ဟဗက္ကုတ် - ၃
ဟဗက္ကုတ်သည် အဓမ္မပြုသူများအား ဘုရားသခင် စီရင်ရန်မျှော်လင့်ခဲ့သည်။ ထိုစီရင်ခြင်းသည် ကြာလှသည်ဟုလည်း ခံစားနေရပြီး၊ ဘယ်လောက်ထိများ ကြာကြာစောင့်ရမည်နည်းဟု ထပ်ခါထပ်ခါမေးခွန်းများမေးရင်း မတရားသောသူတို့၏ လုပ်ရပ်များကို မကြည့်ချင် မမြင်ချင်လောက်အောင် စိတ်နှလုံးနာကျင်စွာခံစားနေခဲ့ရသည်။
ယုဒလူမျိုးများ၏ အဓမ္မအမှု၌ ကျင်လည်နေကြခြင်း၊ ဒုစရိုက်များ၌ ပျော်မွေ့နေခြင်း၊ မတရားသဖြင့်စီရင်ခြင်း၊ တရားဥပဒေမဲ့လုပ်ရပ်များလုပ်ကြခြင်း၊ တားဆီးသူမရှိ၊ ကြောက်ရမည့်သူမရှိ၊ ဘုရားမရှိ တရားမရှိဖြစ်နေကြခြင်း၊ ကိုယ့်လူမျိုးအချင်းချင်း အဓမ္မအနိုင်ကျင့်ခြင်းများသည် ရုပ်ဆိုးအကျည်းတန်လှပေသည်။
ထိုသူတို့အတွက် စီရင်ခြင်းကို မျှော်လင့်နေသော ဟဗက္ကုတ်အတွက်တော့ စီရင်ခြင်းမလာမချင်းသည် စိတ်နှလုံးပူပန်နေမည်ဖြစ်သည်။ ဖြစ်ချင်လှသည့်အရာ မဖြစ်ရသေးခင် ခံစားချက်၊ လိုချင်လှသည့်အရာ မရသေးခင်ခံစားချက်၊ နာကျင်နေရသည့် ခံစားချက်၊ မတရားမှုများ အဓမ္မအရာကို ကြုံတွေ့ခံစားနေရချိန်တွင် လွတ်မြောက်ချင်သော်လည်း မလွတ်မြောက်သေးခင်ခံစားချက်၊ စသဖြင့်သောအရာများမှ လွတ်မြောက်ချင်သည့် မျှော်လင့်နေသည့် ထိုအရာသည် အင်မတန် ကြာသည်ဟုထင်စရာရှိသည်။
မျှော်လင့်သောအရာသည် ဖင့်နွဲ့လျှင် စိတ်နှလုံးကို ပူပန်စေတတ်သကဲ့သို့ အလိုပြည့်စုံသည့်အချိန်တွင်တော့ အသက်ပင်ဖြစ်သည်ဆိုသည့်အတိုင်း မျှော်လင့်နေသော စီရင်ခြင်းသည် မပြည့်စုံမချင်း စိတ်နှလုံး ပူပန်စရာရှိသော်လည်း ဆက်လက်၍သာ မျှော်လင့်ပါ၊ အသက်ပင်ကဲ့သို့ပင် ဖြစ်စေရပေဦးလိမ့်မည်။ ထို့ကြောင့်ဆိုင်းသော်လည်း မျှော်လင့်လော့ နောက်မကျဘူးဆိုတာကို သိမှတ်၍ ထိုမတရားသောသူတို့အတွက်စီရင်ခြင်းသည်လည်း ဧကန်အမှန်လာပါလိမ့်မည် ... နားလည်နိုင်ဖို့ရာ ဘုရားရှင်ကောင်းကြီးရှိပါစေ။
ဟဗက္ကုတ်အနာဂတ္တိကျမ်း ၃:၁၇-၁၈
သင်္ဘောသဖန်းပင် မပွင့်ရ၊ စပျစ်ပင်မသီးရ၊ သံလွင်ပင်၏ကျေးဇူးကို မြော်လင့်၍မခံရ၊ လယ်တို့သည် အသီးအနှံကို မပေးရ၊ သိုးခြံ၌ သိုးကုန်၍ တင်းကုပ်၌ နွားမရှိရ။
သို့သော်လည်း၊ ထာဝရဘုရား၌ ငါဝမ်းမြောက်၍၊ ငါ့ကို ကယ်တင်တော်မူသော ဘုရားသခင်ကို အမှီပြု လျက် ရွှင်လန်းမည်။
ယုဒလူမျိုးများအား ခါလဒဲလူမျိုးများနှင့် စီရင်ခြင်းလာမည်ဆိုသည်မှာ အင်မတန်ပြင်းထန်သည်။ ခါလဒဲတို့၏ ကျူးကျော်ခြင်းသည် ယုဒတို့အတွက် အင်မတန်အထိနာစေမည်ကို သိသောကြောင့် စောဒကတက်သော်လည်း ထိုစီရင်ခြင်းသည် လာကိုလာမည်ဟုပင် ဖြစ်သောကြောင့် ဟဗက္ကုတ်သည်လည်း ဝန်ခံလိုက်ပေတော့သည်။
ထိုကျူးကျော်ခြင်းကြောင့် စိုက်ပျိုးမွေးမြူရေးများ ပျက်ဆီးမည်၊ စပျစ်သီးများလည်း မသီးရ၊ လယ်ယာများလည်း ပျက်ဆီးခြင်း၊ သိုးခြံနွားခြံတွင်လည်း ပျက်ဆီး၍ ဘာဆိုဘာမျှမရှိခြင်းများဖြစ်လာနိုင်သော်လည်း ထာဝရဘုရား၌သာ ဝမ်းမြောက်မည်၊ ထာဝရဘုရား၌သာ မျှော်လင့်မည်၊ ထိုဘုရားကိုသာ အမှီပြု၍ ရွှင်လန်းမည်ဟု မည်သည့်ဘဝပင် ရောက်ပါစေ ဘုရားသခင်ကို ယုံကြည်ခိုလှူံမည်ဟု ဟဗက္ကုတ်၏ ဝန်ခံကြွေးကြော်ခြင်းပင်ဖြစ်ပေသည်။
ထို့ကြောင့် အဓမ္မလူတို့အတွက် စီရင်ခြင်းသည် ချိန်းချက်သော အချိန်နာရီအတိုင်း တိကျစွာ လာပေလိမ့်မည်။ ထိုအရာကို မျှော်လင့်ရင်း ဟဗက္ကုတ်အတိုင်း ကျွန်ုပ်တို့သည်လည်း ကိုယ်တော်ကိုသာ ကိုးစားပါ၏၊ ကိုယ်တော်ကိုသာ ယုံကြည်လျှက် ခိုလှုံပါ၏၊ ကိုယ်တော်သာလျှင် ကျွန်ုပ်တို့၏ အစွမ်းသတ္တိဖြစ်သည်ဟု ဝန်ခံလျှက် ကြွေးကြော်ကာ ဆိုင်းသော်လည်း မျှော်လင့်လျှက် ချိန်းချက်သော အချိန်နာရီ၌ ဧကန်အမှန်ရောက်လာမည့် စီရင်ခြင်းကို မျှော်လင့်လျှက်နေကြပါ၏ဟု ဝန်ခံကာ ယနေ့မှာလည်း ဘုရားသခင်၏ အချိန်နာရီကို ဆက်လက်၍ မျှော်လင့်ကြပါစို့။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet