December 23, 2024

His Grace is Sufficient

ရှေးဦးစွာ ဘုရားသခင်၏ ကျေးဇူးတော်ကိုချီးမွမ်းပါသည်။ စာရွက်အဖြူလေးတစ်ရွက်၌ မှင်စက်ကလေးတစ်ခုရှိလျှင် အဖြူရောင်ထက် ထိုမှင်အရောင်ကိုသာ မြင်တတ်သည်မှာ လူ့သဘာဝပင် ... ထိုအမှင်စက်ကိုသာ အားမလို အားမရဖြစ်ခြင်း၊ မကျေနပ်ခြင်း၊ အပြစ်တင်မိခြင်းတို့သည် မိတ်ဆွေရော ကျွန်တော်တို့ရော ဖြစ်ခဲ့ကြဖူးကောင်း ဖြစ်ခဲ့ကြဖူးပေလိမ့်မည်။ မှင်တစ်စက်စွန်းထင်းနေသော အဖြူရောင်စာရွက်ကဲ့သို့ပင် သင်နှင့်ကျွန်ုပ်တို့၏ ဘဝ၌ တစ်ခုခုအား မြည်တမ်းခဲ့ကြသည့်ကာလတစ်ခုသည် ရှိဖူးမည်ထင်ပါသည်။

ယနေ့၌ ၎င်းနှင့်ဆက်လျဥ်း၍ သက်သေခံရင်း ခွန်အားပေးချင်ပါသည်။ လွန်ခဲ့သောရက်၌ ကျွန်တော် ကားမောင်းရင်း ချိုင့်တစ်ခုသို့နင်းမိ၍ဖြစ်ပါလိမ့်မည် ရှေ့ဘီး ညာဘက်အခြမ်းပေါက်သွားခဲ့သည်။ သို့သော် ကားပါကင်ထိုးထားပြီး အေးအေးဆေးဆေး ဓါတ်ပုံရိုက်ပြီးကာမှ သိသည်။ ကျေးဇူးတော်ကြောင့်ပါပဲ ကြိုသိလျှင် စိတ်ဖြောင့်ဖြောင့် ကောင်းကောင်း ဓါတ်ပုံရိုက်ရမည်မထင် ... ထို့အတူ အမြန်လမ်း၌ ပေါက်လျှင် ပြဿနာကြီးမည် အရှိန်နှင့် သူများကားအား တိုက်မိနိုင်သည်။ တိုက်မိလျှင် လစဥ်အာမခံကြေး ပိုဆောင်ရမည် သို့တည်းမဟုတ် ယခု ဒီစာကိုပင် ရေနိုင်တော့မည် မထင် ... သတင်းစာထဲ၌ နာရေးသတင်းပင် ပါလာဦးမည်မဟုတ်ပါလော ...

သို့နှင့် "Roadside Assistant" ခေါ်ကာ ကားဘီးအပိုနှင့်လဲတပ်ခဲ့သည်။ သို့နှင့် ကားစဝယ်ကတည်းက ဘီးသိပ်ပါးနေပြီဖြစ်သဖြင့် ဘီးအကုန်လဲရတော့မည်ကို သတိရမိပြန်၍ လဲလိုက်တော့မည်ဟု တွေးကာ အိမ်အနားဆိုင်တွင်လဲမည်ဟု ဆုံးဖြတ်ရင်း  အိမ်ပြန်ခဲ့သည်။ လမ်းတွင် ဆိုင်ချင်းတူတူဖြစ်သဖြင့် အနီးဆုံးသို့သာ သွားတော့မည်ဟု ပြန်ဆုံးဖြတ်ရင်း အနီးနားရှိ ဆိုင်သို့သွားရန် လမ်းယူခဲ့သည်။ အမြန်လမ်းမှ ပြန်ထွက်ရင်း ဆိုင်နားရောက်ခါနီး "ဘက်လက် ဘက်လက်" အသံကြားသည်ကို ဘီးအပိုသည် မကောင်းဟု ထင်လိုက်သေး၏။ 

သို့နှင့် ဆိုင်ရောက်၍ ပါကင်ထိုးကာမှ နောက်ဘီး ညာဘက်သည် ပြားနေ၏။ ပထမဘီးပေါက်ခြင်းကဲ့သို့ အေးအေးဆေးဆေးမှ သိရသဖြင့် တော်ပါသေးသည် ကျေးဇူးတော်ပဲဟု ရေရွက်ရင်း  တွေးမိသည်။ ဆိုင်တွင် တာယာဝယ်ယူရင်း အော်ဒါမှာရမည်ဖြစ်သဖြင့် မနက်ဖြန်မှသာ လာပါဟုဆိုသောကြောင့် ဝန်းထဲတွင်သာ ရပ်ထားခဲ့ရင်း ဟော့ဒေါ့နှင့်ပက်စီသောက်ရင်းသာ အမောဖြေလိုက်တော့သည်။

နောက်ရက်ညနေအရောက်တွင်တော့ ကားပြန်ရတော့မည်ဟု ထင်မှတ်သော်လည်း ဖုန်းဝင်လာသည့် သတင်းမှာ ညာဘက်ခြမ်း "Rims" နှစ်ခု ကွေးနေသဖြင့် တပ်မရကြောင်းပင် ... ဘုရားသခင်ဟုသာ ရေရွတ်ရင်း ...

"ငါ့ကျေးဇူးသည် သင့်အဘို့လောက်ပေ၏။" ဟူသည့် အရာသာလျှင် ကျွန်တော်၏ အသက်တာ၌ တစ်ခုတည်းသော ဖြေရှင်းချက်နှင့် အားယူရာဖြစ်တော့သည်။ 

ဤအခြေအနေသည် စိတ်ညစ်စရာပါ၊ စိတ်ပျက်စရာပါ။ အလုပ်ပျက်၊ ကားမရှိလျှင် ရထားစီးရ လိုင်းကားစီးရ အရမ်းအချိန်ကုန်သေး၏။ မကြုံချင်ဘူး ကြုံရသည် သို့သော် ထိုကျေးဇူးတော်သည် ကျွန်တော့်အတွက် လုံလောက်သည်။ မြန်မြန်ပြီးသွားချင်သည် မပြီးပါ သို့သော် ထိုကျေးဇူးတော်သည် ကျွန်တော့်အတွက် လုံလောက်နေသည်။ ငွေများများမထွက်ချင်သော်လည်း ထောင်ကျော်ထွက်သည် သို့သော် ထိုကျေးဇူးတော်သည် လုံလောက်လျှက်ပင် ... သခင်ပေးသည့် ထာဝရအသက်ကြောင့် ထိုကျေးဇူးတော်သည်အမြဲ လုံလောက်လျှက်ပါ။ အခြားမြင်ရသည့် မမြင်ရသည့် အရာများသာပါမည်မည်ဆိုလျှင် ပိုလျံနေသေး၏။

ယနေ့ဤစာဖြစ်ပေါ်လာရခြင်းသည်ပင်လျှင် ထိုသို့ကြုံတွေ့ရသောကြောင့်ပင် မဟုတ်ပါလား ... ဤသည်ပင်လျှင် ထိုကျေးဇူးတော်ပေတည်း ... ထို့ကြောင့် မှင်စက်ကလေးစွန်းခြင်းမှ စာရွက်အဖြူအား မြင်အောင်ကြည့်မည်ဆိုလျှင် ထိုကျေးဇူးတော်သည် အမြဲလုံလောက်လျှက်ပင် ရှိနေသည်ကို ပြန်လည်သက်သေခံရင်း ခွန်အားပေးလိုက်ပါတော့သည်။

ဘုရားရှင်ဆက်လက်စကားပြောပါစေ။

#Titus_KyawNyi

Photo Crd: Internet

Previous Next