နက်ဖြန်နေ့၌

ကိုယ့်အသက်တာမှာ ဘာတွေကို ဦးစားပေးနေမိသလဲ ဘုရားအတွက်ဆိုတာရဲ့ ရှေ့မှာ ဘာတွေကို ပိတ်ဆို့တားဆီးနေစေမိသလဲဆိုတာဟာ ဆင်ခြင်စရာတစ်ခုဖြစ်လာပါတယ်။ ပိတ်ဆို့ခြင်းဆိုတာသည် လူတိုင်းအတွက် တစ်ခုမဟုတ်တစ်ခု၊ တစ်ကြိမ်မဟုတ်တစ်ကြိမ်တော့ ကြုံတွေ့ကောင်းကြုံတွေ့ရနိုင်သော အတားအဆီးတစ်ခုလို့ ဆိုရရင်လည်း မှားမည်မထင်ပါ။
မိမိ၏ အလုပ်ကိုသာ စွဲလန်းနေခြင်း (Workaholic)၊ ငွေကြေးမှငွေကြေးပဲ စွဲလန်းခြင်း၊ ဇာတိသဘော တပ်မက်ခြင်းတွေ၊ အစရှိသဖြင့်တွေကများ တားဆီးပိတ်ပင်နေသလား။ မာနကြီးခြင်း၊ ငါဆိုတဲ့ အတ္တတွေ၊ မာန်မာနနဲ့ဇာတိသဘောသာ ကြီးစိုးသောကြောင့် ဘုရားအတွက်ဆိုတာကို မမြင်နိုင်အောင် အချိန်ပေးနိုင်ဖို့ကို ကာဆီး ပိတ်ဆို့နေပါသလား။
လာဇရုကြီးကို သင်္ချိုင်းကနေ ပြန်ရှင်လာဖို့ကို ယေရှုခရစ်တော် အမိန့်မပေးခင်မှာ ပိတ်ဆို့နေတဲ့ ကျောက်ကို အရင်ဦးဆုံးဖယ်ရှားခိုင်းတာကို တွေ့ရပါတယ်။ ထိုကျောက်ကို ဖယ်ရှားပြီးတဲ့အခါမှသာ လာဇရု ထွက်၍လာလော့ဟု ကြီးစွာသော အသံနဲ့အော်ဟစ်ခေါ်တာကိုတွေ့ရတယ်။
ဒီလိုပဲ ကျွန်တော်တို့ အသက်တာမှာ ပိတ်ဆို့နေတဲ့ ကျောက်တွေကို ဖယ်ပါ။
ရှင်ယောဟန်ခရစ်ဝင် ၁၁:၃၉
ကျောက်ကိုရွှေ့ကြလော့ဟု ယေရှုသည်မိန့်တော်မူလျှင်၊
ယောရှုတို့သည်လည်း ယောဒန်မြစ်ကို ဖြတ်မကူးခင်မှာ မိမိလူတို့ကို သန့်ရှင်းစေဖို့မှာတယ်ဆိုတာကို မြင်တွေ့ရတယ်။ ဒီမြစ်ရေကို ဖြတ်လျှောက်ခြင်းအတွက် ဒီလူတွေကို ပြင်ဆင်ခိုင်းတယ်။ အံ့ဖွယ်သောအမှုမရောက်လာခင် မကြုံတွေ့ခင်မှာ ဒီလူတွေကို သန့်ရှင်းစေဖို့ရာမှာထားတာကို မြင်တွေ့ရပါတယ်။
ယောရှုမှတ်စာ ၃:၅
ယောရှုကလည်း၊ သင်တို့သည် ကိုယ်ကိုယ်ကိုယ် သန့်ရှင်းစေကြလော့။ အကြောင်းမူကား၊ နက်ဖြန်နေ့၌ ထာဝရဘုရားသည် အံ့ဖွယ်သောအမှုတို့ကို သင်တို့တွင်ပြုတော်မူမည်ဟု လူများတို့အား မှာထားလေ၏။
ကျွန်တော်တို့ယုံကြည်သူတွေကလည်း မိမိတို့၏ အသက်တာကို သန့်ရှင်းစေကြဖို့ရာ ပြင်ဆင်ကြပြီး၊ ကိုယ့်အသက်တာမှာ ပိတ်ဆို့နေတဲ့ မိမိရဲ့ ဇာတိသဘောတွေ မာန်မာနတွေ စသဖြင့်ကို ဖယ်ရှားကြစို့ရယ်။
နက်ဖြန်နေ့၌ ထာဝရဘုရားသည် အံ့ဖွယ်သောအမှုတို့ကို သင်တို့တွင်ပြုတော်မူမည်ဟု ဆိုသည့်အတိုင်း မိမိတို့အယောက်စီတိုင်း၏ အသက်တာမှာ ဘုရားသခင်၏ ဘုန်းတော်ထင်ရှားခြင်းရှိကြပါစေလို့ အနည်းငယ်ဝေမျှခွန်အားပေးလိုက်ပါတယ်။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet