စောင့်ဆိုင်းခြင်း တန်ခိုး

ကျွန်တော်တို့က လောတတ်တယ်၊ ဒါ့ကြောင့်လဲ စိတ်မောတယ် လူမောတယ်။ အခုရေတွင်းတူး အခုရေကြည်သောက်ချင်ကြတယ်။ ကိစ္စတစ်ခုခုကို အစပြုပြီဆိုရင် အခုချက်ခြင်း ပြီးဆုံးချင်တယ်၊ အောင်မြင်သွားချင်တယ်။ စောင့်ရတာဆိုရင် လုံးဝမကြိုက်ကြဘူး။ ဒါလူ့သဘာဝတစ်ခုပါပဲ။ ဒါပေမယ့် ခေါက်ဆွဲပြုတ်တောင် ၃မိနစ်စောင့်ရသေးတာပဲ မဟုတ်ပါလား။
ဒေသနာကျမ်း ၃:၁
ခပ်သိမ်းသော အမှုအရာတို့သည် မိမိတို့အချိန်ရှိ၏။ မိုးကောင်းကင်အောက်၌ ကြံစည်သမျှ အသီးသီးတို့ကို ပြုရသောအချိန်ရှိ၏။
အရာရာတိုင်းမှာ အချိန်ဆိုတာရှိပါတယ်။ လူမှာ မွေးဖွားရတဲ့ အချိန်ရှိသလို သေဆုံးရတဲ့ အချိန်ဆိုတာလည်းရှိတယ်။ စိုက်ပျိုးရတဲ့ အချိန်ဆိုတာရှိသလို ရိတ်သိမ်းရတဲ့ အချိန်ဆိုတာလည်းရှိတယ်။ နောက်ဆုံး ကုန်ကုန်ပြောရရင် ဘယ်လောက်ပဲ ကြာရှည်ခံအောင် ဆောက်ထားတဲ့ အဆောက်အဦးဖြစ်နေပါစေ အချိန်တန်ရင် ပြန်လည် ဖြိုဖျက်ကြရတာပဲ မဟုတ်ပါလား။ ဒါ့ကြောင့် ဒေသနာဆရာကတော့ ခပ်သိမ်းသော အမှုအရာတိုင်းသည် သူ့အချိန်နဲ့သူရှိနေတယ်လို့ ဆိုလေရဲ့။
ကျွန်တော်တို့တွေက ကိစ္စတစ်ခုခုကြောင့် စိတ်လောကြတယ်။ နောက်ကျနေတယ်လို့ ခံစားမိကြတယ်။ ဒါပေမယ့် အကြောင်းအရင်းကိုတော့ မသိကြဘူး။ အဲဒီနောက်ကျနေခြင်းရဲ့ နောက်ကွယ်မှာ ကျွန်တော်တို့အတွက် သက်သေခံချက်ပေါင်းများစွာ ဖြစ်လာနိုင်တယ် ဆိုတာကို မေ့နေတတ်ကြတယ်။ ဘာဖြစ်လို့နောက်ကျနေတာလဲ၊ ကျွန်တော်တို့အတွက် အန္တရာယ်ရှိလို့လား၊ မသင့်တော်လို့လား၊ သာ၍ကောင်းသောအရာကြောင့်လား၊ ကျေးဇူးတော်ချီးမွမ်းစရာ သာ၍ဘုန်းတော်ထင်ရှားစရာ ရှိလာဖို့လား စသဖြင့်တွေကို နားလည်ထားဖို့ရာလိုအပ်ပါတယ်။
ရှင်ယောဟန်ခရစ်ဝင် ၂:၄
ငါ့အချိန် မရောက်သေးဟု မိန့်တော်မူ၏။
ကာနမြို့မင်္ဂလာဆောင်ကို ကြည့်တဲ့အခါမှာလည်း ယေရှုက သူ့အချိန်ကိုသူသိတယ်။ စပျစ်ရည်ကုန်သွားပြီလို့ မာရိလာပြောသော်လည်း ငါ့အချိန်မရောက်သေးဘူးလို့ဆိုတယ်။ ယေရှုရဲ့အချိန်ရောက်တဲ့အခါမှာ ကူညီဖို့လူတွေကိုမှာထားတယ် (တနည်းဆိုရရင် အလိုတော်ကိုဝန်ခံသလို စောင့်ဆိုင်းခြင်း၌ ယုံကြည်ခြင်းပါတယ်)၊ သူ့အချိန်ရောက်တဲ့အခါမှာ သာ၍ဘုန်းထင်ရှားတယ် ရေမှစပျစ်ရည်ပြောင်းသွားသလို သာ၍ကောင်းတဲ့အရသာကိုရတယ်၊ လူတွေချီးမွမ်းတယ်။ သူများတွေက အကောင်းဆုံးကိုအရင်တိုက်တယ် ပြီးတော့ ညံ့တာကိုတိုက်တယ် မင်းကတော့ အကောင်းဆုံးကို ခုချိန်ထိရှိသေးတယ်ဆိုသလို ချီးမွမ်းခြင်းကို ကြားရတယ်။
ဒါ့ကြောင့် ကျွန်တော်တို့ကလည်း အဲဒီစောင့်ဆိုင်းခြင်းက ဘာလဲမသိပေမယ့်၊ အဲဒီနောက်ကွယ်မှာ ဘာရှိမလဲမသိရသေးသော်လည်း သေခြာတာတစ်ခုကတော့ ယေရှုက ငါ့အချိန်မရောက်သေးဟုဆိုသလို သူ့အချိန်ကိုသာ စောင့်ဆိုင်းရင်းသာ ချီးမွမ်းကြပါစို့။ ထိုအချိန်နာရီက လူနဲ့မဆိုင်ဘူး ဘုရားသခင်ရဲ့ အချိန်နာရီ (God Timing) ကိုသာ မျှော်လင့်ရင်း ဆိုင်းသော်လည်း မျှော်လင့်လော့ နောက်မကျဘဲ ဧကန်အမှန်လာလိမ့်မည်ဟု ဆိုသည့်အတိုင်းစောင့်ဆိုင်းခြင်းတန်ခိုးသည် မည်မျှကြီးမားတယ်၊ ထိုစောင့်ဆိုင်းခြင်းတွေရဲ့ နောက်ကွယ်မှာ သက်သေခံချက်ပေါင်းများစွာ ရှိနေတယ်ဆိုတာကို နားလည်နိုင်ကြဖို့ရာ အနည်းငယ်ဝေမျှ ခွန်အားပေးလိုက်ပါတယ်။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet