သူငယ်မှသည်
ကလေးငယ်တစ်ယောက်မှသည် လူကြီးတစ်ယောက်ဖြစ်လာဖို့ရာ ဖြတ်သန်းရတဲ့ကာလတစ်ခုရှိပါသည်။ ဒီကာလမှာ ကလေးငယ်တစ်ယောက်၏ အပြုအမူ၊ အနေအထိုင်၊ အပြောအဆို စသဖြင့်တွေများစွာ ရှိခဲ့ကြပါတယ်။ ရင့်ကျက်လာတဲ့တစ်နေ့မှာတော့ ထိုအရာတွေများစွာသည် တဖြေးဖြေးကွယ်ပျောက်သွားတတ်ကြတယ်။ တစ်ယောက်နဲ့တစ်ယောက် ကာလတစ်ခုစီတော့ ကွာခြားကြမှာဖြစ်ပြီးတော့ အချိန်တွေတော့ တူညီတတ်ကြမှာ မဟုတ်ပါဘူး။
ကလေးငယ်တစ်ယောက်ဆီမှာ မုန့်တောင်းစားရင် အများစုကတော့ မကျွေးတတ်ကြပါဘူး၊ တချို့ကလေးကလည်း လောဘကြီးတတ်သေး၏။ မုန့်တစ်ခုကိုလက်မှာကိုင်ရင်း နောက်တစ်ခုကို လက်ညှိုးကထိုးတတ်သေးတာမျိုးပေါ့။ စသဖြင့် ကလေးငယ်၏ အလေ့အထသည် ကလေးတစ်ယောက်အနေဖြင့် အဆင်ပြေနေသော်လည်း လူကြီးတစ်ယောက်တွင်မူ ထိုအကျင့်စရိုက်များရှိနေပါက အင်မတန် အရုပ်ဆိုးအကျည်းတန်လှသည် မဟုတ်ပါလား။
တနည်းဆိုရရင်တော့ ခရစ်ယာန်တစ်ယောက်သည် ကလေးငယ် အသက်တာမှ ကြီးရင့်သော အသက်တာသို့ တိုးတက်ခြင်းရှိလာရမည်။ အသက်တာကြီးရင့်လာသော ကလေးငယ်သည် နို့ဘူးကိုစွန့်၍ ထမင်းစားလာသကဲ့သို့ ခရစ်ယာန်တစ်ယောက်သည်လည်း နို့စို့ကလေးအရွယ်မှသည် ကြေခဲသောအစာကို စားနိုင်သော ကြီးရင့်သောသူအဖြစ်သို့ တက်လှမ်းနိုင်ရပေမည်။
ကောရိန်သုဩဝါဒစာ ပဌမစောင် ၁၃:၁၁
ငါသည် သူငယ်ဖြစ်စဉ်အခါ၊ သူငယ်လိုစကားပြော၏။ သူငယ်လိုစိတ်ထင်၏။ သူငယ်လိုကြံစည်၏။ အသက်ကြီးသောအခါမူကား၊ သူငယ်၏ အရာများကို ငါပယ်ရှား၏။
သူငယ်အရွယ်ရှိသော ခရစ်ယာန်တစ်ယောက်သည် သူငယ်လိုသာ ပြောဆို၊ နေထိုင်၊ ပြုမူ၊ စိတ်ထင်၊ ကြံစည်၊ လုပ်ဆောင်တတ်ကြသည်။ ဆရာမှ တရားဟောနေလျှင်ပင် ဒါငါ့ကိုစောင်းပြောတာဟု စိတ်ထင်၍ စိတ်ကောက်တတ်ကြသေး၏။ တချို့မှာလည်း ဘုရားကျောင်းမတက်ကြတော့ပေ။ ကလေးငယ်၏ စိတ်ထားအတိုင်း မနာလိုခြင်းတွေ၊ အပြစ်မြင်ခြင်းတွေ၊ စိတ်ကောက်ခြင်းတွေ၊ ခွင့်မလွှတ်နိုင်ခြင်း စသဖြင့် ရှိနေတတ်ကြသည်မှာလည်း ဒီခရစ်ယာန်တွေပဲမဟုတ်ပါလား။ ဘုရားကျောင်းတက်လာတာ နှစ်နဲ့ချီနေပြီ၊ ပြောင်းလဲလာတဲ့နှစ်ကို ကြည့်ရရင်လည်း လက်ဆယ်ချောင်းမကကြာနေပြီ၊ တချို့ကလည်း ငယ်စဥ်ကတည်းက ကျမ်းစာအုပ်ကို ဖက်ပြီးမွေးလာတယ် စသဖြင့်ဆိုသော်ညားလည်း ကလေးစရိုက်မပျောက်ကာ ကလေးဆိုးကြီးအဖြစ် ရှင်သန်နေကြပြန်ပါတယ်။
သူငယ်အရွယ်မဟုတ်သော်လည်း အသက်လေးဆယ် အရွယ်လောက်ရှိသူတစ်ဦးသည် ချိုလိမ်လေးစို့၊ လက်မလေးစုပ်ကာ အောက်ပိုင်းဗလာနှင့်သာ လျှောက်သွားနေလျှင် ကြည့်လို့အဆင်ပြေမည်လား။ အသက်ကြီးလာတဲ့အခါမှာတော့ ဒီအရာတွေကို မလုပ်ဆောင်ကြတော့သလို၊ နှစ်သက်ခြင်းလည်း မရှိကြတော့ဘူးဆိုတာကို သတိထားကြည့်ရင် တွေ့နိုင်ပါတယ်။ အကယ်၍သာ ဆက်လုပ်နေသေးရင်တော့ တစ်ခုခုလွဲချော်နေပြီမဟုတ်ပါလား။ ဒါ့ကြောင့် ခရစ်ယာန်တစ်ယောက်သည် ကလေးငယ်၏ ဘဝကိုတော့ ဖြတ်သန်းရသော်လည်း ကြီးရင့်လာဖို့ရာတော့လိုအပ်သည်။ ကလေးငယ်ဘဝမှာသာတစ်နေပြီး အာဟာရချို့တဲ့သော ဝိညာဥ်ရေးရာ ဂီလာနမဖြစ်စေဖို့ရန် အင်မတန်အရေးကြီးပါတယ်။
ကျွန်ုပ်တို့အားလုံး ကလေးငယ်၏ ဘဝကိုဖြတ်သန်းခဲ့ကြရသလို ကြီးရင့်လာဖို့ရာလည်း ဖြတ်သန်းခဲ့ကြရသည်။ ကြီးရင့်လာတဲ့အခါမှာလဲ နို့မစို့တော့ဘဲ ကြေခဲသောအစာတွေကို စားလာကြပါတယ်။ ထိုသို့ ကြီးရင့်လာသောအခါတွင် ကလေးငယ်ဘဝမှ အရာများကို ပယ်ရှားလာတတ်ကြသည်။ ခရစ်ယာန်အသက်တာ ကြီးရင့်လာတဲ့အခါမှာလည်း ကလေးငယ်ဘဝမှ အရာများကဲ့သို့ မဖြစ်တော့ဘဲ အရာရာ၌ ဝိညာဥ်ရေးရာကိုသာ ဦးတည်သွားလာတတ်လာကြပါတယ်။
အချုပ်အားဖြင့်ဆိုရသော် မိမိ၏ လက်ရှိအခြေအနေသည် နို့ကိုသာ စို့၍ ကလေးငယ်ဘဝလား၊ ကြေခဲသောအစာကို စားနိုင်နေပြီဖြစ်သော ကြီးရင့်သောသူလား စသဖြင့် ခွဲခြားသိမြင်ဖို့နှင့် မိမိ၏လိုအပ်ချက်ကို ဆင်ခြင်ကာ အသက်ရှင်ဖို့ရန်ဖြစ်ပါသည်။ သို့တည်းမဟုတ် ကြီးရင့်တယ်ဟုဆိုနေပါသော်လည်း သူငယ်အကျင့်စရိုက်ကဲ့သို့ စိတ်ကောက်ခြင်း၊ ခွင့်မလွှတ်နိုင်ခြင်း၊ ကိုယ့်နဲ့သဘောမတူရင် ကြည့်မရခြင်း၊ မချစ်နိုင်ခြင်း၊ ဆရာစွဲတွေထားခြင်း၊ လူမျိုးစွဲ၊ ပုဂ္ဂိုလ်စွဲ၊ ဂိုဏ်းကနစွဲ စသဖြင့်သော သူငယ်၏သဘောသဘာဝတွေပေါ်နေပါသလား။ ရှင်ပေါလုကတော့ သူငယ်အရွယ်မှာ သူငယ်လို ပြောဆိုတယ်၊ ကြံစည်တယ်၊ စိတ်ထင်တယ်ဟု ဆိုပါသော်လည်း အသက်ကြီးတဲ့အခါမှာတော့ သူငယ်၏အရာများကို ပယ်ရှားတယ်ဟုဆိုပါတယ်။ ကျွန်ုပ်တို့ ယုံကြည်သူခရစ်ယာန်များမှာလည်း သူငယ်၏ အရာများကိုပယ်ရှားကာ နို့စို့အရွယ်မှ ကြေခဲသောအစာကိုသာ စားနိုင်သော ကြီးရင့်သော အသက်တာအဖြစ် တက်လှမ်းကြနိုင်ဖို့ရာ ဆင်ခြင်ကြဖို့အင်မတန်အရေးကြီးတယ်ဆိုတာကို အနည်းငယ် ဝေမျှခွန်အားပေးချင်ပါတယ်။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet