အကောင်းအားဖြင့်သာ
ကျွန်ုပ်တို့ငယ်စဥ်က မြေလျှိုးမိုးပျံသော ရုပ်ရှင်များ အင်မတန်ခေတ်စားခဲ့သည်။ မီးနဂါးရေခဲသိုင်း၊ နဂါးလက်ဝါးသိုင်းရှစ်ကွက်၊ ရှောင်လင်လက်ညှိုးသိုင်း၊ ခုနှစ်စင်ကြယ်ဓါးသိုင်း၊ ခွေးရိုက်ဒုတ်သိုင်း စသဖြင့် မိုးပေါ်ပျံလိုက်၊ ပေါ်လိုက်ပျောက်လိုက်နှင့် ဆော်ပလော်တီးကြသော ရုပ်ရှင်များသည် အင်မတန်သဘောကျစရာကောင်းခဲ့သည်။
ထိုသူတို့၏ သွေးကလဲ့စားဟူသော စကားကိုလည်း သဘောကျနှစ်သက်ခဲ့သည်။ ထို့ကြောင့် လက်စားချေခြင်းသည် ဆယ်နှစ်စောင့်လျှင်စောင့်ရပါစေဦးတော့ ဘယ်တော့မှနောက်မကျဘူးဟူသော စကားလုံးများသည် လူများ၏ပါးစပ်ဖျားတွင် ထင်ရှားကျော်ကြားလှသည်။ သတိထားကြည့်လျှင် ရုပ်ရှင်များမှလည်း ဆင်ခြင်စရာ၊ သင်ယူစရာများလည်း ရှိနေပေသည် မဟုတ်ပါလား။
ရုပ်ရှင်တော်တော်များများတွင် သတိထားကြည့်မည်ဆိုလျှင် အပြစ်ကြွေးပြန်လည်ဆပ်ခိုင်းခြင်း၊ ကလဲ့စားချေခြင်း၊ အဖေ၏ မတရားခံရမှုကို သားသမီးမြေးမြစ်များမှ ပြန်လည် ကလဲ့စားချေခြင်း၊ အမုန်းတရားများ၏ ချည်နှောင်ခြင်း၊ နှစ်ပေါင်းများစွာ စောင့်၍ ကလဲ့စားချေခြင်း စသဖြင့် မဆုံးနိုင်သော ကလဲ့စား၊ အမုန်းတရားများနှင့် မိမိအားထိုသူပြုသည်အတိုင်း ပြန်လည်ပြုခြင်း သို့မဟုတ် သာ၍ပြုခြင်းကို မြင်တွေ့ရပေသည်။
ထိုအရာများသည် လောကအမြင်နှင့်ကြည့်ရင် မှန်ကောင်းမှန်မည်ဆိုသော်လည်း သမ္မာတရားအရကြည့်လျှင်တော့ မမှန်ချေ။ နှုတ်ကပတ်တော်တစ်ချက်က အဆိုးအားဖြင့် အရှုံးမခံဖို့နှင့် အကောင်းအားဖြင့်သာ အဆိုးအား အနိုင်ယူရန်ဆိုထားသည်ကို တွေ့ရသည်။ ထို့ကြောင့် ခရီးတစ်တိုင်သွားခိုင်းသူကို နှစ်တိုင်သွားပေးလိုက်ပါဆိုသော ဥပမာသည်ပင်လျှင် မိမိ၏ ကောင်းသောပုံသက်သေ ပြုမူခြင်းပင်ဖြစ်ချေသည်။ ထိုသို့ ကောင်းသောအရာများဖြင့် ထိုသူများ၏ ဆိုးသောအရာများကို အနိုင်ယူနိုင်ပေသည်။
ကျွန်ုပ်တို့သည် စာသင်ခန်း၊ လူမှုပတ်ဝန်းကျင်၊ လုပ်ငန်းခွင်တွင်ဖြစ်စေ စသဖြင့် အမျိုးမျိုးသောနေရာများတွင်လည်း သူတပါး၏ အနိုင်ယူခြင်း၊ စော်ကားခြင်း၊ မတရားပြောဆို ပြုမူခြင်း၊ မုသာဖြင့် ကလိမ်ကျခြင်း၊ အရှက်ခွဲခြင်း စသဖြင့် အမျိုးမျိုးသော မကောင်းကြံစည် ပြုမူခြင်းများကိုလည်း ကြုံတွေ့ရနိုင်ပေသည်မဟုတ်ပါလား။
သုတ္တံကျမ်း ၂၄:၂၉
သူသည် ငါ၌ပြုသည်အတိုင်း သူ၌ငါပြုမည်။ သူ့အကျင့်နှင့်အလျောက် အကျိုးအပြစ်ကို ငါဆပ်ပေးမည်ဟု မဆိုနှင့်။
ကျွန်ုပ်တို့ယုံကြည်သူ ခရစ်ယာန်များသည် မတရားခံရသည် မှန်စေဦးတော့ ထပ်တူထပ်မျှ ပြန်လည်ပေးဆပ်ခြင်း၊ သာ၍ပြုခြင်းများ၊ အမုန်းတရား၏ ချည်နှောင်ခြင်းနှင့် ကလဲ့စားချေခြင်းတွေမပြုမိစေရန် သတိထားဆင်ခြင်ကြရပေမည်။ ထို့ကြောင့် ထိုသူတို့၏ ပြုမူခြင်းများအတိုင်း ပြန်လည်၍ ပေးဆပ်စေရမည်ဟုမဆိုဘဲ အဆိုးအားဖြင့်အရှုံးကိုမခံ အကောင်းအားဖြင့်သာ ထိုသူတို့၏ အဆိုးအကောင်း အကျိုးအပြစ်များကို အနိုင်ယူကာ ရှေ့သို့ချီတက်ကြရအောင်ဟု အနည်းငယ်ခွန်အားပေးတိုက်တွန်းလိုက်ပါတယ်။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet