အသုံးသာခံပါ
ကျွန်တော် နားကြပ်ပျက်သွားတဲ့အခါမှာ ကျွန်တော့်၏ ဖုန်းနှင့် ကွန်ပျူတာမှ အသစ်ဝယ်ရန်မဆိုခဲ့ပါ။ သို့သော် အသုံးလိုသောကြောင့် ကျွန်တော် အသစ်ဝယ်ခဲ့ပါသည်။ လွန်ခဲ့သော ရက်ပိုင်းတွင် ကားအရှေ့ လေကာမှန်ကို ခဲထိမှန်၍ အက်သွားခဲ့သည်၊ ကျွန်တော့်ကားသည် ကျွန်တော့်ကို မှန်အစင်းရာကြီးနဲ့ မသွားချင်းဘူးဟု စောဒကမတက်ခဲ့ချေ။ သို့သော် ကျွန်တော် သွားလဲခဲ့ပါသည်။
ဆရာမိုးနှင့် ပြောခဲ့ဖူးသောစကားအချို့ကို ပြန်လည်ဆင်ချင်၍ ဝေမျှပေးလိုက်ချင်ပါတယ်။ တစ်ခါတစ်လေမှာ ကျွန်တော်တို့တွေက ဖြစ်ချင်တာ၊ လုပ်ချင်တာ၊ လိုချင်တာတွေကိုပဲ စောဒကတက်နေမိတတ်ကြတယ်။ ဟိုနေရာဆို မသွားချင်ဘူး၊ ကိုယ်တော် ဘယ်လိုလေးမှနော် ဆိုတာမျိုးကလည်း ရှိတတ်ကြသေး၏။ ကိုယ့်သဘောအတိုင်း ဘုရားသခင်ကို စောဒကတွေ ကိုယ်စီနဲ့ ဖြစ်ချင်တာတွေ တဂျီဂျီပြောနေတတ်ကြပြန်လေရဲ့။
တကယ်တော့ ကျွန်တော်တို့က ကားတစ်စီးလိုပါပဲ။ သခင်မောင်းချင်တဲ့နေရာကို မောင်းမှာဖြစ်တယ်။ လမ်းကြမ်းဖြစ်စေ၊ လမ်းကောင်းဖြစ်စေ၊ ဘယ်လမ်းမျိုးကိုမဆို သခင်မောင်းတဲ့အတိုင်း ကောင်းစွာ သွားရမည်မှာ ကားအလုပ်ပင်။ သခင်က နေရိပ်ထဲမှာရပ်ရပ်၊ နေပူထဲရပ်ရပ်၊ မိုးရွာထဲပဲ ရပ်စေဦးတော့ စောဒကတက်ပိုင်ခွင့် ကားမှာမရှိ။
ဒီလိုပဲ သခင်က ကားရဲ့လိုအပ်ချက်ကို သူ့အချိန်နဲ့သူသိတယ်။ အင်ဂျင်ဝိုင်လဲရမည့်အချိန်လား၊ တာယာစစ်ရမလား၊ လေထိုးရမလား၊ ဂီယာဝိုင်ထည့်ရမလား၊ ရေပဲဆေးဆေး၊ ဖုန်တွေနဲ့ညစ်ပတ်စွာ ပစ်ပဲထားထား သခင်က သူ့ကားအတွက် သူ့အလုပ်သူလုပ်သွားမှာဖြစ်တယ်။ ကားကတော့ ဒီနေ့ အင်ဂျင်ဝိုင်လဲရမယ်နော်၊ ရေဆေးပေးဦးနော် စသဖြင့် ဆိုပိုင်ခွင့်လားလားမျှ မရှိပါလား။ တကယ်ဆိုရင်တော့ သခင်၏ အသုံးတော်ကိုသာ သူခံရမည်၊ သူ့အချိန်နဲ့သူကတော့ သခင်က သူ့ကိစ္စသူလုပ်ဆောင်မည်။ ကားသည် စိတ်ပူရန်မလိုချေ၊ ကားအလုပ်သည် သခင်၏ အသုံးသာခံရန်ဖြစ်ချေသည်မဟုတ်ပါလား။
ဒီလိုပဲ ကျွန်တော်တို့တွေက သခင်၏ အသုံးတော်ကိုသာ ခံရန်လိုအပ်သည်။ သခင်က သူ့အချိန်နှင့်သူသိသည်၊ သူ့အလုပ်ကိုသူလုပ်၍ သူ့ငယ်သား၏ လိုအပ်ချက်ကို အချိန်မှန်လုပ်ဆောင်မည်ဖြစ်သောကြောင့် စောဒကတတ်ရန်မလိုပေ။ ကျွန်တော်လည်း သိပ်မကြာခင်မှာ အင်ဂျင်ဝိုင်လဲပေးရတော့မည်ကို စိတ်ထဲထည့်ထားသည်၊ ကားဖြစ်သူကတော့ ကျွန်တော့်သဘောအတိုင်း အမောင်းသာ ခံနေလေရဲ့။
ရောမဩဝါဒစာ ၁၂:၁၁
အားထုတ်ခြင်းအရာမှာ ပျင်းရိခြင်းမရှိဘဲလျက်၊ စိတ်တန်းသဖြင့် သခင်ဘုရား၏အလိုတော်သို့လိုက်၍ အားထုတ်ကြလော့။
ဒါ့ကြောင့် ဘယ်နေရာမှာ သင်အစေခံနေသလဲ။ ဘယ်နေရာမှာ အသုံးတော်ခံနေသလဲ။ အတီးသမား၊ သီချင်းသည်၊ နည်းပညာသမား၊ မီဒီယာသမား၊ သင်းအုပ်၊ လူငယ်ခေါင်းဆောင်၊ အသက်ကြီးသူ၊ ထမင်းချက်၊ စသဖြင့် မိမိသည် ဘယ်နေရာမှာ အသုံးတော်ခံ၍ ပါဝင်ဆပ်ကပ်နေခြင်းဖြစ်ပါစေ ပျင်းရိခြင်းမရှိစေဖို့နှင့် စိတ်အားထက်သန်စွာ ပါဝင်၍ သစ္စာရှိစွာ ဆပ်ကပ်တတ်ကြသော သူများဖြစ်စေဖို့ရန် ဆင်ခြင်ကြဖို့ရာ အင်မတန်အရေးကြီးပါသည်။ ထို့အပြင် သခင်အား စောဒကတတ်ခြင်းကင်းစွာဖြင့် သခင့်အလိုတော်က ဘာလဲ၊ သခင့်စေခိုင်းခြင်းကို နားလည်တတ်၍ အလိုတော်နှင့်အလေ့အလာ တို့ကို ပိုင်းခြားနားလည်တတ်ကြသူများ ဖြစ်ကြဖို့ရာမှာလည်း ကျွန်ုပ်တို့ ယုံကြည်သူတိုင်း၏ ဆင်ခြင်ပြင်ဆင်ရန်သာ ဖြစ်ပေတော့သည်။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet