နေဟမိထံမှသင်ယူခြင်း

နေဟမိထံမှသင်ယူခြင်း
@@@@@@@@@@
နေဟမိသည် ယေရုရှလင်မြို့ရိုး ပြိုပျက်ပြီး မြို့တံခါးမီးလောင်တဲ့ သတင်းကိုကြားတဲ့အခါမှာ အင်တန်ကာလပတ်လုံး ငိုကြွေးမြည်တမ်းတယ်၊ အစာကိုရှောင်ပြီး ဆုတောင်းခြင်း၊ စသဖြင့်ကိုမြင်တွေ့ရတယ်။ ကိုယ်ကျိုးအတွက် အစာရှောင်ခြင်း ဆုတောင်းခြင်းမျိုးကို မတွေ့ရ။ သူ့ရဲ့ ခေါင်းဆောင်စိတ်၊ ဝန်တာရှိတဲ့စိတ်၊ အစေခံစိတ်၊ သူစိတ်မသာ ငိုကြွေးနေပေမယ့် အရင်ဆုံး ဘုရားကိုစကားပြောတယ်ဆိုတာကိုတွေ့ရပါတယ်။
(၁) ကျွန်တော်တို့တွေရော ပျောက်ဆုံးဝိညာဥ်၊ အသင်းတော်၊ သာသနာ၊ အတွက် အစာရှောင် ဆုတောင်းခြင်းလား၊ ကိုယ်ကျိုးအတွက်လား။
(၂) ပြဿနာအခက်အခဲတွေကြုံတိုင်း၊ ငိုကြွေးပြီးညည်းတွားသလား၊ ဘုရားကိုစကားပြောသလား။
(၃) နေဟမိကဲ့သို့ ခေါင်းဆောင်စိတ်၊ ဝန်တာစိတ်၊ အစေခံစိတ်မျိုးနဲ့ ပါဝင်ဆပ်ကပ်ကြဖို့ အတုယူသင့်ပါတယ်။
*** (နေဟမိ ၁:၆) ဘယ်အရာမှမလုပ်ခင် အရင်ဆုတောင်းတယ်။ နာကျင် ဝမ်းနည်းနေရတာတွေ ငိုကြွေးနေရတာတွေ ခံစားချက်တွေကြားထဲက ဆုအရင်တောင်းတယ်။ ကျွန်တော်တို့လဲ ဆုတောင်းခြင်းနဲ့ အစပြုကြသလား။ ဘယ်အရာကိုမဆို ဆုတောင်းခြင်းနဲ့အစပြုဖို့ အတုယူသင့်သည်။
*** (နေဟမိ ၂:၉-၁၆) ဘယ်အချိန်မှာ ပြောရမယ်၊ ဘယ်အချိန်မှာ နှုတ်ဆိတ်နေသင့်တယ်ဆိုတာကို သိတယ်၊ အခြေအနေတွေကို ကြိုတင်ကြည့်ထားတယ်၊ ကြိုတင်လေ့လာထားတယ်။ ခေါင်းဆောင်ဆိုတာ ပြောရမယ့်အချိန်၊ မပြောရမယ့်အချိန်သိရမယ်၊ အခြေအနေကို ကြိုလေ့လာထားရမယ်။
*** (နေဟမိ၂:၁၇) မြို့ရိုးပြန်လည်တည်ဆောက်ဖို့ နှိုးဆော်သည်။ လူတွေကလည်း တစ်ယောက်ကို တစ်ယောက်နှိုးဆော်ကြတယ်။ တိုက်တွန်းနှိုးဆော်ပေးခြင်းတွေသည် မလိုအပ်ဟုထင်ကြသော်လည်း အင်မတန်လိုအပ်သည်ကို မြင်တွေ့ရသည်။ ခေါင်းဆောင်တစ်ယောက်၏ နှိုးဆော်ပေးခြင်းသည် အင်မတန်အဖိုးတန်ပေသည်။ နားညည်းတယ်ဟုမမှတ်ယူဘဲ မိမိမလိုအပ်ရင်တောင် လိုအပ်သောသူရှိသည်ဟုမှတ်ယူပါ။
*** (နေဟမိ၄:၁၃) ရန်သူနှောက်ယှက်မည်ကို သိသောကြောင့် ကြိုတင်ပြင်ဆင်ထားတယ်။ ခွဲခန့်မှတ်သားတတ်တယ်၊ စီမံခန့်ခွဲခြင်းကိုသေချာလုပ်တယ်။ ခေါင်းဆောင်တစ်ယောက်သည် ပြင်ဆင်ထားရမည်၊ ခွဲခန့်မှတ်သားပြီး တာဝန်တွေကိုခွဲဝေပေးရမည်၊ စီမံခန့်ခွဲခြင်းကိုလုပ်တတ်ရမည်။
*** (နေဟမိ၄:၁၆-၂၃) အားငယ် စိတ်ပျက်နေသော လူတွေသည် လက်တစ်ဘက်နဲ့အလုပ်လုပ် လက်တစ်ဖက်မှလက်နက်ကိုင်လောက်တဲ့အထိ ဖြစ်စေတယ်။ ဘုရားသခင်အတူပါရှိကြောင်းခွန်အားပေးတိုက်တွန်းနှိုးဆော်တတ်သောသူဖြစ်တယ်။ ကျွန်တော်တို့က သူတပါးကိုအားပေးတတ်သောလား၊ စိတ်ပျက်စရာသာဖြစ်စေသလား၊ သူတပါးကိုကျဆုံးစေသလား။ ခေါင်းဆောင်တစ်ယောက်သည် သူတပါးကို ခွန်အားပေးတိုက်တွန်းနှိုးဆော်ရမည်။
*** (နေဟမိ ၅:၉) ဘုရားသခင်ကို ကြောက်ရွံ့စေဖို့ သတိပေး၊ အသိပေး၊ သေချာပြောပြတယ်။ ဝိညာဥ်ရေးရာခေါင်းဆောင်တွေမှာလဲ ဒီလို ပြောပြဖို့အတွက် တာဝန်ရှိတယ်၊ ဘုရားသခင်ကို ကြောက်တတ်ဖို့ သွန်သင်ပေးရမယ်။
*** (နေဟမိ ၅:၁၀) ငါ၊ ငါ့ညီ၊ ငါ့ကျွန် တို့ကအစ အလွဲသုံးစားမလုပ်ဘူးဆိုသော ငါလုပ်တာကို ကြည့်၊ ငါလုပ်သလိုလုပ်လို့ ပြောနိုင်တဲ့ စံပြခေါင်းဆောင်ဖြစ်တယ်။ ကျွန်တော်တို့ကတော့ ငါပြောသလိုလုပ် ငါလုပ်သလိုတော့မလုပ်နဲ့လို့များ ဖြစ်နေသလား။ စံပြခေါင်းဆောင်ဖြစ်စေဖို့ အတုယူသင့်တယ်။
*** (နေဟမိ ၅:၁-၁၃) ပြဿနာကို ရင်ဆိုင်ဖြေရှင်းတယ်၊ သေချာဖော်ပြတယ်ပြောပြတယ်၊ စိတ်ဆိုးပြီးပြုခြင်းမျိုး စီရင်ချက်မျိုး ဆုံးဖြတ်တာမျိုးမဟုတ်ဘူး၊ ဝိညာဥ်သဘောနဲ့ စီရင်ချက်ချတယ်၊ ဘုရားသခင်၏လူ(ဘုရားသဘော) အတိုင်းပြုမူတယ်။ ကျွန်တော်တို့ကရော တစ်ခုခုဆို စိတ်ဆိုးပြီး စီရင်သလား၊ ဆုံးဖြတ်သလား။ မှားနေတာကို နေဟမိကဲ့သို့ ဖော်ပြရဲသလား၊ ထောက်ပြရဲသလား၊ ပြင်ဖို့ပြောရဲလား၊ ခေါင်းဆောင်ဆိုတာ မှားနေတာကိုမြင်ရက်နဲ့ မပြောဘဲနေတာသည် ခေါင်းဆောင်ကောင်းရဲ့စိတ် မဟုတ်ဘူးဆိုတာကို နားလည်ရတယ်။ နေဟမိကဲ့သို့ အလွဲတွေကို ပြင်ဆင်ဖို့ ထောက်ပြခြင်း၊ ဖော်ပြခြင်း ပြုပေးသင့်တယ်။
*** (နေဟမိ၆:၃-၉) ပျက်စီးစေဖို့ ချိန်းဆိုခြင်းတွေကို ငြင်းဆိုတယ်၊ မခံချင်စိတ်နဲ့မတုန့်ပြန်ဘူး။ အဓိကနဲ့ သာမညကို ခွဲခြားသိတယ်။ မြို့ရိုးမတည်ဆောက်နိုင်အောင်နှောက်ယှက်ခြင်းတွေ ခဏခဏရှိတယ်၊ ၄ကြိမ်ချိန်းဆိုပေမယ့် အကုန်ငြင်းတယ်။ ၅ကြိမ်မြောက်မှာ စာပေးပြီး မဟုတ်တာကို စွတ်ဆွဲပြောဆိုပေမယ့် အေးအေးဆေးဆေးငြင်းဆိုတယ် တုန့်ပြန်တယ်။ အလုပ်ပျက်စေဖို့ စိတ်ပျက်အောင် ပြောဆို၊ ချိန်းဆို၊ အားငယ်စရာဖြစ်ဖို့ မြင်ရကြားရအောင် လုပ်သော်လည်း ပိုအားရှိတယ်လို့ဆိုတယ်။ ကျွန်တော်တို့တွေကို ပျက်စီးစေဖို့ ကြံစည်ပြောဆိုတာတွေရှိနိုင်ပါတယ်၊ နေဟမိလို အဓိကကိုသာဦးစားပေးတတ်ပါစေ။ အကြိမ်ကြိမ်နှောက်ယှက်သော်လည်း အဓိကကို သာမညနဲ့မလဲမိဖို့သတိပြုပါ။ နောက်ဆုံးချိန်းခြောက်၊ ကြောက်လန့်စေဖို့ ပြောဆိုခြင်း၊ မြင်ရကြားရတာတွေဟာ အားပျက်စရာဖြစ်သော်လည်း ပို၍အားရှိသောခေါင်းဆောင်ဖြစ်စေပါ။ မိမိလုပ်ရမည့် အဓိကအရာကိုသာ ဆက်လုပ်သောသူဖြစ်စေပါ။
နေဟမိထံမှ အစေခံခြင်းနှင့် ခေါင်းဆောင်မှုအချို့ကိုအနည်းငယ် ထုတ်နှုတ်တင်ပြလိုက်ပါတယ်။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi