အကျွန်ုပ်မူကား ကိုယ်တော်၌သာ ခိုလှုံပါမည်

လောကကြီးထဲမှာ မနာကျဥ်ခဲ့ဖူးသူရယ်လို့ ရှိမယ်မထင်ပါ။ လူတိုင်းလူတိုင်း နာကျဥ်ခံစားခဲ့ဖူးကြမယ်၊ လူတိုင်းလူတိုင်း ငိုကြွေးမြည်တမ်းခဲ့ဖူးကြမယ်၊ သေလောက်အောင် နာကျဥ်ခံစားရတဲ့ ခံစားချက်တွေ၊ သစ္စာဖောက်ခံရခြင်းတွေ၊ အတိတ်ဆိုတာကို မေ့ချင်ပါသော်လည်း နာကျဥ်လွန်းလို့ ငိုကြွေးလေ နာကျဥ်လေ ဖြစ်ရတဲ့ ခံစားချက်တွေ စသဖြင့် ခံစားနေရသူတွေလည်း ရှိနိုင်ပါတယ်။
လက်ရှိမှာ ထိုကဲ့သို့ ခံစားနေသူတွေ၊ ဒီအရာတွေကနေကျော်လွန်နိုင်ဖို့ ကြိုးစားနေရသူတွေ ရှိနေမှာပါ။ ဒါတွေကို မခံစားချင်တော့ဘူး၊ ဒါတွေကနေ လွတ်မြောက်ချင်နေပြီ၊ ဘာမှမရှိရင်နေပါစေ ဒီခံစားချက်တွေရဲ့ အဝေးကို ပြေးထွက်သွားချင်တယ်၊ အဲလက်စ် သီချင်းလို "တော်ပါပြီ စိတ်ကုန်တယ်၊ တောထဲက သစ်ပင်ပေါ်မှာ သွားနေမယ်၊ ကျားကြီးပဲ ကိုက်သေပါစေ၊ ကျေနပ်တယ်" လို့ စဥ်းစားမိကောင်းလဲ စဥ်းစားမိပါလိမ့်မယ်။
လက်ရှိအချိန်ကာလရဲ့ အနေအထား၊ အသွားအလာ၊ စီးပွားရေး၊ ရောဂါအခြေအနေ၊ ကူးစပ်မှုနှုန်းထား၊ စားဝတ်နေရေး၊ နိုင်ငံရေး၊ အလုပ်အကိုင်၊ အချိန်ကာလအပေါ် မူတည်ဖြစ်ပေါ်လာတဲ့ စိတ်ခံစားချက်၊ စသဖြင့်တွေကိုကြည့်ရင် လူတိုင်း မလိုချင်၊ မကြုံချင်၊ မဖြစ်ချင်ကြတာကိုတော့ နားလည်ပါတယ်။ ဒီအရာတွေရဲ့ အဝေးဆုံးကိုသာ ပြေးထွက်သွားချင်တယ်လို့ ဆိုနေမိကြရင်လဲ ဆိုနေမိကြလိမ့်မယ်။
ဆာလံကျမ်း ၅၅:၆-၈
ငါသည် ချိုးငှက်ကဲ့သို့ အတောင်ကို ရပါစေသော။ ထိုသို့ရလျှင် အခြားသို့ပျံသွား၍၊ ငြိမ်ဝပ်လျက် နေလိမ့်မည်။
ဝေးစွာသွား၍ တောမှာ နေရာကျလိမ့်မည်။
ပြင်းစွာသော မိုးသက်မုန်တိုင်းနှင့် လွတ်ခြင်းငှာ၊ အလျင်အမြန် ပြေးလိမ့်မည်ဟု အကျွန်ုပ်စိတ်ရှိပါ၏။
ဒါဝိဒ်ကတော့ ချိုးငှက်ရဲ့အတောင်ကိုတောင်မှ လိုချင်မိတဲ့အထိ စိတ်ညစ်ခဲ့ရဖူးတယ်၊ ခံစားခဲ့ဖူးတယ်၊ နာကျဥ်ခဲ့ဖူးတယ်၊ နောက်ကျောကို ဓါးနဲ့ထိုးခြင်း၊ လူယုံ၏သစ္စာဖောက်ခြင်းကို ခံစားခဲ့ဖူးတယ်။ သေလောက်အောင်နာကျဥ်လွန်းလို့ အတောင်ပံသာရှိခဲ့မယ်ဆိုရင် သူဟာ ထိုအရာတွေရဲ့ အဝေးဆုံးကို ပျံထွက်သွားချင်တယ်လို့ ဆိုခဲ့ဖူးပါတယ်။ ဒီခံစားချက်တွေရဲ့အဝေးဆုံးကို ပျံထွက်သွားမယ်၊ တောအရပ်မှာဖြစ်ကောင်းဖြစ်မယ် သို့သော် တောနက်ကြီးဖြစ်နေရင်တောင်မှ ဒီအရာတွေနဲ့အဝေးဆုံးမှာ ငြိမ်ဝပ်စွာနေချင်ပါတယ်၊ တောမှာနေချင်နေရပါစေ ပျံထွက်သွားပြီးနေပစ်လိုက်မယ်။ တကယ်သာ အတောင်ပံတွေရှိနေမယ်ဆိုရင် ဒီအရာတွေရဲ့အဝေးဆုံးကို အမြန်ဆုံးပြေးထွက် ပျံတက်သွားလိုက်ချင်ပါတယ်လို့ ဆိုခဲ့ဖူးတာကို သတိရစေမိပါတယ်။
ဆာလံကျမ်း ၅၅:၂၂
ထမ်းရွက်ရသောဝန်ကို ထာဝရဘုရား၌ ချထားလော့။ သင့်ကို မစတော်မူမည်။ ဖြောင့်မတ်သောသူကို အစဉ်အမြဲ လှုပ်ရှားစေတော်မမူရာ။
ပျံတက်သွားချင်စိတ်၊ ထွက်ပြေးသွားချင်စိတ်၊ အခက်အခဲပြဿနာတွေရဲ့ ဝေးရာအရပ်မှာသာနေရာကျချင်တာ အမှားမဟုတ်ပါဘူး။ လူတစ်ယောက်အနေနဲ့ ဒါတွေကိုဘယ်ကြုံချင်ပါ့မလဲ။ ဒါဝိတ်ကိုတိုင်လဲ ပျံထွက်သွားချင်ခဲ့ဖူးပါတယ်။ သို့သော် ထိုစိတ်ရဲ့အောက်မှာတော့ မကျရှုံးခဲ့ဘူးဖြစ်တယ်။ နောက်ဆုံးမှာတော့ သူခံစားရတဲ့ ခံစားချက်တွေ၊ ပြဿနာတွေ၊ နာကျဥ်ခြင်းတွေ စသဖြင့်အကုန်လုံးကို ထာဝရဘုရား၌သာ ဝကွက်အပ်နှံလိုက်ခဲ့တယ်။ နောက်ဆုံးမှာတော့ အကျွန်ုပ်မူကား ကိုယ်တော်၌ ခိုလှုံပါမည်လို့ ဝန်ခံမြွက်ဆိုခဲ့သည်ကို တွေ့မြင်ရပါတယ်။
ကျွန်တော်တို့ ယုံကြည်သူအယောက်စီတိုင်ကလဲ လက်ရှိမှာ ပျံထွက်သွားချင်စိတ်ဖြစ်ပေါ်နေခဲ့ရင်တောင်မှ ဒါဝဒ်ကဲ့သို့ ထမ်းရွက်ရသော ဝန်တွေဖြစ်တဲ့ မိမိရဲ့ ခံစားချက်တွေ၊ စိတ်ပူပန်ခြင်း၊ ငိုကြွေးမြည်တမ်းခြင်း၊ နာကျဥ်ကြေကွဲခြင်း၊ အခက်အခဲပြဿနာ၊ မနက်ဖြန်ဆိုတာရဲ့ စိုးရိမ်စိတ်တွေ စသဖြင့် ထိုထိုသော ဝန်ထုတ်တွေကို ထာဝရဘုရား၌သာ အပ်နှံမိကြဖို့ရာ လိုအပ်တယ်ဆိုတာကို နားလည်ရပါတယ်။ ဝန်လေး၍ ပင်ပန်းသောသူအပေါင်းတို့ ငါ့ထံသို့ လာကြဟုဆိုသည့်အတိုင်း ယေရှုထံသို့သွား၍ ယေရှုထံ၌ နည်းခံကာ၊ ငါ့ဝန်သည်ပေါ့၏ ငါ့ထမ်းဘိုးသည် ထမ်းလွယ်၏ဟု ဆိုသည့်အတိုင်း ယေရှုခရစ်တော်၏ ထမ်းပိုးကိုသာ ထမ်း၍ အကျွန်ုပ်မူကား ကိုယ်တော်၌သာ ခိုလှုံပါမည်ဟု ဝန်ခံကြွေးကြော်နိုင်ကြသူများ ဖြစ်ကြပါစေလို့ အနည်းငယ် တိုက်တွန်းခွန်အားပေးချင်ပါတယ်။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet