လူမိုက် မဖြစ်စေဖို့ရာ
ရှင်မဿဲ အခန်းကြီး ၇ ကိုကြည့်လျှင် ကျောက်ပေါ်တွင်အိမ်ကိုတည်ဆောက်သော ပညာရှိနှင့် သဲပေါ်တွင် အိမ်ကိုတည်ဆောက်သော လူမိုက်တို့အကြောင်းကို တွေ့ရပေသည်။ ထိုအရာသည် ကျွန်ုပ်တို့၏ အသက်တာအတွက်ဆင်ခြင်ရန် အင်မတန်မှ အရေးကြီးသော အကြောင်းအရာတစ်ခုပင်ဖြစ်ပေသည်။
ပညာမဲ့ဟု မဆိုဘဲ "လူမိုက်" ဟုသာဆိုသည်ကိုလည်း သတိပြုစရာအဖြစ်မြင်တွေ့ရသည်။ KJV နှင့် NIV တွင်လည်း "a foolish man" ဟုသုံးထားပေသည်။ ထို "foolish, godless" ဆိုသည့် အဓိပ္ပါယ်ရသောစကားလုံးကို (Greek ဘာသာစကားအရ "mo-ros" မိုရက်ရှ်) ဟုခေါ်သည်။ ထို "mo-ros" ဆိုသည့်စကားလုံးကိုလည်း ဓမ္မသစ်ထဲတွင် ၁၃ ကြိမ်တွေ့ရပေသည်။
ရှင်မဿဲခရစ်ဝင် ၇:၂၆
အကြင်သူသည် ငါဟောပြောသော ဤစကားကိုကြား၍ နားမထောင်ဘဲနေ၏။ ထိုသူသည် သဲပေါ်မှာ အိမ်ဆောက်သော လူမိုက်နှင့်တူကြောင်းကို ငါပုံပြမည်။
ကျွန်ုပ်တို့သည် သဲတည်းဟူသော မတည်မြဲခြင်းများအပေါ်၌သာ မိမိတို့၏အသက်တာအိမ်ကို တည်ဆောက်လျှက်ရှိကြသည်ကို ဆင်ခြင်ရန်ဖြစ်ပေသည်မဟုတ်ပါလား။ ဥပမာဆိုရလျှင်ဖြင့် ထိုအရာများသည် မိမိတို့၏ ရာထူးအပေါ်၌ တည်ထားခြင်းများလည်းဖြစ်နိုင်သကဲ့သို့ မိမိတို့၏ အာဏာအပေါ်၌သာ တည်ထားခြင်းများလည်းဖြစ်နိုင်ပေသည်။ ထိုသို့ ရာထူး၊ စည်းစိမ်၊ အာဏာ စသည်တို့အပေါ်၌သာ တည်သောအသက်တာသည် ထိုအရာများ ပျက်ဆီးဆုံးရှုံးသွားသောနောက်တွင် သဲပေါ်တွင်တည်သော အိမ်ကဲ့သို့ပင် ကြီးစွာသော ပြိုလဲပျက်ဆီးခြင်းသို့ ရောက်တတ်သည်ကိုလည်း သတိပြုမိစေရန်လိုပေသည်။
ရာထူးရှိခဲ့စဥ်၊ အာဏာရှိခဲ့စဥ်က ဝါကြွားခဲ့သမျှ ပြုခဲ့သမျှတို့နှင့် ဆန့်ကျင်ဘက်ဖြစ်လာသောအခါတွင် ပြိုလဲဆုံးရှုံးသွားသည့်အသက်တာဖြစ်ခဲ့ကြသော သမိုင်းကြောင်းများ၊ အဖြစ်အပျက်များကို သိကြပေလိမ့်မည်။ ထို့အတူပင် စီးပွားပျက်သွား၍သော်လည်းကောင်း မိသားစုအရေးကြောင့်သော်လည်းကောင်း အဆုံးစီရင်ခြင်းများသည်လည်း သဲပေါ်တွင် တည်ဆောက်ခဲ့မိခြင်းများကြောင့်ဟုပင် ဆိုကြပေအံ့။
မတည်မြဲခြင်းတည်းဟူသော သဲများဖြစ်သော နမိတ်လက္ခဏာများအပေါ်၌သော်လည်းကောင်း ဆရာသမားများအပေါ်၌သော်လည်းကောင်းသာ တည်ထားသော အသက်တာသည်လည်း ထိုနည်းတူဖြစ်နိုင်ချေများစွာရှိသည်။ သခင့်ကိုမြင်ရမည်ထက် နမိတ်လက္ခဏာကိုသာ မြင်၍ ထိုနောက်သာလိုက်၍ လမ်းလွဲသွားခြင်း၊ သခင့်စကားကြားရဖို့ရန်ထက် ဆရာသမားစကားသာ နားထောင်၍ သမ္မာတရားကို ပိုင်းခြားမှုမရှိတော့ဘဲ ထိုသူအပေါ်၌သာတည်မိခြင်းသည်လည်း သူလွဲလျှင် ကိုယ်ပါလွဲသွားစေခြင်း စသဖြင့်သော ပြိုလဲခြင်းများပေတည်း ...
ထို့ကြောင့် ကျွန်ုပ်တို့၏ နေ့စဥ်အသက်တာသည် မည်သည့်အပေါ်၌ တည်ထားသနည်းဟု ဆင်ခြင်ကြကာ "မိုးရွာ၍ ရေစီးသည်နှင့် လေလာ၍ ထိုအိမ်ကို တိုက်သောအခါ ကြီးစွာသော ပြိုလဲခြင်းသို့ ရောက်လေသည်" ဆိုသည်ကို နှလုံးသွင်းလျှက် "လူမိုက် မဖြစ်စေကြဖို့ရာ" ဆင်ခြင်ကြပါစို့။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet