မေတ္တာသည်သာ
မေတ္တာသည် စိတ်ရှည်တတ်၏၊ ကျေးဇူးပြုတတ်၏တဲ့ ဒါတင်မဟုတ်သေးဘူး ဂုဏ်ပြိုင်ခြင်းလည်းမရှိပြန်ဘူးဘဲ။ ဝါကြွားခြင်းတွေ မာန်မာနတွေမရှိနေပြန်ခြင်းသည်ပင်လျှင် မေတ္တာသဘော၏ အခြေခံဖြစ်နေသည်။ မေတ္တာတရားသည် လူတိုင်းလိုချင်သော အရာတခုဟုဆိုရရင်လည်း မှားမည်မထင်ပါ။
မေတ္တာမပါသော ပြုသမျှသော အရာရာတိုင်းသည် အချည်းနှီးပင်ဖြစ်ကြောင်းကို အသံမြည်သောလင်းကွင်းအလားပင် ခိုင်းနှုင်းထားခြင်းကိုလည်း (၁ကော အခန်းကြီး ၁၃) တွင် ထင်ထင်ရှားရှားမြင်တွေ့ရပေသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ကောင်းကင်တမန်ဘာသာစကားပြောတတ်ရုံမကလို့ ရှိသမျှကိုသာ စွန့်ကြဲပေးကမ်းပါစေ မေတ္တာမရှိလျှင် အကျိုးမရှိသလို ပညတ်တော်တွေ ကျင့်ကြံရုံမကလို့ မိမိကိုယ်ကိုမီးရှို့ပါစေဦးတော့ မေတ္တာမရှိလျှင် အသုံးမဝင်သကဲ့သို့ပင်ဖြစ်ချေသည်။ ထို့အပြင် ချစ်ခြင်းမေတ္တာသည်သာလျှင် အမြတ်ဆုံးဖြစ်ကြောင်းကိုလည်း ထင်ရှားစွာတွေ့ရပေသည်။
ရှင်ယောဟန်ဩဝါဒစာ ပဌမစောင် ၄:၂၀
တစုံတယောက်သောသူက၊ ငါသည် ဘုရားသခင်ကိုချစ်၏ဟု ဆိုလျက်ပင် မိမိညီအစ်ကိုကို မုန်းလျှင်၊ ထိုသူသည် မုသာကိုသုံးသောသူဖြစ်၏။ မိမိမမြင်ရသော ဘုရားသခင်ကို အဘယ်သို့ချစ်နိုင်မည်နည်း။
ချစ်ခြင်းမေတ္တာဖြစ်တော်မူသော ဘုရားသခင်ကို ကိုးကွယ်ယုံကြည်သူ၏ အသက်တာတွင် ချစ်ခြင်းမေတ္တာမရှိသော လုပ်ရပ်၊ အပြုအမူ၊ အပြောအဆိုတို့သည် သတိထား ဆင်ခြင်စရာအချက်လည်းဖြစ်ချေသည်။ ယုံကြည်သူသည် ဧမာနွေလဘုရားဖြစ်သည့် မေတ္တာတော်ရှင်ကိန်းဝပ်ရာ ဗိမာန်တော်လည်းဖြစ်သလို မေတ္တာသည်ပင်လျှင် ယုံကြည်သူခရစ်ယာန်တစ်ဦး၏ မရှိမဖြစ်စံနှုန်းတစ်ခုပင်ဖြစ်ချေသည်။
ထို့ကြောင့် နှုတ်ကပတ်တော်တစ်ချက်မှာတော့ ယခုလို သတိပေးထားပါတယ်။ "ချစ်ခြင်းမရှိသောသူသည် ဘုရားသခင်ကိုမသိ" အဘယ့်ကြောင့်ဆိုသော် "ဘုရားသခင်သည်ပင်လျှင် ချစ်ခြင်းမေတ္တာ ဖြစ်တော်မူတယ်လို့ဆိုပါတယ်" ထို့ကြောင့် ချစ်ခြင်းမေတ္တာမရှိသော ခရစ်ယာန်တစ်ဦးသည် စံနှုန်းမပြည့်မှီသောသူ၊ ဘုရားသခင်ကို တကယ်အပြည့်အဝမသိသေးသောသူဟုပင်ဆိုနိုင်သလို အယောင်ဆောင် ခရစ်ယာန်များလားဟုပင်ထင်နိုင်စရာရှိပေတော့သည် မဟုတ်ပါလား။
ထိုအရာသည်ပင်လျှင် ကျွန်ုပ်တို့ယုံကြည်သူများ၏ သတိထားဆင်ခြင်းစရာလည်းဖြစ်ချေသည်။ မြင်နေရသော လူလူချင်းကိုမှ မချစ်နိုင်လျှင် မမြင်ရသောဘုရားကိုချစ်သည်ဆိုသည်မှာ အဘယ်သို့ယုံနိုင်စရာရှိပေဦးတော့မည်နည်း။ ထို့ကြောင့် မိတ်ဆွေနှင့်ကျွန်ုပ်တို့ လုပ်ရပ်များ၊ အပြုအမူများ၊ အကျင့်အကြံများသည်ပင်လျှင် မေတ္တာနှင့်ကင်းလွတ်လျှက်ရှိနေသလား ယနေ့ဆန်းစစ်ဖို့ရန်ရှိပါသည်။ ထို့အပြင် ကျွန်ုပ်တို့သည် သေလောက်အောင် ဆပ်ကပ်နေပါစေ၊ ပညတ်ချက်တွေ အကုန်လိုက်လျှောက်ပါစေ၊ ရှိသမျှအကုန်ပင်စွန့်ကြဲရုံမကလို့ ကိုယ်ခန္ဓါကိုပင် မီးရှို့ပူဇော်စေဦးတော့ မေတ္တာမရှိလျှင် အချည်းနှီးဆိုတာကို သတိထားဆင်ခြင်ကြပါစို့လား။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet