December 23, 2024

ပဋိပက္ခ - ၃၀

လူရယ်လို့ဖြစ်လာသည်နှင့် ကိစ္စများမြောင် ဤလူ့ဘောင်ပင် ... အမျိုးမျိုးအထွေထွေ လှုပ်ရှားသွားလာကြရင်းဖြင့်ပင် ပြဿနာပေါင်း သောင်းခြောက်ထောင် ကြုံတွေ့ရင်ဆိုင်ကြရသည်။ "အသက်တစ်ရာသာ မနေရတာ အမှုတစ်ရာတော့ တွေ့ရတတ်တယ်" ဟူသည့်စကားအတိုင်း ပုံစံမျိုးစုံ ကြုံတွေ့ရတတ်သည်မှာလည်း သဘာဝပင် ... ထိုသို့အမျိုးမျိုးသော ပြဿနာများအား ပဋိပက္ခဟုလည်း လှပစွာ တင်စား၍ ခေါ်ချင်ပါသေးသည်။

ပဋိပက္ခဟုဆိုလိုက်တိုင်းတွင် တစ်ဦးနှင့် တစ်ဦး၊ အများနှင့် တစ်ယောက်၊ အဖွဲ့တစ်ခုနှင့် တစ်ဖွဲ့ စသဖြင့် အမျိုးမျိုးသော အခြေအနေ၌ဖြစ်စေ အကြောင်းအမျိုးမျိုးကြောင့်ပင် ထွက်ပေါ်လာတတ်သည်မှာလည်း ဤပဋိပက္ခပါလားဟု ဆိုရပေအံ့...

ထိုအချင်းအရာများကြောင့်လည်း တစ်ဦးနှင့် တစ်ဦး မခေါ်နိုင် မပြောနိုင်ဖြစ်ကာ မိတ်ပျက်ရခြင်း၊ အဖွဲ့အစည်းများ ပြိုကွဲရခြင်း၊ အသင်းတော်များ  ကွဲသွားရခြင်း စသည့် ဆုံးရှုံးရခြင်းများလည်း ဖြစ်ပေါ်လာတတ်သည်မှာ အသေအချာပင်ဖြစ်ပေသည်။

လူရယ်ဟူ၍ဖြစ်လာလျှင် ပဋိပက္ခတော့ ကြုံရမည်၊ သို့သော် ကိုင်တွယ်ဖြေရှင်းကြသည့် ပုံစံအပေါ်မူတည်၍လည်း ရလဒ်ပြောင်းသွားတတ်ပါသည်။

တစ်ဦးနှင့် တစ်ဦး ရန်တွေ့လိုသောစိတ်နှင့် ဖြေရှင်းသော ပဋိပက္ခသည် ဆုံးရှုံးခြင်းသို့ ဦးတည်၍၊ သနားခြင်းမရှိ စိတ်ဝမ်းကွဲပြားစွာ ဖြေရှင်းလေ့ရှိသော ပဋိပက္ခသည်လည်း ပျက်ဆီးခြင်းသို့ဦးတည်ပေသည်။ တစ်ဦးထက် တစ်ဦး ဂုဏ်ပြိုင်ကျော်စောခြင်း၌ အခြေတည်၍ မိမိပိုကောင်းမြတ်ခြင်းအပေါ်၌သာ ဖြေရှင်းသော ပဋိပက္ခတစ်ခုသည်လည်း ပြိုကွဲခြင်းသို့ပင် ...

ထို့ကြောင့်လည်း တစ်ဦးနှင့် တစ်ဦးဖြစ်စေ၊ အများနှင့်ဖြစ်စေ၊ အဖွဲ့အစည်း၊ လုပ်ငန်းခွင်၊ အသင်းတော်၊ မိသားစု၌ပင် ဖြစ်လင့်ကစား ပဋိပက္ခတစ်ခုအား ကိုင်တွယ်ဖြေရှင်းရာတွင် မိမိတို့၏ ခံစားချက်ထက် သူတပါးအား ရှုမြင်ပေးခြင်း၊ ခံစားပေးခြင်း၊ နားလည်ပေးခြင်းသည် အင်မတန်မှပင် အထောက်အကူပြုချေသည်။

ဖိလိပ္ပိဩဝါဒစာ ၂:၄
ကိုယ်အမှုအရာကိုသာ မရှုမမှတ်ဘဲ၊ သူ့အမှုအရာကို အချင်းချင်းရှုမှတ်ကြလော့။

ရှင်ပေါလု၏ သတိပေးချက်သည် ရှင်း၏။ အချင်းချင်း ချစ်ရန်၊ စိတ်ဝမ်းမကွဲရန်၊ ညီညွတ်စေရန်ဖြစ်သည့်နည်းတူ  ရန်တွေ့တတ်သောစိတ်၊ ကျော်စောကိတ္တိအား တပ်မက်ခြင်းများရှောင်ရန် အသေအချာ ပြောထားသည်ကို အပိုဒ်ငယ် ၂ နှင့် ၃ တွင် ထင်ထင်ရှားရှား တွေ့ရနိုင်သည်။

ထိုအရာများသာမကသေး ... သူတပါးသည် မိမိတို့ထက် သာ၍ကောင်းမြတ်ပါသည်ဟူသော နှိမ့်ချတတ်သောစိတ်သည်လည်း အရေးကြီးကြောင်းအပြင် ကိုယ့်အမှုအရာထက် သူတပါး၏ အမှုအရာအား ရှုမှတ်တတ်စေရန်သည် ကျွန်ုပ်တို့အား ပျက်ဆီး ဆုံးရှုံးခြင်းသို့ တွန်းပို့တတ်သော ပဋိပက္ခတစ်ခုကို ဖြေရှင်းနိုင်ရန် အဖြေတစ်ခုပင် ...

အချုပ်အားဖြင့်ဆိုရသော် "ယေရှုခရစ်၌ရှိသော ထိုစိတ်သဘောကို သင်တို့၌လည်း ရှိစေကြလော့" ဟုရှင်ပေါလုဆိုသည့်အတိုင်း မိတ်ဆွေနှင့် ကျွန်ုပ်တို့၏ ဘဝအသက်တာတွင် ပဋိပက္ခများအား ကြုံတွေ့ရသည့်အခါ၌ "သခင်ယေရှု" ကိုသာ ထောက်ရှု၍ ထိုသခင်၏ စိတ်သဘောနှင့် လျော်ညီစွာ (နှိမ့်ချတတ်ခြင်း၊ ဦးစားပေးတတ်ခြင်း၊ ချစ်တတ်ခြင်း၊ ညီညွတ်စေခြင်း စသည်ဖြင့်၎င်း) လူမျက်နှာများထက် ရန်ငြိမ်းခြင်း၏ အရှင်ဖြစ်သော သခင်ယေရှုအား ဗဟိုပြု၍ ဖြေရှင်းခြင်းသည်သာလျှင် အဖြေတစ်ခုဟုဆိုချင်ပါသည်။ အဘယ်ကြောင့်ဆိုသော် ဧဝံဂေလိတရားသည်ပင်လျှင် ရန်ငြိမ်းခြင်းတရား မဟုတ်ပါလား ...

ဘုရားရှင်ဆက်လက်စကားပြောပါစေ။

#Titus_KyawNyi 

Photo Crd: Internet

Previous Next