လှိုင်းထန်မုန်တိုင်းကျသော်လည်း

ဖြစ်ပျက်နေသည့် အဖြစ်အပျက်များကိုကြည့်လျှင် အင်မတန် စိတ်နှလုံးကြေကွဲစရာဖြစ်သည်။ နာကျင်စရာကောင်းသည့် အခြေအနေ၊ ခက်ခဲပင်ပန်းလှသည့် ဝန်းကျင်၊ စိတ်မကောင်းစရာသတင်းစကားများသာ ကြားရ မြင်ရနေပေသည်။ ကျွန်ုပ်တို့၏ အခြေအနေကိုကြည့်လျှင် လှိုင်းထန်နေသည့် မုန်တိုင်းကြားထဲသို့ရောက်နေသည့် လှေငယ်အလား တိုက်ခတ်ခြင်းကိုခံရသဖြင့် လူးလွန့်၍ပင်ပန်းလွန်းလှပါသည်။
ကျွန်ုပ်တို့ အသက်ရှင်နေသမျှကာလပတ်လုံး ထိုသို့သော အခြေအနေအမျိုးမျိုးကိုလည်း ကြုံတွေ့ခံစားရနိုင်သည်။ အခက်အခဲပြဿနာ၊ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ နိုင်ငံရေး စသဖြင့် အမျိုးမျိုးသော ခက်ခဲခြင်း ပင်ပန်းဆင်းရဲခြင်း၊ စိတ်နှလုံးကြွေကွဲခြင်းများ စသဖြင့်ကြုံတွေ့ခံစားရနိုင်ပါသည်။ သို့သော် ပြန်လည်ကောင်းမွန်ရသည့် အခွင့်အရေးလည်း ရှိပါသေးတယ်ဆိုတာကိုလည်း မမေ့ကြဖို့ရန် အင်မတန်အရေးကြီးပါသည်။ ထိုအခြေအနေကြားထဲတွင် အရှုံးမပေးဖို့၊ အခြေအနေများထဲ၌ လဲကျမသွားဖို့ရန် အနည်းငယ် ဆင်ခြင်ခွန်အားယူကြပါစို့။
ပတ်ဝန်းကျင်ကိုကြည့်လိုက်လျှင်တော့ စိတ်ပျက်စရာ၊ အားငယ်စရာပါ၊ အခြေအနေကိုကြည့်လျှင်လည်း မျှော်လင့်စရာမရှိဘူး ဖြစ်ကောင်းဖြစ်နေနိုင်ပါသော်လည်း အခြေအနေတွေ၏ အထက်တွင်ရှိသော သခင်ယေရှုခရစ်တော်အား မျှော်ကြည့်ကြရအောင်လား၊ အော်ဟစ်ကြရအော်လား ...
ရှင်မဿဲခရစ်ဝင် ၁၄:၃၀
လေပြင်းသည်ကိုမြင်လျှင် ကြောက်လန့်၍ နစ်မွန်းလုသည်ရှိသော်၊ ကယ်မတော်မူပါသခင်ဟု ဟစ် ကြော်လေ၏။
ညသုံးချက်တီးအချိန်တွင် သခင်ယေရှုသည် အိုင်ပေါ်တွင် စက်တော်ဖြန့်လျှက်လာသည်ကို ပေတရုသည်မြင်လျှင် ကိုယ်တော်သာမှန်သည်ဆိုလျှင် သူလည်းလာချင်ပါသည်ဟုဆိုသဖြင့် ရေပေါ်သို့လျှောက်လှမ်းခွင့်ရခဲ့သည်။ ပေတရုသည် သခင့်ထံသို့ ရေပေါ်၌လမ်းလျှောက်၍ သွားနေပါသော်လည်း သူ၏ပတ်ဝန်းကျင်တွင် မုန်တိုင်းထန်နေပါသဖြင့် လေပြင်းသည်ကိုမြင်သည့်နောက်တွင် ကြောက်၍ နစ်မွန်းလေသည်။ ထို့နောက်တွင် ကိုယ်တော်ကယ်မပါဟုဆိုသဖြင့် ပြန်လည်ကယ်တင်ခြင်းကို ခံခဲ့ရသည်မဟုတ်ပါလား။
မြင်တွေ့နေရသည့် အခြေအနေ၊ ကြုံတွေ့နေရသည့် လေပြင်းမုန်တိုင်း၊ ပတ်ဝန်းကျင်၌ တိုက်ခတ်သည့် အခြေအနေများသည် ပေတရုကြီးအား ရေထဲသို့ဆွဲချသွားနိုင်သည့် အားတစ်ခုဖြစ်ခဲ့သည်။ သို့သော် ပြန်လည်ကယ်တင်ခြင်းကိုတော့ ထိုအခြေအနေအထက်၌ရှိသော ဘုရားအားဖြင့် ခံစားခဲ့ရသည်။
အခြေအနေ၏ အထက်၌ရှိသော ဘုရား၊ မုန်တိုင်းကို ငြိမ်းစေသော ဘုရား၊ တော၌ လမ်းကိုဖြစ်စေသော ဘုရား၊ လွင်ပြင်၌ ရေကိုစီးစေသော ဘုရား၊ မာရအရပ်၏ ရေကိုချိုစေသော ဘုရား၊ ပေတရုကြီးအား အခြေအနေထဲက ကယ်မသောဘုရားသည် ယနေ့ချိန်ထိကျွန်ုပ်တို့ခံစားနေရသော အရာရာကိုသိပါသည်။
ထို့ကြောင့်လည်း ကျွန်ုပ်တို့၏ စိတ်နှလုံးကြေကွဲရခြင်း၊ စိုးရွံ့ထိတ်လန့်နေရသည့် အခြေအနေ၊ ငိုကြွေးနေရသော ကာလ၊ ခက်ခဲပင်ပန်းလွန်းရသည့် အချိန်နာရီ၊ နာကျင်ခံစားနေရသော နေ့ရက်၊ ကြောက်လန့်နေရသည့် ခံစားချက်များထဲမှ ပြန်လည်ရွေးနှုတ် ကယ်တင်ဦးမည်ဖြစ်သည်။ လက်ရှိကာလသည် ကျွန်ုပ်တို့အတွက် ဘယ်လိုပင် ပြင်းထန်သော လှိုင်းထန်မုန်တိုင်းကျရောက်နေပါသော်လည်း အခြေအနေတို့၏ အထက်၊ လေမုန်တိုင်းတို့၏ အထက်၌ရှိသော အဓမ္မအမှုအရာကို မနှစ်သက်သည့် ဘုရားသခင်၏ "Restoration" ရှိပါသေးသည်ဟု အနည်းငယ်ဝေမျှခွန်အားပေးလိုက်ပါတယ်။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet