လောကထဲမှာ လင်းသောသူများ
အလုပ်လုပ်ခြင်းကို အချို့သောသူများ၏အမြင်တွင် မသန့်ရှင်းဘူးဟုထင်တတ်ကြသည်။ စီးပွားရေးလုပ်ခြင်းသည်ပင်လျှင် မကောင်းဘူးဟုထင်သူများလည်းရှိတတ်ကြသည်။ အဘယ့်ကြောင့်ဆိုသော် အလုပ်လုပ်ခြင်း၊ စီးပွားရေးလုပ်ခြင်းများသည် လောကသဘောအရ မုသာများ၊ လှည့်စားခြင်းများ၊ ဖျံကျခြင်း၊ စသဖြင့် အမျိုးမျိုးကို မြင်တွေ့ရခြင်း သို့မဟုတ်လည်း ခံစားရခြင်းတွေကြောင့်ဖြစ်စေ ထိုသို့ထင်မှတ်တတ်ကြပေသည်။
သို့သော် တကယ့်ကို စစ်မှန်သော ယုံကြည်သူများ၏ အလုပ်လုပ်ခြင်း၊ စီးပွားရေးလုပ်ခြင်းများမှာ ထိုသို့မဟုတ်ပေ။ ဆန့်ကျင်ဘက်ဖြစ်သည်ကိုတော့ သတိချပ်စေချင်ပါသည်။ အချို့လုပ်ငန်းရှင်များသည် မိမိအတွက်သာကြည့်ခြင်း၊ အလုပ်သမားများကို ပိုခိုင်း၍ ထိုက်သင့်သလောက်မပေးခြင်း၊ အခွန်မဆောင်ခြင်း၊ လူမှုဖူလုံရေးကို လူဦးရေလျှော့ပေးခြင်း၊ ကိုယ့်ကြောင့် အလုပ်သမားအခက်တွေ့စေခြင်း၊ တာဝန်ယူမှု တာဝန်ခံမှုမရှိခြင်း စသဖြင့်အမျိုးမျိုးရှိကောင်းရှိကြမည် ဖြစ်သော်လည်း ယုံကြည်သူဦးဆောင်၍ လုပ်ဆောင်နေသော စီးပွားရေးလုပ်ငန်းသည် ထိုသို့မဟုတ်ဘဲ သမ္မာတရားကျကျအလုပ်လုပ်ခြင်း၊ မေတ္တာစီးဆင်းကာ အသက်ရှင်ခြင်းလက္ခဏာနှင့်ပြည့်စုံနေပေမည်မဟုတ်ပါလား။
ထိုသို့သောလုပ်ငန်းသည် အပတ်စဥ်ဖြစ်စေ လစဥ်ဖြစ်စေ ဧဝံဂေလိတရားဟောခြင်း၊ ကျမ်းစာသင်ခြင်း စသဖြင့် မိဿဟာရများကိုလည်း စီစဥ်ပေးနိုင်မည်သာမက တကယ့်ကို လုပ်ဆောင်လျှက်ရှိသော သာသနာလုပ်ငန်းများအတွက်လည်း သာ၍ပါဝင်ပေးလှူနိုင်ပေဦးမည်။ ထိုသို့နှင့် ခရစ်တော်၏ သာသနာသာ၍ ကျယ်ပြန့်လာကာ ပျောက်ဆုံးဝိညာဥ်များကို ရိတ်သိမ်းခွင့်ရပေဦးတော့မည်။
အလုပ်လုပ်ဆောင်ကြသူများမှာလည်း အခြားသောသူများကဲ့သို့ ခိုကပ်ခြင်း၊ တာဝန်ကျေရုံ၊ လူလည်ကျခြင်း၊ မချေမငံလုပ်ဆောင်ခြင်းစတဲ့ အပြုအမူများမရှိဘဲ မေတ္တာစိတ်ဖြင့် လုပ်ဆောင်ခြင်းအားဖြင့် အလင်းကိုလင်းစေလျှင် အသက်ရှင်ခြင်းအားဖြင့် သာသနာပြုခြင်းတစ်မျိုးဖြစ်နေပေမည်။
စသဖြင့် မိမိတို့၏ စီးပွားရေးလုပ်ငန်း၊ ကုမ္ပဏီတွင်ဖြစ်စေ၊ စာသင်ခန်း၊ ရုံး၊ အစိုးရဝန်ထမ်းဖြစ်စေ စသဖြင့် မည်သည့်နေရာတွင် လုပ်ဆောင်နေပါစေ မိမိတို့၏ အသက်ရှင်ခြင်းသည် ရှိတဲ့နေရာမှာ အလင်းကိုလင်းစေ၍ သာ၍ပါဝင် ပေးလှူဆပ်ကပ်နိုင်သောကြောင့် သာသနာကို ကျယ်ပြန့်စေသောသူဖြစ်စေမည်ဆိုလျှင် ထိုအလုပ်လုပ်ခြင်းသည် မသန့်ရှင်းဘူးဟု ထင်နိုင်စရာရှိပါဦးမည်လော။
ရှင်မဿဲခရစ်ဝင် ၅:၁၆
ထိုနည်းတူ၊ သူတပါးတို့သည် သင်တို့၏ကောင်းသောအကျင့်ကိုမြင်၍၊ ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘ၏ဂုဏ်တော်ကို ချီးမွမ်းစေခြင်းငှါ၊ သူတပါး ရှေ့၌ သင်တို့အလင်းကို လင်းစေကြလော့။
ဆရာသမားများသည် ကျွန်ုပ်တို့၏ လုပ်ငန်းခွင်သို့ ရောက်ရှိ၍ တရာဟောနိုင်မည်မဟုတ်သည်မှာ ၉၀ ရာခိုင်နှုန်းအထက်သေချာပါသည်။ ဒါ့ကြောင့် မိမိတို့၏ ရှိတဲ့နေရာအသီးသီးတွင် အလင်းကိုလင်းစေ၍ ဘုရားဘုန်းကိုထင်ရှားစေကာ သခင်ယေရှုခရစ်တော်နှင့် မိတ်ဆက်ပေးသောသူများအဖြစ် အသက်ရှင်ကြကာ သာ၍ပေးလှူပါဝင် ဆပ်ကပ်ကြသော လုပ်ငန်းရှင်၊ အလုပ်သမား၊ စတဲ့ မိမိတို့၏ အလုပ်ကိုလုပ်ရင်း အမှုတော်ထမ်းသူများဖြစ်သောကြောင့် လောကထဲတွင် အလင်းကိုလင်းစေသောသူများပင် ဖြစ်ပေတော့သည်။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet