သင်သေသွားသော်

သမ္မာကျမ်းစာထဲတွင် ဖော်ပြသော သူဌေးကြီးတစ်ယောက်အကြောင်းကို အနည်းငယ်ဆင်ခြင်ကြည့်ရအောင် ... သူက အသီးအနှံတွေလည်းပေါများကြွယ်ဝသူဖြစ်တယ်။ များလွန်းသည့်အတွက်ကြောင့်လည်း သိုထားစရာနေရာပင်မရှိသည့်အတွက် သူ၏တိုက်များကိုဖျက်ကာ သာ၍ကျယ်ဝန်းသောတိုက်များကိုဆောက်လုပ်လျှက် ပစ္စည်းဥစ္စာများကို သိုလှောင်ထားလေသည်။
သူဌေးကလည်း အင်မတန်အားရကျေနပ်လျှက်ရှိနေလေသည်။ ထို့ကြောင့် သူကတော့ အေးအေးဆေးဆေး နေနိုင်စားနိုင်ပြီ၊ မပူမပင်ရတော့ဘူး၊ သူ၏ဝိညာဥ်ကောင်းစားလျှက်နေရပါပြီဟု ထင်နေဟန်ရှိလေသည်။ ထို့ကြောင့်လည်း စားသောက်ခြင်း၊ ပျော်မွေ့ခြင်းသာ လုပ်ဆောင်ရန် အကြံအစည်ရှိသည်မဟုတ်ပါလား။
ထိုသူဌေးကဲ့သို့ ကျွန်တော်တို့လည်း ဖြစ်တတ်ကြသည်။ မိမိတို့၏ အသက်ရှင်ခြင်းကို ပစ္စည်းဥစ္စာသာ အဓိကထားခြင်း၊ စားသောက်ခြင်း၊ ပျော်မွေ့ခြင်းတွေကိုသာ အဓိကထားခြင်း၊ မိမိ၏ ဘုန်းတန်ခိုးကြီးထွားခြင်းအတွက်သာ အဓိကထားခြင်း၊ မိမိ၏ ဂုဏ်ဓန၊ မိမိ၏ အာဏာကိုသာ အဓိကထားခြင်းများလည်း ရှိတတ်ကြသည်။ ထိုသို့ မိမိလိုချင်သည့် ကြွယ်ဝခြင်း၊ ဂုဏ်ဒြပ်တွေ၊ အာဏာတွေ ပါဝါတွေရပြီဆိုရင် ပြီးရောဆိုပြီး ကြံစည်လုပ်ဆောင်လျှက် အေးအေးဆေးဆေးနေတော့မည့် သူဌေးကြီးကဲ့သို့ စိတ်ကူးနေမိသလား။ မိတ်ဆွေသာ ထိုသို့သော လူမျိုးထဲတွင်ပါနေလျှင် ယနေ့နောင်တရပါ။
ရှင်လုကာခရစ်ဝင် ၁၂:၁၉
ငါ့ဝိညာဉ်အားလည်း၊ အချင်းဝိညာဉ်၊ သင်သည် နှစ်ပေါင်းများစွာသုံးဆောင်ရန် ဥစ္စာများကို သိုထားလျက်ရှိပြီ။ ငြိမ်ဝပ်စွာနေလော့။ စားသောက်ခြင်း၊ ပျော်မွေ့ခြင်းကို ပြုလော့။ ငါပြောမည်ဟု သူဌေးအကြံရှိ၏။
သို့သော် ထိုသူဌေးကြီး၏ အားကိုးရာဖြစ်သော စားစရာ၊ ပစ္စည်းဥစ္စာတို့သည် သူ၏ အသက်ဝိညာဥ်ကိုတော့ မရွေးနှုတ်နိုင်ခဲ့ပါဘူး။ အားလုံးသိကြတဲ့အတိုင်းပါပဲ ထိုသူကို ဘုရားသခင်က "အချင်းလူမိုက်" ဟုခေါ်ဆိုခဲ့ပါတယ်။ မင်းရဲ့ဝိညာဥ်ကို ယနေ့မှာပဲ ရုတ်သိမ်းမယ်ဆိုရင် မင်းအခုပိုင်တဲ့အရာတွေကို ဘယ်သူပိုင်မလဲဆိုသည့် မေးခွန်းတစ်ခွန်းတည်းနဲ့ သူဌေးကြီး နှုတ်ဆိတ်သွားခဲ့ပါတယ်။ ရှင်းရှင်းပြောရရင်ဖြင့် "မင်း ဒီနေ့သေမယ်ဆိုရင်" ..... ကဲမိတ်ဆွေ သင့်ရဲ့ ပိုင်ဆိုင်မှု၊ သင့်ရဲ့ ဂုဏ်ဓန၊ သင့်ရဲ့ အာဏာ၊ လောကအရာတွေက သင့်ရဲ့ အသက်ဝိညာဥ်ကို ကယ်နိုင်ပါရဲ့လား ..... ဒီလိုမျိုး ကိုယ်ကျိုးသာရှေးရှုပြီး ကိုယ့်အဖို့သာလုပ်ဆောင်သူ ကိုယ်ဘဏ္ဍာများကိုသာ ဆည်းပူးသောသူသည် ဘုရားသခင်ရှေ့တွင် ဆင်းရဲသောသူဖြစ်သည်ဟု ဆိုထားသည်ကိုလည်း တွေ့ရပေသည်မဟုတ်ပါလား။
ရှင်လုကာခရစ်ဝင် ၁၂:၂၀
ထိုသို့ အကြံရှိစဉ်တွင် ဘုရားသခင်က၊ အချင်းလူမိုက်၊ ယနေ့ညဉ့်ပင် သင်၏ဝိညာဉ်ကို ရုပ်သိမ်းရာ အချိန်ရောက်လိမ့်မည်။ သို့ဖြစ်၍ သင်သည် ပြင်ဆင်သိုထားသော ဥစ္စာကို အဘယ်သူပိုင်မည်နည်းဟု သူဌေး အား မိန့်တော်မူ၏။
သူဌေးကြီးကတော့ သူ့ရဲ့ ပစ္စည်းဥစ္စာကိုသာ ဖက်တွယ်ခဲ့တယ်။ ယနေ့မှာ သင်ရော ဘယ်အရာကို ဖက်တွယ်နေမိသလဲ။ သူဌေးကြီးကတော့ သူ့ရဲ့ပိုင်ဆိုင်မှုနဲ့ ထိုအရာတွေရှိလျှင် သက်တောင့်သက်သာ နေနိုင်ပြီဟုထင်ခဲ့တယ် သို့သော် သူ့ရဲ့အသက်ဝိညာဥ်ကို မပိုင်တာကိုတော့ သူမေ့သွားခဲ့တယ်။ သင်ရော ချမ်းသာရင်ပြီးရောလား၊ ဂုဏ်ရှိရင်ရပြီလား၊ ကြွယ်ဝရင် အဆင်ပြေပြီလား၊ အာဏာရှိရင်ရပြီလို့ ထင်နေမိပါသလား။ ဒါ့ကြောင့် မိတ်ဆွေ ယနေ့မှာ သင်သေသွားရင် သင့်ရဲ့ဝိညာဥ် ဘယ်ကိုခရီးဆက်မလဲဆိုတာကို အေးဆေးစွာ အဖြေရှာနိုင်ပါစေ။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet