ဘာ့ကြောင့် အသက်ရှင်နေတာလဲ

တခါတလေမှာ မိမိ၏ အသက်ရှင်နေရခြင်းသည် ရည်ရွယ်ချက်ပျောက်နေပါသလား။ ငါဘာ့ကြောင့် အသက်ရှင်နေတာလဲ၊ လှုပ်ရှားရုန်းကန်နေတာ ဘာအတွက်လဲ။ ဝင်သက်ထွက်သက်ကို ရှိုက်သွင်းရင်း အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ်ကို တွေးရင်းတွေးရင်း အသက်ရှင်ရတာကို ငြီးငွေ့နေမိမယ်ဆိုရင် ဒီစာကလေးကို ဖတ်နေသော သင့်အတွက် တစ်ခုခုကို ရစေမယ်လို့ မျှော်လင့်ရင်း ဆုတောင်းပေးလိုက်ပါတယ်။
တခါတလေမှာတော့ ပျော်သလိုလို၊ တခါတလေမှာတော့ စိတ်ပျက်သလိုလို၊ ငြီးငွေ့ရတဲ့ဘဝမျိုး ဖြစ်နေတတ်တယ်။ ဘဝမှာ အဆင်ပြေပြီး သက်သာနေပါစေဦးတော့ ငြီးငွေ့နေတတ်ပါသေးတယ်။ မိမိကိုယ်တိုင် တွေးမိခဲ့ဖူးတဲ့ အဖြစ်လေးကတော့ ... မနက်သစ်မှာ နိုးထလာမယ်၊ မျက်နှာသစ်ရေချိုးပြီး အလုပ်သွားမယ် (သူဌေးဆိုရင် သူဌေးအလုပ်ပေါ့)၊ နေ့လည်စားသောက် ညနေပြန်လာ၊ မိသားစုနဲ့နေ၊ စားသောက်ပြီးရင် ပြန်အိပ်ကာ တစ်ပတ်ပြန်လည်ရဦးပေမည် မဟုတ်ပါလား။ တစ်ပတ်တစ်ပတ် ဒုံရင်းကဒုံရင်း လည်ပတ်ရင်း အသက်ရှင်ရတဲ့ နည်းစနစ်ကို သံပတ်ပေးထားတဲ့ စက်ရုပ်အလား မြင်ယောင်မိခဲ့ဖူးသည်။ ဘယ်လောက်ငြီးငွေ့စရာကောင်းလိုက်မလဲပေါ့လေ။ ချမ်းသာသောသူဖြစ်စေဦးတော့၊ ကြိုက်တာဝယ်နိုင် သုံးနိုင်နေပါစေဦး ဖြတ်သန်းရမည့် အနေအထားသည် ဖြတ်သန်းပုံ ဖြတ်သန်းနည်းသာ ကွာခြားသွားမည်ဖြစ်သော်လည်း ငြီးငွေ့စရာအဖြစ် မသေမချင်း လည်ပတ်ခြင်းပင်မဟုတ်ပါလား။ ဒီလိုတွေ ဖြတ်သန်းရင်း တဖြေးဖြေး အိုရ နာရမည့် အချိန်တွင်လည်း သာ၍ ငြီးငွေ့စရာဖြစ်ပေတော့မပေါ့။ ဒီအတိုင်းတွေးရင်းတွေးရင်း စိတ်ရှုပ် စိတ်ညစ်ရလောက်အောင် အသက်ရှင်သန်ခြင်းကို ငြီးငွေ့ခဲ့ဖူးပြီးတော့ ကိုယ်တော် မြန်မြန်ခေါ်ပါတော့ဟုပင် ဆုတောင်းခဲ့ဖူးပေသည်။
ဒီလို အသက်ရှင်ပုံရှင်နည်းသည် ပင်လယ်ကူးသင်္ဘောတစ်စီးအလားဖြစ်သော်လည်း မောင်းနှင်နေသည်မှာတော့ ဦးတည်ရာမရှိ ဟိုတိုက်ဒီတိုက်ဖြစ်ကာ ဘယ်နားမှာ ကမ်းရှိလို့ရှိမှန်းမသိ၊ ဟိုပြေးကပ် ဒီပြေးကပ်နှင့် ဒရိန်းဒယိုင် လိမ်ဖယ်လိမ်ဖယ် ယိုင်တိုင်တိုင်သာ ဆက်သွားနေပေတော့သည်။ တကယ်တော့ ဘယ်ကိုသွားရမလဲ မသိလို့မဟုတ်ပါလား။ ဘုရားသခင်သည် သူ့လူမျိုးတွေအတွက် အကြံအစည် ရှိသလို၊ အားလုံးကို တစ်ယောက်နှင့်တစ်ယောက်မတူ ခြားနားစွာ ဖန်ဆင်းထားပေသည်။ ထိုကြောင့် အခြားသူကိုလည်း ပုံတူကူးချ အားကျစရာမလိုပါ။
တိမောသေဩဝါဒစာ ပဋ္ဌမစောင် ၂:၄
လူအပေါင်းတို့သည် ကယ်တင်ခြင်းသို့ရောက်၍ သမ္မာတရားကို သိစေခြင်းငှါ၊ ဘုရားသခင်အလိုတော်ရှိ၏။
မိမိအပေါ် ဘုရားသခင်၏ ရည်ရွယ်ချက်၊ မိမိအားပေးသော ရူပါရုံနှင့် ယုံကြည်သူတိုင်းအတွက် ထားရှိသော မဟာစေစားချက်ကို နားလည်လာလျှင် အသက်ရှင်ခြင်း၏ အဓိပ္ပါယ်မှာ ရုပ်လုံးပေါ်လာမည်ဖြစ်ပေတော့သည်။ ဆိပ်ကမ်း မကပ်နိုင်သော ဦးတည်ရာမဲ့နေတဲ့ သင်္ဘောအနေအထားမှသည် ဦးတည်ရာသို့သာ မောင်းနှင်နေခြင်းအဖြစ် ပြောင်းလဲလာမည်။ မုန်တိုင်းတွေထန်ပါစေ၊ လှိုင်းတွေထန်ပါစေ၊ ဘယ်လိုအရာမျိုးကိုမှ မမှုဘဲ ရူပါရုံသို့သာ ဆက်လက်လျှောက်လှမ်းကာ အသက်ရှင်ခြင်း၏ ရည်ရွယ်ချက်ကို အလိုတော်နှင့်အညီ ဖြစ်စေတော့မည် ဖြစ်ပေသည်။
မိတ်ဆွေစဥ်းစားပါ။ သင်သည် မည်သို့ပင် အသက်ရှင်နေစေခဲ့ပါစေ၊ သင်ငြီးငွေ့နေသော ဘဝကို အပြီးသတ်နိုင်စေဖို့ ဘာအတွက်အသက်ရှင်နေသလဲဆိုတဲ့ ရည်ရွယ်ချက် အစစ်အမှန်ကိုရှာပါ။ သေသေချာချာစဥ်းစားပါ။ စားမယ်၊ သောက်မယ်၊ အိပ်မယ်၊ အလုပ်လုပ်မယ် ငွေရှာမယ်၊ သုံးမယ်၊ မိသားစုနဲ့နေမယ်၊ ပြန်လာမယ် ပြန်အိပ်မယ် နဲ့ တစ်ပတ်တစ်ပတ် ဒီလိုငြီးငွေ့စရာသာ ဖြစ်နေမလား။
သုတ္တံကျမ်း ၂၉:၁၈
ဗျာဒိတ်တော်မရှိလျှင်၊ လူတို့သည် အကျိုးနည်း ဖြစ်ကြ၏။ တရားတော်ကို စောင့်သောသူမူကား မင်္ဂလာရှိ၏။
အကျိုးနည်းစွာ အသက်ရှင်နေသောသူ မဖြစ်စေဖို့နဲ့ မည်သူနဲ့မှမတူသော သီးသန့်ဖြစ်သော သင်သည် ငြီးငွေ့စွာ နဲ့လောကမှာ အသက်ရှင်မသွားဖို့ သင်ကိုယ်တိုင် ဆင်ခြင်ကြည့်ပါ။ ဘာကြောင့် လောကမှာ ဘုရားသခင်က ထားထားသေးသလဲ၊ ရူပါရုံကဘာလဲ၊ ဘာ့ကြောင့် အသက်ရှင်နေသလဲ၊ ဘာအတွက်အသက်ရှင်နေသလဲ၊ ဘာလုပ်စေချင်သလဲ၊ ဘုရားသခင်၏ ရည်ရွယ်ချက်ကဘာလဲ၊ မဟာစေစားချက်အတွက် ငါအသုံးဝင်ရဲ့လား၊ စသဖြင့် ရှာတွေဖို့ရာ သင့်ကို ဘုရားရှင်စကားပြောပါစေ။ ဦးတည်ရာရှိသော သင်္ဘောအလား ဝမ်းမြောက်စွာဖြင့် သင့်ရဲ့ ဘဝခရီးကို ဆက်ကာ အလိုတော်နှင့် ညီသော အသက်ရှင်ခြင်းဖြစ်စေဖို့ရာ အနည်းငယ် ခွန်အားပေးတိုက်တွန်းလိုက်ပါတယ်။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet