အနံ့မပျောက်စေဖို့
ဟင်းကောင်းတစ်ခွက်ဖြစ်ဖို့ အရောင်အဆင်း၊ အနံ့၊ အရသာဆိုတာနဲ့ပြည့်စုံရတယ်ဟု မှတ်သားဖူးပါတယ်။ ထိုအရည်အသွေးနှင့် ပြည့်စုံသောဟင်းတစ်ခွက်သည် အင်မတန်မှ စားကောင်း၍ နှစ်သက်ဖွယ်ဖြစ်ပေသည်။ သုံးဆောင်မည့် လူတွေရဲ့အမြင်မှာ နှစ်လိုဖွယ်ရှိရမယ်၊ အနံ့မှာ မွှေးကြိုင်ရမယ်၊ အရသာသည်လည်း ကောင်းမွန်ရမယ် သို့မှသာ ဟင်းကောင်းတစ်ခွက်ဟုခေါ်ဆိုနိုင်ပေမည်။
အရည်အသွေး (၃)မျိုးမှ တစ်ခုခုချို့ယွင်းနေမည်ဟု စဥ်းစားကြည့်ကြပါစို့။ မိမိစားမည့် ဟင်းမှာ အမြင်မှာ မလှမပ၊ အပြင်အဆင်မှာ မတော်မသင့်၊ ငါးပိရည်ကြိုဇလုံထဲသို့ ကြက်ဥဖောက်ထည့်သလို ပုံစံအမြင်မျိုးဆိုရင် ဘယ်လိုရှိစ။ သို့မဟုတ် အပြင်အဆင်ကတော့ ကြယ်ငါးပွင့်ဟိုတယ်လိုပါ သို့သော် အနံ့ကတော့ ပုစွန်အခွံခွာ၍ ၂ရက်လောက် ထုပ်သိမ်းထားသော ပုစွန်အခွံအပုပ်အနံ့၊ ဒညင်းသီးနဲ့ဆူးပုတ် ငါးရက်လောက် စားထားတဲ့အနံ့တွေ ဆိုရင်ဖြင့် စားနိုင်ပါ့မလား။ သို့မဟုတ် အပြင်အဆင်ရော အနံ့ရော သိပ်ကောင်းပါသော်လည်း အရသာမှာ ရာဘာတုံးဝါးရသလို၊ အရသာလုံးလုံးမရှိရင် စားနိုင်ပါ့မလား။ မည်သူမျှ စားနိုင်မည်မထင်ပါ။
ဒီလိုပါဘဲ ခရစ်ယာန်အသက်တာဆိုသည်မှာ ထိုဟင်းတစ်ခွက်ကဲ့သို့ မြင်ရသော အသွင်၊ ခံစားရသော အနံ့၊ လက်တွေ့သုံးဆောင်ရသော အရသာနှင့် ပြည့်စုံရပေမည်။ မြင်ရသော ခရစ်ယာန်တစ်ယောက်၏ ပုံစံသည် ဘုရားသခင်၏ဘုန်းတော် ထင်ရှားပါစေရဲ့လား။ အနံ့အသက်ကဲ့သို့ သတင်းစကားသည် သူတပါးအတွက် မွှေးပျံ့ပါရဲ့လား၊ ခရစ်တော်၏ အမွှေးအကြိုင်ဖြစ်ပါရဲ့လား။ လက်တွေ့ ပေါင်းဖော်နေသော မယုံကြည်သူ၊ ယုံကြည်သူ၊ လူတိုင်းအတွက် ချိုသောအရသာနှင့် ပြည့်စုံပါရဲ့လားဟု ဆင်ခြင်စရာဖြစ်လို့လာပါတယ်။
ကောရိန်သုဩဝါဒစာ ဒုတိယစောင် ၂:၁၅
အဘယ်သို့နည်းဟူမူကား၊ ငါတို့သည် ကယ်တင်သောသူတို့၌၎င်း၊ ဆုံးရှုံးသောသူတို့၌၎င်း၊ ဘုရားသခင်အား ခရစ်တော်၏ အမွှေးအကြိုင်ဖြစ်ကြ၏။
ကျွန်ုပ်တို့၏ အပြုအမူ အပြောအဆို အနေအထိုင် အသွားအလာ စသဖြင့် ပြုမူနေထိုင်ခြင်း ရှိသမျှတို့သည် သူတပါးထိမိ၍လဲစရာ မဖြစ်စေဖို့လိုပါသည်။ ထိုအတူ မိမိတို့၏ သတင်းစကား၊ ပြောဆိုသမျှသည် သူတပါးအတွက် မွှေးသောအနံ့ဖြစ်စေရမည်၊ တနည်းအားဖြင့် သတင်းပြောမလား အတင်းပြောမလားဟု အကြမ်းဖျင်းနားလည်နိုင်သည်။ ဆိုလိုသည်မှာ ဧဝံဂေလိသတင်းကောင်း၊ ကယ်တင်ခြင်းနှင့်ဆိုင်သော မင်္ဂလာကိုပြောမလား၊ အမင်္ဂလာတွေသာ ဆိုလေမလားပေါ့။ ခရစ်ယာန်များသည်ပင်လျှင် ခရစ်တော်၏ အမွှေးအကြိုင်ပင်ဖြစ်သည်မဟုတ်ပါလား။ ထို့ကြောင့် မိမိတို့၏ မွှေးကြိုင်သော အနံ့ကို ယုံကြည်သူ၊ မယုံကြည်သူတိုင်းအပေါ်သို့ သက်ရောက်စေသင့်သည်။ ပေါက်ကရ အပုပ်နံ့မဖြစ်သင့်ပေ။ မိမိပေါင်းသင်းသောမိတ်ဆွေ၊ ယုံကြည်သူ၊ မယုံကြည်သူတွေအတွက်၊ မိတ်ဆွေမဟုတ်သော်လည်း မိမိနှင့် ထိတွေ့ပြောဆိုဆက်ဆံရသော လူတိုင်းအတွက် ချဥ်ဖတ်ဖြစ်နေသလား၊ တစ်ကိုယ်ကောင်းသမားလား၊ အသက်ကိုဖြစ်စေသလား၊ ဘုရားဘုန်းထင်ရှားစေသလား၊ သမ္မာတရားနှင့်အညီအသက်ရှင်ရဲ့လားဆိုတာကို ဆင်ခြင်ကြဖို့လိုအပ်ပါတယ်။
အချုပ်အားဖြင့်ဆိုရသော် Covid ကြောင့် အနံ့ပျောက်သည်မှာ သိပ်ပြသနာမရှိသော်လည်း မိမိတို့၏ ခရစ်ယာန်အသက်တာ၏ အနံ့ပျောက်ခြင်းသည် ပြသနာဖြစ်သည်။ မွှေးကြိုင်သော အသက်တာမဖြစ်ပဲ၊ မစင်ပုံအလား မမြင်ရခင်၊ မတွေ့ရခင်၊ မပေါင်းသင်းရခင်၊ မိတ်ဆွေမဖြစ်ခင်၊ စကားမျှမပြောရခင်၊ အနံ့ရသည်နှင့်ပင် ရှောင်ရှားသွားကြသလား။ ပျားပိတုန်းကို ဆွဲငင်သော ပန်းဝတ်မှုံလို၊ ပန်းလိပ်ပြာ၏ ဝတ်မှုံကူးခြင်းအလား ယုံကြည်သူတိုင်း၏ အမွှေးအကြိုင်သည် လာလိုသူတိုင်း လာနိုင်စေပြီး ခရစ်တော်ကိုရစေဖို့ဖြစ်ပါတယ်။ ဒါ့ကြောင့် Covid-19 ကြောင့် အနံ့မပျောက်စေရန် သတိထားကြသလို မိမိတို့ ခရစ်ယာန်အသက်တာကိုလည်း အနံ့မပျောက်စေဖို့ရာ ဆင်ခြင်ကြပါစို့ဟု အနည်းငယ်တိုက်တွန်း ခွန်အားပေးလိုက်ပါတယ်။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet