"သတိ" လဲကျတတ်သည်
တခါတလေမှာ လူတွေက အထင်နဲ့အမြင်လွဲပြီး တွေ့ကြုံရတတ်တယ်။ ထင်နေတာတစ်မျိုး တကယ်တမ်း ကြုံတွေ့ရတော့ တစ်မျိုး၊ မှန်းထားတာတစ်မျိုး တကယ်တမ်းဖြစ်လာတော့တလွဲ စသဖြင့်ဖြစ်နေတတ်ကြတယ်။
တမျိုးမျိုး တဖုံဖုံလွဲနေကာ ဟုတ်မည်ထင်ထားသော်လည်း မဟုတ်ရလေခြင်းကို ကြုံတွေ့ရတဲ့အခါမှာတော့ အခန့်မသင့်လျှင် လဲပြိုသွားကြတယ်။ ဒါ့ကြောင့် ကြုံတွေ့ရမည့် အရာရာတိုင်းကို ပေါ့ပေါ့တန်တန်သဘောမထားသင့်ပါဘူး။
ကျွန်ုပ်တို့က ကျော်ဖြတ်နိုင်မည် ထင်သော်လည်း၊ ခံနိုင်ရည်ရှိမည် မြင်သော်လည်း၊ ဝိညာဥ်ရေးရာ အားကြီးသည်ဟု ခံစားရသော်လည်း၊ စုံစမ်းခြင်းကို အော်မြင်မည်ဟု ထင်မှတ်ထားသော်လည်း၊ အမှတ်မထင် လွဲချော်ကာ ထိခိုက်သွားခြင်းမျိုး ဖြစ်စေတတ်သည်။
ကျွန်ုပ်သည် အစပ်ကြိုက်သူများထဲတွင်ပါသလို အတော်လည်း စားနိုင်သူတစ်ဦးဖြစ်သည်။ လွန်ခဲ့သော တစ်ရက်တွင်တော့ ကျွန်ုပ်သည် ကြက်သားနှင့် ငရုပ်သီးခွဲခြမ်း အစပ်ကြော်ထားသော ဟင်းကို အားရပါးရ စားပစ်ခဲ့သည်။ ကျွန်တော့်အမြင်တွင် ပေါ့ပေါ့ပါးပါးသာ ထင်ခဲ့သည်။ စားနိုင်မည်၊ စပ်လည်း နည်းနည်းဟုသာ ထင်မှတ်သလို ထိုအရာများကို ကျွန်တော်၏ ကိုယ်ခန္ဓာသည် ခံနိုင်ရည်ရှိမည်ဟုလည်း ယူဆထားခဲ့လေသည်။
သို့သော် တကယ်တမ်းစားသော အချိန်တွင်သာ အစပ်ဒဏ်ကို ခံနိုင်ရည်ရှိသော်လည်း ညဘက်တွင်မူ ဗိုက် အနည်းငယ် နာခဲ့လေသည်။ တစ်ရက်တော့ နာကျင်မှုကို ခံစားခဲ့ရသည်။ အကယ်၍သာ ပိုဆိုးခဲ့လျှင် ပြန်လည်တည်ဆောက်ရသော ကိုယ်ခန္ဓာသည် အချိန်တော်တော်ကြာယူရတော့မည် မဟုတ်ပါလား။ အခြေအနေပေါ်မူတည်၍လည်း ပြန်လည်ကောင်းမွန်လာစေရန် ပြင်ဆင်ခြင်းနှင့် အနေအထားများကို ရင်ဆိုင်ရနိုင်လေသည်။ ထိုအကြောင်းအရာအားဖြင့် ကျွန်တော်တို့ ယုံကြည်သူတွေသည် တခါတလေမှာ ခံနိုင်မည်ဟု ယူဆသော်လည်း မခံနိုင်ခြင်းဖြစ်နေတတ်သည်ကို ဝိညာဥ်သဘောဖြင့် ကြည့်တတ်စေရန် လိုအပ်သည်ကို နားလည်ရပေသည်။
ဝိညာဥ်ရေးရာ အားကြီးသည်ဟု ထင်မှတ်ထားသော်လည်း အမှတ်မထင် အားနည်းခြင်း၊ စုံစမ်းခြင်းကို ကျော်လွန်မည်ဟု ထင်မှတ်၍ ပေါ့ပေါ့တန်တန် သဘောထားမိခြင်း၊ အပြစ်၏ သွေးဆောင်ခြင်းများကို ပေါ့ပေါ့လေး ရင်ဆိုင်မိခြင်း (ဥပမာ၊ အရက်၊ မိန်းမ၊ မတရားသောမေထုန်၊ မူးယစ်ဆေး၊ ဆေးလိပ် စသဖြင့်ကို သွားရောက် ရောယှက်မိခြင်း)၊ စသဖြင့် မိမိကိုယ်ကိုယ် ကျော်လွှားနိုင်မည်ဟု အလွယ်လေးထင်မိသော်လည်း အမှတ်မထင် ကျရှုံးသွားရခြင်းသည် ကာလအချိန်ပေါ်မူတည်၍ ပြန်လည်တည်ဆောက်ကြရပေသည်။
အချို့မှာလည်း ထိုအထဲတွင် ပြန်လည်ကျရှုံးသွားတတ်ကာ လဲကျသွားကြသည်။ အချို့မှာလည်း ပြန်လည်ထဖို့ရန် ကာလအတော်ကြာ အချိန်ယူကြရသည်။ အချို့မှာလည်း လဲကျလိုက် ပြန်ထလိုက်၊ ပြန်ထလိုက် ပြန်လဲကျလိုက်နှင့် လုံးလည်ချာလည် လိုက်ကာ ဖြစ်နေတတ်သည်။ သို့သော် ဖြောင့်မတ်သောသူသည် ၇ကြိမ်လဲသော်လည်း ၇ကြိမ်ပြန်ထမည်ဆိုသည်မှာ မှန်ပါသည်။ ဒါပေမယ့် မိတ်ဆွေ ထပ်မံလဲမကျစေရန် ခွန်အားယူကာ ဆင်ခြင်မိဖို့တော့ လိုအပ်ပါသည်။ စစ်မှန်သော နောင်တရရန် ဘုရားရှင်ကောင်းကြီးရှိပါစေ။ ထို့ကြောင့် မိမိ၏ ဝိညာဥ်ရေးရာကို ကိုယ်ထင်သည်ထက် ပိုမို လွန်ကဲခြင်းမဖြစ်စေရန်၊ အပြစ်၏ သွေးဆောင်ခြင်းကိုလည်း ပေါ့ပေါ့လေး သဘောမထားသင့်ပေ။
ရောမဩဝါဒစာ ၁၂:၃
သင်တို့သည် ကိုယ်ကိုထင်သင့်သည် အတိုင်းထက်လွန်၍ မထင်ဘဲ၊ ဘုရားသခင်သည် လူအသီးအသီးတို့အား ယုံကြည်ခြင်းကို ဝေပေးတော်မူသည်နှင့်အညီ၊ ကိုယ်ကိုလျောက်ပတ်စွာထင်ရမည် အကြောင်း ငါသည် ကိုယ်ခံရသော ကျေးဇူးတော်ကိုအမှီပြုလျက်၊ သင်တို့တွင် ရှိသမျှသောသူတို့ကိုမှာထား၏။
မိမိ၏ ဆုကျေးဇူးများကိုလည်း အများထက်သာ၍ ဝါကြွားခြင်း ထောင်လွှားခြင်း မဖြစ်စေရန် ဘဝင်မြင့်ခြင်းများ မရှိစေရန်လည်း သတိပြုကာ နှိမ့်ချစွာ ဝန်ခံတတ်ရမည်။ တစ်ဦးနှင့်တစ်ဦး၏ ယုံကြည်ခြင်း၊ ဝိညာဥ်ရေးရာ၊ ဆုကျေးဇူးများမှာလည်း မတူညီတတ်ကြသည်ကို သတိပြုကာ မနာလိုခြင်း၊ နှိမ့်ချဆက်ဆံခြင်း မရှိစေရန်လည်း ဆင်ခြင်ကြရမည်ဖြစ်သည်။
ဒါ့ကြောင့် ကျွန်ုပ်တို့သည် မိမိကိုယ်ကို ထင်သင့်သည်ထက် သာ၍ လွန်ကဲစွာ မထင်ကြဖို့နှင့် အပြစ်၏ သွေးဆောင်ခြင်းများကိုလည်း ပေါ့ပေါ့တန်တန်သဘောမထားကြဖို့ရန် အင်မတန်မှ အရေးကြီးပါသည်။ လဲကျလျှင် တည်ဆောက်ကြရသည့် ကာလအပေါ်မူတည်၍ အချိန်ကွာခြားကာ ပင်ပန်းကြရသည်။ လဲကျသော်လည်း စစ်မှန်သော နောင်တနှင့်သာ ပြန်ထနိုင်ဖို့ရန် အချိန်မှီနောင်တရတတ်ပါစေ။ ကျွန်ုပ်တို့ ယုံကြည်သူများသည်လည်း လဲကျတတ်ပါသောကြောင့် သမ္မာသတိနှင့် သွားလာကာ ဆင်ခြင်ပိုင်းခြားတတ်ကြဖို့ရန် အနည်းငယ်ခွန်အားပေးတိုက်တွန်းလိုက်ပါသည်။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet