နာကျဥ်ခြင်းထဲမှမျှော်လင့်ခြင်း

လောကမှာ တစ်ယောက်နဲ့တစ်ယောက် အားပေးစကားတွေဆိုကြတဲ့အခါမှာ မုန်တိုင်းတွေပြီးသွားရင် လေပြေတွေလာမယ်တို့ ၊ အဆင်ပြေသွားမှာပါ ၊ ကြာရင်မေ့မှာပါ ၊ ဖြစ်တတ်ပါတယ်ပညာရတာပေါ့ ၊ စိတ်မပျက်နဲ့အားမငယ်ပါနဲ့ အစရှိသဖြင့်ပြောဆိုတတ်ကြပါတယ်။ ကျွန်တော်တို့ယုံကြည်သူတွေဟာလဲ ထို့အတူပါပဲလဲကျဖူးတတ်ကြသလို နာကျဥ်ဖူးကြပါတယ်။
ကျွန်တော်တို့ယုံကြည်သူခရစ်ယာန်တွေလဲ စိတ်ပျက်စရာတွေ ၊ အခက်အခဲပြဿနာတွေ ၊ နာကျဥ်စရာတွေ ၊ ရင်နာစရာအတိတ်တွေ ၊ ငွေရေးကြေးရေးပြဿနာ ၊ မိသားစုအရေး ၊ သားသမီးအရေး ၊ အိမ်ထောင်ရေးပြဿနာ ၊ အချစ်ရေး ၊ ပညာရေးလမ်းဆုံးရတော့မလို ၊ စသဖြင့် အမျိုးမျိုးသော စိတ်ပျက်အားငယ်စရာအဖြစ်တွေ ကြုံရတတ်သလို ကြုံနေကြရတာတွေလဲရှိကြမှာပါ။ မေ့မရတဲ့အဖြစ်အပျက်ကိုယ်စီနဲ့ နာကျဥ်စရာတွေကိုသာ ပြန်လည်မြင်ယောင်နေကာ စိတ်ပျက်အားငယ်ရင်း အတိတ်ရဲ့အရိပ်အောက်က ရုန်းမထွက်နိုင်ဖြစ်နေပါသလား။ ယခုဒီစာကိုဖတ်နေသောသင်ဟာ အတိတ်ရဲ့နှိပ်စက်မှုအောက်က ယနေ့မှာလွတ်မြောက်ပြီဆိုတာကိုဒီကနေ့မှာ ကျွန်တော်အားပေးချင်ပါတယ်။
သမ္မာကျမ်းစာက အဖြစ်အပျက်လေးတစ်ခုနဲ့ အားပေးချင်ပါတယ်။ ယောသပ်ဟာ သူရဲ့အစ်ကိုတွေရဲ့ရောင်းစားခြင်းကိုခံရတယ်။ တိုင်းတပါးမှာ ကျွန်အဖြစ်နေရသလို ၊ မတရားစွတ်ဆွဲခံရပြီးထောင်ကျတယ်။ သူ့ရဲ့ရင်နာစရာ အတိတ်ဟာ သိပ်ကိုသူ့အတွက်နာကျဥ်စေတယ်။ လူငယ်တစ်ယောက်အနေနဲ့ ဒီအတိတ်ဆိုးတစ်ခုဟာ သူ့အတွက်နာကျည်းစရာပင်။ ဒီလိုနဲ့ယောသပ်အိမ်ထောင်ကျတဲ့အခါမှာ သားနှစ်ယောက်ကိုရတယ်။ သားအကြီးက မနာရှေ ဖြစ်ပြီးတော့ သားအငယ်က ဧဖရိမ်ဖြစ်တယ်။ မနာရှေရဲ့ အဓိပ္ပါယ်က ယောသပ်ရဲ့စိတ်ဒဏ်ရာ ၊ နာကျည်းခြင်းတွေ ၊ သူခံစားရတဲ့ပင်ပန်းဆင်းရဲခြင်းအမှုတွေကို မေ့စေသောသူ လို့နားလည်ရတယ်။ ဧဖရိမ်ရဲ့ အဓိပ္ပါယ်က ယောသပ်ဆင်းရဲခြင်းတွေခံရတဲ့ဒေသ ၊ ဆင်းရဲခြင်းခံရတဲ့ အခြေအနေမှာ ကြီးပွားခြင်း လို့ဖြစ်တယ်။
ဘဝမှာ နာကျဥ်မှုကိုမမေ့ဘဲနဲ့ တိုးပွားခြင်းဟာရောက်မလာဘူး ၊ နာကျဥ်မှုကို မမေ့နိုင်ဘဲ ကြီးပွားခြင်းတွေ ၊ တို့ပွားခြင်းတွေ ၊ အောင်မြင်ခြင်းတွေဟာ မင်္ဂလာမရှိဘူး ၊ ဘဝမှာအဓိပ္ပါယ်မရှိဘူးဆိုတာကိုနားလည်ရတယ်။ ဒါဆိုရင် မိတ်ဆွေက ငါတို့တွေသည်ဘယ်လို နာကျဥ်မှုဒဏ်ရာတွေ ၊ အတိတ်ဆိုးတွေ ၊ ရူးမတတ်ခံစားရတာတွေ ၊ သေလောက်အောင်နာကျည်းခြင်းနာကျဥ်ခြင်းတွေကို ဘယ်လိုမေ့နိုင်မလဲလို့ မေးစရာရှိပါလိမ့်မယ်။ ဒီအရာတွေကိုမေ့စေအောင် ပြုပေးနိုင်တာလဲ ဘုရားသခင်ပဲဖြစ်တယ် ၊ သင်နှင့်ကျွန်ုပ်ရဲ့ မျက်ရည်ကိုသုတ်ပေးနိုင်တာလဲ ဘုရားသခင်ဆိုတာပဲဖြစ်ပါတယ်။ ဟုတ်ပါတယ် မျက်ရည်ကိုလဲ ဘုရားသခင်သုတ်ပေးမှသာပျောက်တာ မေ့တာ ဖြစ်ပါတယ်လို့ နားလည်ရပါတယ်။
ဒါ့ကြောင့် ဒီနေ့မှာကျွန်တော်အနည်းငယ်အားပေးချင်တယ် စိတ်ပျက်အားငယ်မနေဘဲ ဘုရားသခင်သုတ်ပေးသောမျက်ရည်ကို ကြည်ဖြူစွာဝန်ခံရင်း မနာရှေနဲ့ဧဖရိမ်ကဲ့သို့ အတိတ်ရဲ့နာကျဥ်ရသောအရာတွေပင်ပန်းဆင်းရဲတွေကိုမေ့စေပြီး ထိုအခြေအနေတွေထဲမှ သာ၍ကောင်းသောအရာ ကြီးပွားခြင်းကို မျှော်လင့်စရာရှိပါသေးတယ်ဆိုတာကို အနည်းငယ်ခွန်အားပေးချင်ပါတယ်။
ကမ္ဘာဦးကျမ်း ၄၁:၅၁-၅၂
သားဦးကိုကား မနာရှေအမည်ဖြင့်မှည့်လေ၏။ အကြောင်းမူကား၊ ငါခံရသမျှသောပင်ပန်းခြင်းနှင့် ငါ့အဘ၏အိမ်သားအပေါင်းတို့ကို ငါမေ့စေခြင်းငှါ ဘုရားသခင်ပြုတော်မူပြီဟု ဆိုသတည်း။
နောက်ရသောသားကိုကား၊ ဧဖရိမ်အမည်ဖြင့်မှည့်လေ၏။ အကြောင်းမူကား၊ ဘုရားသခင်သည်ငါဆင်းရဲခံရသောပြည်၌ ငါ့ကိုပွားများစေတော်မူပြီဟု ဆိုသတည်း။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi