မင်္ဂလာရှိသော ဆုံစည်းခြင်း

တင့်တယ်အမည်ရှိသော ဗိမာန်တော်တံခါးဝနားတွင် တောင်းစားလေ့ရှိသော သူတောင်းစားတစ်ဦးသည် အမိဝမ်းတွင်းကပင် ခြေမစွမ်းသောသူဖြစ်သည်။ သူတစ်ပါးကို အမြဲအားကိုး၍ ထိုနေရာသို့ လာရောက်တောင်းစားလေ့ရှိတယ် ဆိုတာကိုမြင်တွေ့ရပါတယ်။ တစ်နေ့မှာ ပေတရုနဲ့ယောဟန်တို့ကို တွေ့တဲ့အခါမှာ စွန့်ကြဲပေးကမ်းမည်အထင်နှင့် ထုံးစံအတိုင်းတောင်းပါတော့တယ်။ ပေတရုနှင့်ယောဟန်က ငါတို့ကိုကြည့်ပါဟုဆိုရာတွင်လည်း တစ်စုံတစ်ခုကိုရမည်စိတ်ထင်နှင့် ကြည့်သော်လည်း ပေတရုက ငါမှာ့ ရွှေမရှိဘူး၊ ငွေမရှိဘူး၊ နာဇရက်မြို့သား ယေရုနာမ၌ ထ၍လှမ်းသွားပါလို့ဆိုတဲ့အခါမှာ သူဟာထ၍၊ သွားလျှက် ခုန်လျက်၊ ဘုရားသခင်၏နာမတော်ကို ချီးမွမ်းလျှင် တမန်တော်တွေနဲ့အတူ ဗိမာန်တော်ထဲကိုဝင်တယ်ဆိုတာကို မြင်တွေ့ရပါတယ်။
ဒီတံခါးရှေ့မှာ တောင်းစားနေကြဖြစ်တဲ့ ခြေမစွမ်းသူနဲ့ ပေတရု၊ ယောဟန်တို့၏ တွေ့ဆုံရခြင်း၊ ဆုံစည်းရခြင်းမှာ မင်္ဂလာရှိသောဆုံစည်းခြင်းဖြစ်ပါတယ်။ ပြောင်းလဲသွားသောအသက်တာမှာ တောင်းစားနေရာမှ၊ ငွေရဖို့သာတောင်းတတ်သောသူသည် ဘုရားသခင်၏ကျေးဇူးတော်ကိုချီးမွမ်းတတ်လာရုံမကသေးဘဲ ရှေးဦးစွာ ဗိမာန်တော်ကိုဝင်တယ်ဆိုတာကိုမြင်တွေ့ရသလို ဘုရားသခင်ကိုဦးစားပေးသော အသက်တာဖြစ်လာတယ်လို့ ဆင်ခြင်ရပါတယ်။
ရှင်ပေါလုဟာ ခရစ်ယာန်တွေကိုညှဥ်းပန်းသောသူ၊ ဖမ်းဆီးနှိပ်စက်လေ့ရှိသောသူ၊ ထောင်ချသောသူ စသဖြင့် စိတ်အားကြီးသောဖာရိရှဲတစ်ဦးဖြစ်ပါတယ်။ သို့သော် ယေရှုခရစ်တော်နှင့် တွေ့ဆုံပြီးတဲ့အခါမှာတော့ သူ့ရဲ့အသက်တာဟာ ဘယ်သူမှထင်မထားရလောက်အောင် ပြောင်းလဲကာ အစေခံသူအဖြစ်မြင်တွေ့ရပါတယ်။ ယေရှုနာမကြောင့် အဖမ်းခံရတယ်၊ ဧဝံဂေလိတရားကြောင့် နှိပ်စက်ခံရတယ်၊ အရင်ကတော့ ကောင်းစားတယ် သို့သော် နာမတော်ကြောင့် ဆင်းရဲခံရတယ်၊ အစာငတ်ခြင်းအကြိမ်ကြိမ်ကြုံရတယ်၊ ပင်လယ်ကူးခြင်းမှာ သင်္ဘောပျက်ခြင်းဘေး၊ ဓါးပြဘေး စသဖြင့် ကြုံရတာတွေရှိတာတောင်မှ အပြုံးမပျက်ခဲ့ပါ။
ကောရိန်သုဩဝါဒစာ ဒုတိယစောင် ၅:၁၇
လူမည်သည်ကား၊ ခရစ်တော်၌ရှိလျှင် အသစ် ပြုပြင်သောသတ္တဝါဖြစ်၏။ ဟောင်းသောအရာ တို့သည်ပြောင်းလဲ၍ ခပ်သိမ်းသောအရာတို့သည် အသစ်ဖြစ်ကြပြီ။
ဒါ့ကြောင့် ရှင်ပေါလုသည် အထက်က ဆိုးသောသူ၊ အသင်းတော်ကိုညှဥ်းပန်းသောသူ၊ စိတ်အားကြီးသော ဖာရိရှဲတစ်ဦးဖြစ်သော်လည်း ယေရှုခရစ်တော်နှင့်တွေ့တဲ့အခါမှာ ဘယ်သူမှထင်မထားရလောက်အောင် အသက်တာဟာ ပြောင်းလဲတယ်ဆိုတာကို တွေ့ရပါတယ်။ ဒီတွေ့ဆုံရခြင်း၊ ဆုံစည်းခြင်းသည်လည်း မင်္ဂလာရှိပြန်ပါတယ်။
ကျွန်တော်တို့နှင့် တွေ့ဆုံကြသော သူတွေအတွက်ရော မင်္ဂလာရှိပါရဲ့လားလို့ ဆင်ခြင်ဖို့ရာလိုအပ်လာပါတော့တယ်။ အချုပ်အားဖြင့်ဆိုရသော် ယေရှုနှင့်တွေ့ဆုံသောသူတွေသည် တကယ်ကို အသက်တာပြောင်းလဲတာကိုမြင်တွေ့ရပါတယ်၊ ရှင်ပေါလု၏အသက်တာကို ကြည့်ပါ၊ တမန်တော်တွေကိုကြည့်ပါ၊ အခြားသော အသက်တာပြောင်းလဲလာသူတွေကိုကြည့်ပါ၊ သင့်အနီးအနားမှာ အသက်တာပြောင်းလဲသူတွေကိုကြည့်ပါ တကယ်ကို ယေရှုနှင့်တွေ့ရင်၊ ယေရှုကိုရရင် အသက်တာပြောင်းလဲသောကြောင့် မင်္ဂလာရှိသော ဆုံစည်းခြင်းဖြစ်ပါတယ်လို့ အနည်းငယ်ဝေမျှခွန်အားပေးချင်ပါတယ်။ ဒီတော့ ကျွန်တော့်ရဲ့ မေးခွန်းတစ်ခုကတော့ ချစ်သောမိတ်တွေ သင်ရော ယေရှုနှင့်တွေ့ခဲ့ပြီးပြီလား ?
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet