဖြင့် အမျိုးမျိုးအဖုံဖုံ အသုံးပြုကာ ရှာဖွေထားကြသော ရာထူး၊ စည်းစိမ်၊ အာဏာများသည် သေခြင်းမှကယ်တင်နိုင်ပါ၏လော၊ သို့မဟုတ် ထိုအရာများသည် သေပြီးနောက် တမလွန်အတွက် တိကျသောအဖြေကို ပေးပါ၏လော။
(၂) ဤလောက၌ ဧည့်သည်အဖြစ်နေထိုင်ကြသော ကျွန်ုပ်တို့သည် အချိန်တန်၍ အိမ်ပြန်ကြရသည့်အခါ အိမ်လိပ်စာကို တိတိကျကျသိရပါပြီလော။
ကောရိန်သုဩဝါဒစာ ဒုတိယစောင် ၅:၁
ယာယီတဲဖြစ်သော ငါတို့မြေအိမ်သည်ပျက်လျှင်၊ ကောင်းကင်ဘုံ၌ လူလက်ဖြင့်မလုပ်ဘဲ၊ ဘုရားသခင် ဖန်ဆင်းတော်မူသော နိစ္စထာဝရအိမ်ရှိကြောင်းကို ငါတို့ သိကြ၏။
ထိုအိမ်သည် ပျက်စီးခြင်းနှင့်ကင်းလွတ်၏၊ ဝမ်းနည်းခြင်းမရှိ နာကျင်ခြင်းမရှိ၊ ငိုကြွေးခြင်းမရှိ ပူဆွေးခြင်းမရှိ၊ အဓမ္မအရာမရှိ လုယူခြင်းမရှိ၊ ချစ်ခြင်းမေတ္တာနှင့် ချီးမွမ်းကိုးကွယ်ခြင်းများနှင့်သာပြည့်နှက်နေသော နိစ္စထာဝရအိမ်ပင်ဖြစ်ကာ ထိုနေရာတွင် ကျွန်ုပ်တို့၏ မျက်ရည်များကိုလည်း သုတ်ပေးခြင်းကိုခံရကြဦးမည်ဖြစ်သဖြင့် ဝမ်းမြောက်စွာဖြင့် ထိုအိမ်ရှိကြောင်းကို ဆင်ခြင်လျက် .....
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet