December 25, 2024

မတရား​သောသူတို့၏ ပျက်စီးခြင်း

မြင်​တွေ့​နေရ​သော မတရားမှုများသည် ကျွန်ုပ်တို့လူတိုင်းအတွက် ​စိတ်မ​ကောင်းဖြစ်ကြရသကဲ့သို့ ဝမ်းနည်းကြေကွဲကြရသည်။ စိတ်နှလုံးနာကျင်​နေကြရမည်မှာလည်း ​မြေကြီးလက်ခတ်မလွဲ​ပေ။ ​မတရား​သောသူများသည် များပြားဆိုးသွမ်းလာကြသည့်အခါတွင် လွန်ကျူးခြင်းအပြစ်များ တိုးပွားတတ်ကြသည်ဟု ကျမ်းစာလာသည်အတိုင်း စိတ်ရှိတိုင်းလွန်ကျူး​ပျော်ပါး​နေကြ​ပေသည်မဟုတ်ပါလား။ 

အ​မေရိကန်စာ​ရေးဆရာ Isaac Asimov က​တော့ "အကြမ်းဖက်ခြင်းဆိုတာ အရည်အချင်းမရှိသူတို့ရဲ့ ​နောက်ဆုံးခိုလှုံရာဖြစ်တယ်" ဟုဆိုဖူးသည်။ "Violence is the last refuge of the incompetent" 

သုတ္တံကျမ်း ၂၉:၁၆
မတရားသောသူတို့သည် များပြားသောအခါ၊ လွန်ကျူးခြင်းအပြစ် တိုးပွားတတ်၏။ သို့ရာတွင်၊ သူတို့ပျက်စီးခြင်းကို ဖြောင့်မတ်သောသူတို့သည် မြင်ရကြ၏။ 

ဝီလျံမက်​​ဒေါ်နယ် အနက်ဖွင့်ကျမ်းတွင်လည်း အထက်ပါကျမ်းချက်ကို ယခုကဲ့သို့ အနက်ဖွင့်ထား​လေသည်။ "အရည်အချင်းမပြည့်မှီသူများ အာဏာရရှိလျှင် တိုင်းနိုင်ငံတွင် ရာဇဝတ်မှု၊ ဒုစရိုက်မှု ပေါများလာသည်။ သို့သော် ဉာဏ်ပညာရှိသူများ အာဏာရရှိလာသောအခါ တဖန်ပြိုလဲပျောက်ကွယ် သွားကြမည်။ ထိုကဲ့သို့ပင် အဖွဲ့အစည်းနှင့် အသင်းတော်များတွင်လည်း ဦးစီးဦးဆောင်သူသည် အမြော်အမြင်ပြည့်ဝ၍ ပါးနပ်ရမည်။ စီမံခန့်ခွဲနားလည်ရမည်။ ခေါင်းဆောင်မှုပညာ ရှိရမည်။" 

မှန်ပါသည် ကမ္ဘာ့သမိုင်း​ကြောင်းအမျိုးမျိုးတို့ကိုကြည့်လျှင်ဖြစ်​စေ၊ နိုင်ငံတကာကိုကြည့်လျှင်ဖြစ်​စေ၊ ပတ်ဝန်းကျင်ကိုပင်ကြည့်လျှင်ဖြစ်စေ နှလုံးရည်မပြည့်ဝသူ၊ ဓမ္မကိုတန်ဖိုးမထားသူ၊ တရားမျှတမှုကို မနှစ်သက်သူ၊ အရည်အချင်းမရှိသူအချို့တို့သည် မတရားမှုများ၊ အဓမ္မအရာတို့ကိုသာ လုပ်​ဆောင်ဖို့ရန်အတွက်သာ အ​လေးသာတတ်ကြသည်မဟုတ်ပါလား။ လူအချို့တို့မှာလည်း မိမိတို့၏ အရည်အချင်းဖြင့်မရနိုင်လျှင် အဓမ္မလုယူခြင်း၊ မတရားသဖြင့်ကြံစည်ခြင်းတို့ကိုလုပ်​ဆောင်တတ်ကြ​ပေသည်။ ထိုသို့​သောသူများသည် တရားသလား မတရားသလားမသိ၊ ဓမ္မနှင့်အဓမ္မကို နားမလည်၊ သနားညှာတာခြင်း ကိုယ်ချင်းစာတရားမရှိပဲ အကြမ်းဖက်ခြင်းကိုသာ ကြိုက်နှစ်သက်ကြ​ပေသည်။ ထိုအရာများသည် တ​ဖြေး​ဖြေးမတရားမှူကြီးဖြစ်လာကာ အကြမ်းဖက်ခြင်းအမျိုးမျိုးသို့ ဦးတည်လာသည့်​နောက်တွင် လွန်ကျူးခြင်းများစွာဖြစ်လာ​တော့​ပေသည်။ 

အ​မေရိကန်စာ​ရေးဆရာ Isaac Asimov ဆိုသကဲ့သို့ပင် သုံးသပ်ကြည့်မည်ဆိုလျှင်လည်း မိမိတို့အရည်အချင်းဖြင့်မရနိုင်သည့်အရာများသည် အကြမ်းဖက်ခြင်းဖြင့်သာလျှင် ရယူနိုင်သည် သို့မဟုတ် အကြမ်းဖက်ခြင်းသည်သာလျှင် မိမိတို့၏ ရှုံးနိမ့်မှုကို ဖုံးကွယ်နိုင်သည်၊ ထိုအရာသာလျှင် မိမိတို့၏ ခိုလှုံရာ​ ​နောက်ဆုံး​သော ကွယ်ကာရာဟုပင် ဖြစ်​နေ​ပေ​တော့သည်။ သို့​ရာတွင် လွန်ကျူးခြင်းအပြစ်များလွန်းလှ​သော ထိုမတရား​သောသူများသည် မည်သို့ပင် ထိုအရာများကိုသာ ခိုလှုံ​နေပါ​စေဦး​တော့ ပျက်စီးရ​ပေဦး​တော့မည်။ 

သုတ္တံတွင်ဆိုထားသကဲ့သို့ ထိုသူတို့၏ ပျက်ဆီးခြင်းကို မြင်ကြရ​ပေမည်။ ထိုမတရား​သောသူများသည်လည်း ပျက်ဆီးဆုံးရှုံးခြင်းသို့​ရောက်ကြရဦးမည်။ မတရား​သောသူတို့၏ ဆုံးရှုံးခြင်းသို့​ရောက်သည့်အခါတွင် ပြည်သားတို့သည် လက်ခုပ်တီးကြ​မည်၊ မတရား​သောသူများ ပြိုလဲပျက်ဆီးသည့်အခါတွင် ပြည်သူပြည်သားတို့သည် ဝမ်း​မြောက်ကြ​လိမ့်မည်ဟု နှုတ်ကပတ်​တော်တွင်​ဖော်ပြထားသည်အတိုင်းပင်ဖြစ်​ပေဦးလိမ့်မည်။ 

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။ 

#Titus_KyawNyi 

Photo Crd: Internet

Previous Next