Servant Leadership

လောကကြီးထဲတွင် လူ့သဘောအရကြည့်လျှင် ခေါင်းဆောင်တစ်ယောက်ဖြစ်ချင်သူသာရှိကြသည်ဖြစ်ပြီး မည်သူမျှအစေခံတစ်ယောက်မဖြစ်ချင်ကြပါ။ ခေါင်းဆောင်ဆိုသည်မှာ ဘယ်လိုလုပ်ရမည်၊ ဘယ်လိုရှိရမည်၊ စကားပြောစွမ်းရည်၊ ဩဇာအာဏာစသဖြင့်တွေကိုသာအားကျကြသည်။ ထိုသို့ဖြစ်ချင်၍လဲ သင်ယူသည် လိုက်လုပ်သည်။
ခေါင်းဆောင်မှုကိုလဲ ခွဲခြားနိုင်သေးသည်၊ ကျွန်တော် Business Management တက်စဥ်တွင်သင်ယူခဲ့ရဖူးသည်။ Leader တစ်ယောက်သည် မိမိမည်သည့် Authority (ဩဇာအာဏာ)နှင့် ဦးဆောင်ချင်သည်ကိုခွဲခြား၍ လုပ်ယူခြင်းမျိုးတွေဖြစ်သည်။ Charismatic (သူတပါးလေးစားခြင်းမျိုး၊မိမိစကားပေါက်တယ်ပေါ့)၊ Legal (တရားဝင်စေခိုင်းနိုင်တယ်)မန်နေဂျာဆိုရင် ရာထူးအားဖြင့် စေခိုင်းခြင်းမျိုးပေါ့၊ ငါမန်နေဂျာ ငါပြောတာလုပ်ပဲဆိုတာမျိုး၊ Traditional (ဆွေစဥ်မျိုးဆက်အာဏာရှိလာသလို) ဥပမာ အဖေကသူဌေးဆိုတော့ သားသမီးကလဲ သူ့အဖေလိုအာဏာပြတယ်ပေါ့။ လောကအနေနဲ့ဆိုလျှင်တော့ တော်တော်များများက Legal နဲ့ Traditional ကိုနှစ်သက်ကြတယ် ဘာလို့လဲဆိုတော့ Charismatic ကနဲနဲတော့ ပင်ပန်းမှုတွေရှိတယ်၊ အနစ်နာခံရတာတို့၊ လူတွေချစ်အောင်နေရတာ၊ တရားမျှတရတာ စသဖြင့်ရှိကြလို့ လူသိပ်မကြိုက်တတ်ကြဘူးဆိုတာကို ကျွန်တော်မြင်မိပါတယ်။ ဥပမာ မိမိက မိမိ၏လက်အောက်ငယ်သားတွေဘက်ကကြည့်ပြောတယ် Fair ဖြစ်စေမယ်ဆိုသော်လည်း သူဌေးနဲ့အဆင်မပြေဖြစ်နိုင်တာတွေရှိတယ်ပေါ့။ မိမိ၏တစ်ဦးတည်းသုံးသပ်ချက်ဖြစ်ပါတယ်။
ဒါပေမယ့် ဒီကမ္ဘာကြီးမှာ အကောင်းဆုံးသော စံပြ Leader ကိုပြပါဆိုရင်တော့ သခင်ယေရှုကိုပြရမှာဖြစ်ပါတယ်။ တကယ်လဲ Leadership တွေမှာ သခင်ယေရှုရဲ့အကြောင်းကို စံပြထား၍သင်ကြားနေကြတာတွေတွေ့ရတယ်။ မယုံကြည်သူတွေတောင်မှ သခင်ယေရှုကို ကြည့်၍သင်ယူကြတာကိုတွေ့ရပါတယ်။ ကျွန်တော်တို့ ယုံကြည်သူတွေလဲ သင်ယူကြဖို့ရာလိုအပ်ပါတယ်။
သခင်ယေရှုကတော့ ငါက စေစားဖို့လာတာမဟုတ်ဘူးလို့ပြောထားတာကိုတွေ့ရပါတယ်။
ရှင်မဿဲခရစ်ဝင် ၂၀:၂၆-၂၈
အကဲအမှူးတို့သည် အာဏာထားတတ်ကြ၏။
သင်တို့မူကား ထိုသို့မပြုကြနှင့်။ လူသားသည် သူတပါးကိုစေစားခြင်းငှါမလာ၊
သူတပါးအစေကို ခံခြင်းငှါ၎င်း၊ မိမိအသက်ကိုစွန့်၍ လူများကိုရွေးခြင်းငှါ၎င်း၊ ကြွလာသည်ဖြစ်၍၊ ထိုနည်းတူ သင်တို့တွင်အကဲအမှူးပြုလိုသောသူကို သင်တို့အစေခံဖြစ်စေ။ သင်တို့တွင်အထွဋ်အမြတ် လုပ်ချင် သောသူကိုလည်း သင်တို့ကျွန်ဖြစ်စေဟု မိန့်တော်မူ၏။
လူတွေကတော့ မိမိရဲ့ရာထူးစည်းစိမ်၊ အာဏာ စတာတွေအပေါ်မူတည်၍ အသီးသီးအာဏာပြတတ်ကြတယ်။
ကျွန်တော်တို့ကရော ဘယ်လိုလဲ၊ သေးသေးတင်မခံနိုင်ဘူး၊ နည်းနည်းလေးမှအောက်ကျမခံနိုင်ဘူး၊ မနှိမ့်ချနိုင်ဘူး၊ စိတ်နှလုံးမာကြောတယ်၊ အာဏာတွေပါဝါတွေထုတ်ပြချင်တယ်၊ နဂါးမှန်းသိအောင် အမောက်ထောင်ပြမယ်ဆိုတာက လာသေးတာ၊ အစေခံခြင်းထက် ခေါင်းဆောင်ဘဲဖြစ်ချင်နေတာလားဆိုတာကို ဆင်ခြင်ဖို့ရာလိုအပ်ပါတယ်။
ရှင်ယောဟန်ခရစ်ဝင် ၁၃:၅
ထိုနောက်မှ ရေကိုအင်တုံ၌လောင်း၍ တပည့်တော်တို့၏ခြေကို ဆေးပြီးမှခါး၌စည်းထားသောပုဝါနှင့် သုတ်တော်မူ၏။
ယေရှုခရစ်တော်ကတော့ မိမိဟာ သခင်ဆိုလဲဟုတ်တယ်၊ဘုရားဆိုလဲဟုတ်တယ်ဆိုသော်ညားလည်း တပည့်တော်တွေရဲ့ခြေထောက်ကို ဆေးပေးခဲ့တယ်ဆိုတာကိုတွေ့ရပါတယ်။ ကျွန်တော်တို့ကတော့ မိမိရဲ့လက်အောက်ငယ်သားများကို နဲနဲလေးအနစ်နာလေးတောင်မခံနိုင်ကြဘူးလား၊ မိမိကသူဌေးဆိုလျှင် ဝန်ထမ်းတွေအပေါ်မကြည့်ပေးနိုင်ဘူးလား၊ သက်ဆိုင်ရာအတိုင်းဆင်ခြင်ကြည့်မယ်ဆိုလျှင် ဆင်ခြင်သည့်အတိုင်းအဖြေကိုရပါတယ်။
ရှင်ယောဟန်ခရစ်ဝင် ၁၃:၁၄-၁၅
ငါသည် သခင်ဖြစ်လျက်၊ အရှင်ဘုရားလည်းဖြစ်လျက်နှင့် သင်တို့၏ခြေကိုဆေးလျှင် သင်တို့သည် အချင်းချင်းတို့၏ခြေကို ဆေးရကြမည်။
ငါသည် သင်တို့၌ပြုသကဲ့သို့ သင်တို့သည်ပြုစုစေခြင်းငှါ ပုံသက်သေကို ပြခဲ့ပြီ။
အချင်းချင်းခြေကိုဆေးပါလို့ ပုံသက်သေပေးခဲ့တယ်ဟုဆိုသည့်အတိုင်း ကျွန်တော်တို့ဟာ တစ်ယောက်အောက်တစ်ယောက်နှိမ့်ချ၍ အစေကိုခံသောသူများဖြစ်ကြရင်း မိမိရဲ့ သက်ဆိုင်ရာလုပ်ငန်းခွင်၊ သက်ဆိုင်ရာအမှုတော်ကိုထမ်းရွက်ကာ သခင်ယေရှုခရစ်တော်ကို အတုယူလျှက် အစေခံတစ်ယောက်၏ဦးဆောင်ခြင်းကိုသာပြုကြရအောင်လို့ အနည်းငယ်ခွန်အားပေးချင်ပါတယ်။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
Titus_KyawNyi