ကယ်မပါ၊ စီရင်ပါ

ဆာလံ ၃ ကိုကြည့်လျှင် ဒါဝိဒ်၏ စိတ်နှလုံး ညိုညင်ဆင်းရဲနေသည်။ သူကြုံတွေ့ရင်ဆိုင်နေရသည့်ကာလတစ်ခုမှာ မျှော်လင့်ရာမရှိ မှောင်မိုက်အတိဖုံးလွှမ်းနေသည့်နှယ်ပင်။ ပြေးစရာမြေမရှိ၊ ပုန်းစရာ နေရာမတွေ့၊ ရှောင်စရာနယ်မမြင် စသဖြင့် ချောင်ပိတ်နေသည့် ကြွက်စုတ်တစ်ကောင်အလား ဒါဝိဒ်၏အဖြစ်ကို မြင်တွေ့ရပေသည်။ အဘယ့်ကြောင့်ဆိုသော် သားဖြစ်သူ ပုန်ကန်လေပြီ။ ရန်သူများ၏ လိုက်လံသတ်ဖြတ်ခြင်းသည် တဖြေးဖြေနီးကပ်လာ၍ ပြေးပေါက်ပင်ရှိပါ့ဦးမလားဟူ၍ မှောင်မိုက်သည့်ကာလထဲသို့ မရောက်ချင်သော်လည်းရောက်ခဲ့ရပြီဖြစ်သည်။
ဒါဝိဒ်သည် ထိုကာလအတွင်းမှာလည်း ဒါဝိဒ်ဘုရားသခင်ကို မြှော်ကြည့်ခဲ့ပေသည်။ ကိုယ်တော်ကို ပုံအပ်ပါတယ်၊ ကိုယ်တော်သာလျှင် သူ၏ ဒိုင်းလွှား၊ ကိုယ်တော်သည်သာ သူ၏ ဘုန်းဖြစ်သည်ဟုသော ပြောဆိုခြင်းကို ကျွန်ုပ်တို့မြင်တွေ့ရပေသည်။ သူသည် ဘုရားသခင်ကို အော်ဟစ်သည့်အခါတွင် ဘုရားသခင်နားထောင်တော်မူသည်၊ ထိုဘုရားသခင်၏ မစခြင်းရှိသဖြင့် အိပ်ပျော်ရခြင်း နိုးထရခြင်းအခွင့်ရှိသည် ဟူ၍လည်း ကြွေးကြော်ခြင်းကိုတွေ့ရပေသည်။
ဒါဝိဒ်သည် သူ့အားဝန်းရံလျှက်ရှိကြသော ရန်သူ အထောင်အသောင်းတို့အား ကြောက်ရွံ့ကောင်း ကြောက်ရွံ့နိုင်ပေမည်ဖြစ်သော်လည်း ထာဝရဘုရား၌သာ အားယူ၍ ရဲခြင်းခြင်းဟုလည်း သိမှတ်ရပေသည်မဟုတ်ပါလား။ ထို့ကြောင့် ရန်သူများကို မကြောက်ရွံ့တော့ပဲ ဘုရားသခင်ကိုသာ အော်ဟစ်မည်ဆိုသော အရာမျိုးကို မြင်တွေ့ရပေသည်။
ဆာလံကျမ်း ၃:၇
အိုထာဝရဘုရား ထတော်မူပါ။ အကျွန်ုပ်၏ ဘုရားသခင်၊ အကျွန်ုပ်ကို ကယ်မတော်မူပါ။ ကိုယ်တော်သည် အကျွန်ုပ်၏ ရန်သူတို့၏ပါးရိုးကို ရိုက်၍၊ မတရားသောသူတို့၏ သွားကို ချိုးတော်မူ၏။
ဒါဝိဒ်အကြပ်အတည်းထဲသို့ရောက်နေပါသည်၊ ရန်သူအထောင်အသောင်းမက၏ ဝိုင်းခြင်းကိုလည်းခံနေရသလို အမှောင်မိုက်ထဲတွင်လည်း ပြေးရန်မြေမရှိပါ။ သို့သော် "အို ထာဝရဘုးရား ထတော်မူပါ၊ အကျွနုပ်၏ဘုရားသခင်၊ အကျွန်ုပ်ကို ကယ်မတော်မူပါ" ဆိုသည့်စကားသည် ကျွန်ုပ်တို့အတွက်တော့ အင်မတန်ခွန်အားကိုဖြစ်စေပေလိမ့်မည်။ သူ၏ အခက်အခဲကို ကယ်တင်ရန် ဘုရားသခင်သာလျှင် တတ်နိုင်ခြင်းကို သူသိသလို၊ သူ၏ဘုရားသခင် သူကိုးကွယ်သော ဘုရားဖြစ်သည့်အတွက် သူအော်ဟစ်ခေါ်ခြင်း အကူအညီတောင်းခြင်းလည်း ဖြစ်ပေသည်မဟုတ်ပါလား။
ထို့ပြင် ထိုရန်သူတို့၏လက်မှ ကယ်တင်ပါ၊ ထိုရန်သူတို့၏ ပါးရိုးကိုရိုက်ပါ၊ မတရားသဖြင့်ပြုနေသော ထိုသူတို့၏ သွားများကိုလည်း ချိုးပါဟူသော ဆုတောင်းခြင်းကိုလည်းမြင်တွေ့ရပေလိမ့်မည်။ တနည်းဆိုရသော် သူ့ကို ကယ်မပါ၊ မတရားသောသူတို့ကိုလည်း စီရင်တော်မူပါဟူ၍လည်း နားလည်ရပေသည်။
ဒါဝိဒ်၏အဖြစ်ကိုကြည့်လျှင် အကြပ်အတည်းထဲကို ရောက်နေပြီ၊ ချောင်ပိတ်မိနေပြီ၊ ရန်သူတွေ အထောင်အသောင်းမကရဲ့ ဝိုင်းခြင်းကိုခံနေရပြီ၊ မှောင်မိုက်ထဲမှာလည်နေပြီ ဖြစ်သော်လည်း နောက်ဆုံးတွင် ဘုရားသခင်ကယ်တင်နိုင်ကြောင်း သူဝန်ခံလိုက်ပေသည်။ ထို့အပြင် သူ၏ရန်သူ၊ မတရားသောသူတို့အားလည်း စီရင်ပါဟူသော ဆုတောင်းခြင်းများကိုတွေ့ရသည်။
ယနေ့ဘာတွေကြုံတွေ့နေရသလဲ၊ ဘယ်လိုမှောင်မိုက်ကို ဖြတ်သန်းနေရသလဲ၊ ဘယ်လိုရန်သူတွေ၏ ဝိုင်းခြင်းကိုခံစားနေရသလဲ၊ ရန်သူတို့နှင့် အင်းအားမမျှ၍ အကြပ်အတည်းထဲရောက်နေကြရသော်ငြားလည်းပဲ ထိုမှောင်မိုက်ထဲမှာပင်လျှင် ကျွန်ုပ်တို့ကိုးကွယ်သော ဘုရားသခင် ကယ်မတော်မူပါဟူ၍ ဒါဝိဒ်ကဲ့သို့ အော်ဟစ်နိုင်ပေသည်။ "မတရားသောသူတို့၏ အရိုးကိုချိုးပါ၊ သွားကိုချိုးပါ စသဖြင့် စီရင်ပေးပါကိုယ်တော်" ဟူ၍လည်း ကျွန်ုပ်တို့တောင်းဆိုနိုင်ပေသည်။ အဆုံးမှာတော့ ဒါဝိဒ်၏ ဆုတောင်းများပြည့်စုံခဲ့ရသည်ကို ကျွန်ုပ်တို့မြင်တွေ့ရမှာဖြစ်သလို သင်နှင့်ကျွန်ုပ်၏ ဆုတောင်းခြင်းများကိုလည်း ဘုရားသခင်အဖြေပေးဦးမှာဖြစ်ပါသည်ဟု ဝေမျှခွန်အားပေးလိုက်ပါတယ်။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet