နောင်တရရန် အချိန်
ကျွန်တော်တို့သည် တစ်ခုခုလုပ်ဆောင်ရာတွင်ဖြစ်စေ၊ တစ်ခုခုအစီအစဥ်ဆွဲလျှင်ဖြစ်စေ၊ စသဖြင့်ဘာလုပ်လုပ် ချက်ခြင်းပြီးချင်သည်၊ ချက်ခြင်းရချင်သည်။ တစ်ခုခုဆိုလျှင် ချက်ခြင်းအဆင်ပြေစေချင်တတ်ကြသည်။ တခါတရံတွင် အချိန်ကြာလျင်လည်း မကြိုက်တတ်ကြပေ။ မိမိမနှစ်သက်သည့်အရာများ၊ အဖြစ်အပျက်များသည် အချိန်ကြာလေလေ သာ၍စိတ်ပျက်အားငယ်တတ်ကြပေသည်။
အခက်အခဲပြဿနာများ ကြာမြင့်နေခြင်း၊ အဆင်မပြေခြင်းများ ကြာမြင့်နေခြင်း၊ လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ပညာရေး၊ အိမ်ထောင်ရေး စသဖြင့် အချိန်ကြာမြင့်စွာ အဆင်မပြေခြင်း အခက်အခဲဖြစ်နေခြင်းများကြောင့် စိတ်ပျက်ကြရပေသည်။ သို့မဟုတ် လုပ်ဆောင်ချင်သည့် ကိစ္စများ၊ ဖြစ်ချင်သည့် ဆန္ဒများကိုလည်း ချက်ခြင်းပင် အဆင်ပြေစေချင်ကြပေသည်မဟုတ်ပါလား။ မှန်ပါသည် ... ကျွန်တော်တို့၏ စိတ်ခံစားချက်အရဆိုလျှင် ပြဿနာများကို ချက်ခြင်းပြေလည်စေချင်သည်။ အမြန်ဆုံးပြီးမြောက် ကျော်လွန်စေချင်ကြသည်။ ဖြစ်ချင်သည့်အရာများကို ချက်ခြင်းဖြစ်စေချင်ကြပါသည်။
ဒုစရိုက်သမားများဆိုလျှင်လည်း ဒဏ်ခတ်ခံရစေချင်သည်၊ မတရားသောသူများအားလည်း မလွတ်မြောက်စေချင်ကြပေ။ ထို့အတူ အဓမ္မလူများကိုလည်း အမြန်ဆုံးပျက်ဆီးစေချင်သည်မှာ ကျွန်တော်တို့ လူတိုင်းလူတိုင်း၏ စိတ်ဆန္ဒပင်ဖြစ်ပေသည်မဟုတ်ပါလား။ ထို့ကြောင့်လည်း ဆုတောင်းကြသည်၊ အော်ဟစ်ကြသည်၊ "ဘယ်လောက်ကြာကြာ၊ အဘယ်မျှကာလပတ်လုံး၊ ဘယ်တော့လဲ" စသဖြင့် မေးခွန်းများကိုယ်စီရှိတတ်ကြပေလိမ့်မည်။
ယောနအား ဘုရားသခင်သည် နိနေဝေမြို့ကြီးသို့ စေလွှတ်ခဲ့သည်။ အပျော်ခရီးတော့မဟုတ်၊ ထိုမြို့အား ခြိမ်းချောက်စကားဆို၍ ကြွေးကြော်စေခြင်းဖြစ်သည်။ အကြောင်းမှာ ထိုမြို့ပြုသော ဒုစရိုက်အပြစ်ကြောင့်ဖြစ်သည်။ နိနေဝေမြို့သားများ၏ အပြစ်ဒုစရိုက်ကြောင့် ထိုမြို့နှင့် မြို့သားများအားလုံး ပျက်ဆီးခြင်းသို့ ရောက်စေတော့မည့်အကြောင်းပင်ဖြစ်ချေသည်။
သို့သော် ယောနကြီးသည် ထိုမြို့သို့မသွားခဲ့၊ တာရှုမြို့သို့သာ ထွက်ပြေးခဲ့သည်။ သူသည် ထာဝရဘုရား၏ စေခိုင်းချက်အား ရှောင်ပြေးခဲ့သော်လည်း အဆုံးတွင်တော့ ထာဝရဘုရား၏ စေခိုင်းချက်ကိုသာ လုပ်ဆောင်ခဲ့ရသည်မဟုတ်ပါလား။ သူပြေးရခြင်းအကြောင်းမှာလည်း ကျွန်ုပ်တို့နားလည်ပေးနိုင်ပေလိမ့်မည်။ ထိုနိနေဝေမြို့သားများနှင့် သူ၏ ရန်ညှိုးသည် ကြီးလှပေသည်။ ထိုသူတို့၏ ရက်စက်ခြင်းနှင့် လူစိတ်ပျောက်ခြင်းများသည် ပြောစမှတ်တွင်ကျန်ပေလိမ့်မည်။
ထိုသူတို့သည် ဖမ်းမိသော ရန်သူများအား အရှင်လတ်လတ် အရေခွံခွာခြင်း၊ အသားလှီးခြင်း၊ ရက်စက်သောနည်းလမ်းမျိုးစုံအသုံးပြု၍ နှိပ်စက်ခြင်းများအသုံးပြုကာ (ကလေး၊ လူကြီး၊ ကိုယ်ဝန်သည်ပါမချန်) ရက်စက်စွာ သတ်ခြင်းဖြစ်ပေလိမ့်မည်။ ထိုအရာများသည် ယောနအား စိတ်နာစေပေလိမ့်မည်၊ ထိုမြင်ကွင်းများသည် ယောနအား တရားမဟောစေဘဲ ထွက်ပြေးဖို့ရန် တွန်းအားပေးနေပေလိမ့်မည်၊ ထိုသတင်းများသည် ယောန၏ စိတ်နှလုံးအား နှိပ်စက်နေပေလိမ့်မည်မဟုတ်ပါလား။
သို့ရာတွင် ထိုသူတို့အား သတိပေးဖို့ရန် ယောနရောက်လာခဲ့သည်။ သို့နှင့် သူသည် ထိုသူတို့အား နောင်တရရန် နှိုးဆော်ခဲ့သော်လည်း စီရင်ခံရစေချင်သည်၊ ဆုံးရှုံးစေချင်သည်၊ ပျက်ဆီးစေချင်သည်ဖြစ်သောကြောင့် နောင်တရရန် ဝတ်ကျေတမ်းကျေ တာဝန်ကျေတရားသာဟောခဲ့ပေသည်ဟု နားလည်ရသည်။ ပြီးနောက်တွင် ယောနသည် ထိုသူတို့၏ ပျက်ဆီးခြင်းအား မြို့ပြင်သို့ထွက်၍ ထိုင်စောင့်နေခဲ့သည်မဟုတ်ပါလား။
ယောနတ္ထု ၃:၄
ယောနသည် မြို့ထဲသို့ဝင်၍ တနေ့ခရီးသွား လျက်၊ အရက်လေးဆယ်လွန်သော်၊ နိနေဝေမြို့သည် ပျက် စီးခြင်းသို့ရောက်လိမ့်မည်ဟု ကြွေးကြော်လေ၏။
"အရက်လေးဆယ်လွန်သော်" ဆိုသည့်အကြောင်းသည် ထိုသူတို့အား နောင်တရရန် အချိန်တစ်ခုဖြစ်သည်။ ထိုကာလလွန်လျှင် ပျက်ဆီးမည်၊ ထိုကာလလွန်လျှင် ဆုံးရှုံးမည်၊ ထိုကာလလွန်လျှင် နိနေဝေသားတို့အတွက် စီရင်ခြင်းလာမည်ဖြစ်သောကြောင့် နေရာမရှိတော့ပေ။ သို့သော် ထိုသူတို့သည် ထိုကာလ မတိုင်မှီ နောင်တရလျှင် အချိန်မှီဦးမည်ဖြစ်သည်။ နိနေဝေမြို့ကြီး၏ နောင်တတရားသည် အရင်ခြိမ်းသော ဘေးဒဏ်ကို လွတ်မြောက်စေခဲ့သည်။
ဘုရားသခင်သည် အပြစ်ကိုရွံမုန်းသော်လည်း အပြစ်သားကိုချစ်သည်။ အပြစ်ရှိသောသူများအားလည်း နောင်တရစေချင်သည်။ ထို့ကြောင့် အင်မတန် ရက်စက်ယုတ်မာ ရိုင်းစိုင်းသော လူစိတ်မရှိသည့် အဓမ္မလူများဖြစ်သောသူများကိုလည်း နောင်တရရန် အချိန်ပေးလေ့ရှိသည်မှာ နိနေဝေမြို့သားများသည် သက်သေပင်ဖြစ်ပေလိမ့်မည်။
လက်ယာဘက် လက်ဝဲဘက်ကိုပင် ပိုင်းခြားနားလည်ခြင်း မရှိသူ တသိန်းနှစ်သောင်းမက လူများသော နိနေဝေမြို့ကြီးကို နှမြောသည်ဟုဆို၍ အရက်လေးဆယ်ချိန်းဆိုကာ နောင်တရရန်အခွင့်ပေးသကဲ့သို့ ယနေ့ကျွန်ုပ်တို့အတွက်လည်း နောင်တရစေရန် အချိန်ပေးကာ အမြဲတမ်းစောင့်နေပါသည်။ လက်ဝဲလက်ယာ မခွဲတတ်သကဲ့သို့ ဓမ္မနှင့် အဓမ္မပိုင်းခြားနားလည်ခြင်း မရှိသော်လည်း ဘုရားသခင်သည် ယနေ့သင့်ကို နောင်တရရန် အချိန်ပေးကာ စောင့်မျှော်နေသည်။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet