December 23, 2024

ပဋိပက္ခ - ၂၇

လူသားတို့၏ သဘောသဘာဝအရ ကျွန်တော်တို့ အယောက်စီတိုင်းသည် စိတ်ခံစားချက်အမျိုးမျိုးရှိကြသည်။ ထိုအပေါ်၌ မူတည်၍ အခြေအနေအမျိုးမျိုးတို့သည် ဖြစ်ပေါ်လာတတ်သေး၏။

တခါတခါ၌ စကားပြောသည့် လေသံ၊ လေယူလေသိမ်းပြောင်းလဲသည်၊ တခါတရံ အမူအရာ စသဖြင့် အပြုအမူ အပြောအဆို ပုံစံအနေအထား အမျိုးမျိုးဖြစ်လေ့ရှိကြသည်။

ထိုသဘောတရားများသည် ယနေ့ မိမိတို့၏ ခံစားချက် တစ်ခုခုအပေါ်မူတည်၍ ပေါင်းသင်းဆက်ဆံရေး၌သော်လည်းကောင်း၊ လုပ်ငန်းခွင်၌သော်လည်းကောင်း၊ အသင်းတော်၊ မိသားစု စသဖြင့် ပဋိပက္ခမုန်တိုင်းအဖြစ်သို့ ဦးတည်လာတတ်သော လေဖိအားနည်းရပ်ဝန်းတစ်ခုပင် ...

၎င်းလေဖိအားနည်းရပ်ဝန်းသည် ကျွန်တော်တို့၏ ခက်ထန်သောစိတ်၊ မာကြောသော လေသံ၊ အဆင်မပြေသော အမူအရာတို့၏ အားပေးမှုကြောင့် ပဋိပက္ခ မုန်တိုင်းကြီးထွားတတ်ပေသည် မဟုတ်ပါလား ...

ဖိလိပ္ပိဩဝါဒစာ ၄:၅
 လူအပေါင်းတို့ရှေ့၌ သင်တို့၏ ဖြည့်ညှင်းခြင်း သဘောကို ထင်ရှားစေကြလော့။ 

ယနေ့ အများစုသော ပဋိပက္ခတို့သည် ထိုသဘောမရှိခြင်းကြောင့်ပင်ဖြစ်သည်ကို နားလည်ရပါသည်။ ထို့ကြောင့် မိသားစု၌ဖြစ်စေ၊ အသင်းတော်၌ဖြစ်စေ၊ လုပ်ငန်းခွင်၌ဖြစ်စေ ၎င်းမုန်တိုင်းအား ကာကွယ်နိုင်ရန်၊ လျော့ပါးစေရန် ကျွန်ုပ်တို့၏ ဖြေးညှင်းသော သဘောအား မရှိမဖြစ် လိုအပ်ပေသည်ဟု ဆင်ခြင်ရင်း ...

ဘုရားရှင်ဆက်လက်စကားပြောပါစေ။

#Titus_KyawNyi

Photo Crd: Internet

Previous Next