မစင်ကြယ်သော နှင့် စင်ကြယ်သော
ကိုယ်နာမည်ရဖို့၊ ကိုယ်အောင်မြင်ဖို့၊ ကိုယ့်ကိုလူတွေသိဖို့၊ နာမည်ကြီးဖို့၊ ကိုယ်နေရာရဖို့ စသဖြင့်တွေအတွက် ကိုယ်ဟောကြားတဲ့ ဒေသနာသည် သမ္မာတရားကို လွန်ဆန်နေမိသလား။ အနည်းငယ်သော တဆေးသည် များစွာသော ဖောင်းပွခြင်းကို ဖြစ်စေနိုင်သည် မဟုတ်ပါလား။
လက်ရှိကာလသည် များစွာသော ဩဝါဒတွေဖောင်းပွလာသော ကာလတစ်ခုဟုဆိုရပေမည်။ ဘယ်ကလာမှန်းမသိတဲ့ အခြေအမြစ် မယ်မယ်ရရ မရှိသော ဩဝါဒအလွဲတွေ၊ အခြေအမြစ်ရှိတဲ့ မှားယွင်းသောဩဝါဒတွေ၊ ဘယ်ကလာသလဲ သေသေခြာခြာ သိရသော်လည်း မိမိ၏တပ်မက်ခြင်းကြောင့်မလွန်ဆန်နိုင်ခြင်းတွေ၊ စသဖြင့်သော လွဲမှားသော သွန်သင်ခံယူချက်တွေ၊ မှားယွင်းသောဩဝါဒတွေ၊ အယူလွဲမိစ္ဆာအဖွဲ့အစည်းပေါင်းများစွာ ပေါ်ပေါက်လျှက်ရှိရာကာလဟု ဆိုနိုင်ပေသည်။
ယုံကြည်သူများ၏ ခံယူယုံကြည်ချက်နှင့်သမ္မာတရားသည် အယူလွဲ မူကွဲများနှင့်မတူသောကြောင့် ပေါင်းစပ်၍မရနိုင်သည်ကိုလည်း သတိပြုစရာရှိပေသည်။ ဒါ့ကြောင့် ထိုအယူလွဲဩဝါဒများကို ကိုယ့်ထံမဆွဲသွင်းစေရန်နှင့် အရောအနှောလုပ်ခြင်း မရှိစေရန်ဆင်ခြင်ဖို့အရေးကြီးလှသည်။ ဒီလိုမဖြစ်စေဖို့ရန်အတွက်ကတော့ သမ္မာတရားလမ်းအတိုင်းသာ ဘေးဘယ်ညာမယိမ်း မတိမ်းစောင်းစေရန် သမ္မာသတိနှင့် ထိန်းရပေမည်။
တိတုဩဝါဒစာ ၂:၁
သင်မူကား၊ စင်ကြယ်သောဩဝါဒနှင့် ထိုက်တန်သမျှတို့ကို ဟောပြောလော့။
တိတုဩဝါဒစာကို ကြည့်မယ်ဆိုရင်လည်း ရှင်ပေါလုက တိတုကို စင်ကြယ်သောဩဝါဒကိုသာ ဟောပြောစေဖို့ကို သတိပေးတိုက်တွန်းနေသည်ကို မြင်တွေ့ရသည်။ မိမိတို့၏ စိတ်ခံစားချက်၊ ဇာတိ၊ မာန်မာန၊ လူအထင်ကြီးစေချင်သော စိတ်၊ တပ်မက်ခြင်း စသဖြင့်တွေကြောင့် မုသာပါသော ဩဝါဒ၊ မုသာနှင်ဆိုင်သော သက်သေ၊ သို့မဟုတ် သမ္မာတရားနှင့်မညီသော ခံယူချက်၊ သွန်သင်ချက်၊ ယုံကြည်ချက်များ မဖြစ်စေရန် သတိပြုရမည်ဖြစ်သည်။
လက်ရှိကာလမှာ မစင်ကြယ်သော ဩဝါဒတွေဟုဆိုအပ်သော လွဲမှားတဲ့သွန်သင်ချက်တွေ၊ မှားယွင်သောဩဝါဒတွေ၊ မိစ္ဆာအယူလွဲတွေ၊ ယေရှုကို နှစ်ကိုယ်သုံးကိုယ် ခွဲခြမ်းစိတ်ဖြာခြင်းတွေ၊ ဝိညာဥ်ငါးကိုယ်ခွဲခြမ်းခြင်းတွေ၊ အမျိုးသမီးယေရှုကြွလာပြီးပြီဆိုတာတွေ၊ အခြားသောဧဝံဂေလိတွေဖြစ်တဲ့ နောင်တမပါသော ကယ်တင်ခြင်းတွေ၊ အသက်တာမပါတဲ့ အပြစ်လွန်ကျူးခွင့်လိုင်စင်တွေ၊ ဘိုးတော်ယောင်ယောင်ဘာယောင်ယောင်နဲ့ တောင်ကီတစ်ပေါက်ရှမ်းရှမ်းတောက်နေသူတွေ၊ ပရောဖက်အတုအယောင်တွေ၊ ယေရှုအကြောင်းပြ၍ ဟိုရှဲဒီရှဲ ငွေဝင်မယ် မြွေဝင်မယ်ဆိုသူတွေ၊ ယေရှုကို ဘုရားငယ်အဖြစ်သာလက်ခံခြင်းတွေ စသဖြင့် အထူးထူးအပြားပြားသော ဩဝါဒပေါင်း သောင်းခြောက်ထောင်ရှိနေသော်လည်း သတိပြုကြရမည်ဖြစ်ပေသည်။
ဘယ်လိုပဲဖြစ်စေ မှားယွင်းသောဩဝါဒတွေ၊ မိစ္ဆာပရောဖက်တွေ၊ ယေရှုအတုအယောင်တွေသည် ပေါ်လာမည်ဟုဆိုထားသည်မဟုတ်ပါလား။ ဒါ့ကြောင့် ခွေးတို့ကို ရှောင်ပါဟုအတိအကျသတိပေးထားသောကြောင့် ယုံကြည်သူမှန်ရင်တော့ ရှောင်ကြရပေဦးတော့မည်။ မစင်ကြယ်သော ဩဝါဒတွေသည် နောက်ဆုံးသောကာလရောက်လေ သာ၍ပို၍ တိုးလာမည် ဆက်၍လည်းရှိနေဦးမည်ဆိုသော်လည်း ကျွန်ုပ်တို့မူကား စင်ကြယ်သော ဩဝါဒတွေကိုသာဆက်လက်၍ ဟောပြော၊ သွန်သင်၊ တိုက်တွန်းကာ၊ ယုံကြည်သူများကိုလည်း ထိုရန်စွယ်အပေါင်းကနေ ကာကွယ်ပေးကြရမည်ကို သမ္မာသတိနှင့် ဆင်ခြင်ဖို့ရာ အနည်းငယ်တိုက်တွန်းခွန်အားပေးလိုက်ချင်ပါတယ်။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet